ဆုတောင်းပြည့်ကျိုက်ပွန်ဘုရားကြီးသမိုင်း
(က) ကျိုက်ပွန်ဆိုသည်မှာ မွန်ဘာသာစကားဖြစ်၍ မြန်မာဘာသာအားဖြင့် ဘုရားကြီးလေးဆူအားရည်စူး၍ တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်ကြီး
(၄)ဆူဖြစ်ပါသည်။
ကျိုက် – ဘုရား
ပွန် – ၄
(ခ) ဘုရား(၄)ဆူဆိုသည်ကာ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားကြီး(၄)ဆူဖြစ်ပါသည်။
(၁) (အရှေ့ဘက်မျက်နှာဘုရား) ကကုသန္ဓမြတ်စွာဘုရား
(၂) (တောင်ဘက်မျက်နှာဘုရား) ကောဏဂမနမြတ်စွာဘုရား
(၃) (အနောက်ဘက်မျက်နှာဘုရား) ကဿပမြတ်စွာဘုရား
(၄) (မြောက်ဘက်မျက်နှာဘုရား) ဂေါတမမြတ်စွာဘုရား
(ဂ) ဘုရားကြီးလေးဆူ၏ ကိန်းဝပ်တော်မူသည့်တည်နေရာမှာ – ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ပဲခူးမြို့၏အနောက်တောင်ဘက် ၂ မိုင် ၆ ဖာလုံအကွာ ပဲခူး-ရန်ကုန် ကားလမ်းမကြီး၏ အနောက်ဖက် ၃ ဖာလုံခန့်တွင်တည်ရှိပါသည်။
(ဃ) ဟံသာဝတီပြည့်ရှင်မင်းကြီးဖြစ်သော ဓမ္မစေတီမင်းကြီးသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးကုန်သော ဘုရားရှင်(၄)ဆူအား တစ်နေရာတည်း တွင် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ရုပ်ပွားတော်(၄)ဆူကိုတည်ထားရန် အကြံဖြစ်တော်မူသည်နှင့်အညီ မှူးမတ်ပညာရှိတို့အား သင့်လျော်မည့် နေရာကို တင်လျှောက်ရန် ပဲခူးမြစ်၏အရှေ့ဘက်တွင်တည်းထားပါက မင်းကြီး၏အလိုနှင့်မကိုက်ညီရှိလေရာ ပဲခူးမြို့၏အနောက်ဘက် သဲကုန်း တန်းအရပ်၌ သမိင်စက္ကဝါဒေဦးဆောင်၍ မှူးမတ်အပေါင်းတို့နှင့်အတူ ဒါလီစန်း၏မြောက်ဘက်အမြင့်ဆုံးဖြစ်သော ကုန်းမြင့်ပေါ်တွင်တည်ထား ရန် သင့်မြတ်လှပါကြောင်း မင်းကြီးအားလျှောက်ထားခဲ့ရာ မင်းကြီးလည်း ကိုယ်တော်တိုင် ဆင်ဖြူတော်စီးလျှက် ကြွရောက်ကြည့်ရှု့စုံစမ်းလေ၏။
(င) ဤကုန်းမြေသည် ဂဝံကျောက်စရစ်တို့ဖြင့် ခိုင်ခန့်သော အနေအထားဖြစ်ပြီး တောင်ဘက်တွင် ဒါလီစန်းချောင်းမှ အေးမြသောစမ်းရေတသွင်သွင် စီးဆင်းလျက်ရှိခြင်း၊ အနောက်ဘက်တွင် ညီညာသော ကုန်းမြေရှိခြင်း၊ မြောက်ဘက်တွင် စိမ့်စမ်းလှိျုမြောင်နိမ့်တုံမြင့်တုံရှုချင်စဖွယ်ရှိခြင်း၊ အရှေ့ ဘက်တွင် မြေနိမ့်ရာသို့ဆင်ခြေလျောဆင်းရှု့ခင်းသာတို့ရှိခြင်းတို့ကြောင့် အလွန်သင့်လျှော်သော နေရာပေတကာဟု မင်းကြီးဝမ်းမြောက်တော်မူ ၏။
(စ) ဓမ္မစေတီမင်းတရားကြီးသည် ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ် အရပ်ရပ်တို့ခင်းကျင်းလျှက် ဟံသာဝတီရွှေနန်းတော်မှ ထွက်တော်မူပြီး၊ ဘုရား ၄ ဆူ ရုပ်ပွားတော်များတည်ထားမည့်ကုန်းတော်၏ အရှေ့ဘက်တည့်တည့်အရပ်တွင်ရှိသော (ယခု ကျိုက်သလ္လာဘုန်းကြီးကျောင်း)အနီးအရပ်တွင် တပ်စခန်းချ တော်မူပြီး တည်ထားကိုးကွယ်မည့်မြေနေရာအား မြေညှိခြင်း၊ အလွန်ခိုင်ခန့်ရင့်မာသောဂဝံကျောက်တို့ဖြင့် ကျောက်မြစ်ချခြင်း၊ ဖိနပ်တော်ဇင်္ဂဘော်ခုံကို ဂဝံကျောက်ပြားတို့ဖြင့် သေချာစွာစီစေခြင်း၊ တည်ဆောက်မည့်ဘုရား(၄)ဆူ၏ ကျောမှီရာမဏ္ဍိုင်တံကဲတော်နှင့် အထွဋ် စေတီတော်တို့တည်ထားရန် ပန်းပု ပန်းရံတို့အား ပုံစံတော်ငယ်အဆူ(၁၀၀)ကျော်အနက် ကြည်ညိုသပ္ပါယ်လှစွာသော ပုံစံငယ်တစ်ဆူရွေးချယ် တော်မူခဲ့ပါသည်။
(ဆ) ဓမ္မစေတီမင်းတရားကြီးရွေးချယ်ထားသောပုံစံတော်ငယ်အတိုင်း ဉာဏ်တော်အတောင်(၄၀)ရှိသော ထိုင်တော်မူဘုရားကြီး(၄)ဆူနှင့် ကျောမှီရာ အတောင်(၈၀)ရှိသော တံကဲမဏ္ဍိုင်တော်ကြီးနှင့် အထွဋ်စေတီတော်ငယ်တို့အား သက္ကရာဇ်(၈၃၇)ခုနှစ်၊ တပို့တွဲလဆုတ်(၁)ရက်၊ ကြာသပတေးနေ့ တွင်စတင် ၏ဠာပနာတိုက် တည်ဆောက်တော်မူခဲ့ပါသည်။
(ဇ) ရုပ်ပွားတော်(၄)ဆူရုပ်လုံဖော်ရာတွင် ပုခုံးတော်များ၊ မေးရိုးတော်များ၊ နားရွက်တော်များ၊ လက်မောင်းတော်များအတွင်း ကျွန်းသားဘောင်ကြီးများ ထည့်သွင်းရုပ်လုံဖော်ထားခြင်း၊ ရုပ်ပွားတော်(၄)ဆူ ကျောမှီရာ တံကဲမဏ္ဍိုင်တော်အား ၈ လက်မလေးမြှောင့် အလျား ၂ ပေ ဂဝံကျောက်တုံးကြီး များ ၂ပေခြားအကွက်ကျကျက အဆင့်လိုက်ထောင်လျက် ထည့်သွင်းပြီး အုတ်များဖြင့် ချုပ်ထိန်းထားခဲ့ပါသည်။
(ဈ) ဘုရားတန်ဆောင်းကြီးများကိုလဲ လှပစွာတည်တောက်ပြီး(အရှေ့အနောက်) အတောင်(၇၀၀)၊ (တောင်မြောက်) အတောင်(၇၀၀)၊ (အပြင်မဟာရံ တံတိုင်းကြီး)နှင့် (အရှေ့အနောက်)အတောင်(၃၅၀)၊ တောင်မြောက်အတောင်(၃၅၀)(အတွင်းမဟာရံတံတိုင်းကြီး)များ တည်ဆောက်ခဲ့ပါသည်။
(ည) ကျိုက်ပွန်ဘုရားကြီးတည်ဆောက်ရာတွင် အမတ်ဒိန်ကိုအချုပ်ပြုလုပ်၍ မှူးမတ်များအား မင်းကြီးကိုယ်တော်တိုင် ကြီးကြပ်ပြီး၊ လူအပေါင်း (တစ်သောင်း)နှင့်အတူ (၇)လအတွင်း တည်ဆောက်ခဲ့ရာ သက္ကရာဇ်(၈၃၈)ခုနှစ်၊ ကဆုန်လဆန်း(၁၄)ရက် စနေနေ့တွင်ပြီးစီးခဲ့ပြီး၊ ကဆုန်လပြည့် နေ့တွင် မင်းကြီးကိုယ်တော်တိုင်ထီးတော်တင်လှူခဲ့ပြီး၊ ကဆုန်လပြည့်နေ့တွင်ပင် သံဃာအပါး(၄၀၀)ပင့်၍ ဘုရားအနေကဇာတင်တော်မူ၍ ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး စည်းကားသိုက်မြိုက်စွာ ပွဲလမ်းသဘင်များဖြင့် ကျင်းပခဲ့ပါသည်။
(ဋ) ကျိုက်ပွန်ဘုရားကြီးတည်ဆောက်ရန် နမူနာပုံစံငယ်(၁၀၀)ကျော်အား ရာဟုထောင့်(အပြင်မဟာရံတံတိုင်း)အပြင်ဘက်တွင် ဠာပနာတော်မူ၍ စေတီတစ်ဆူတည်ထားခဲ့ပါသည်။
(ဌ) ဓမ္မစေတီမင်းတရားကြီး၏ ကျောက်စာတိုင်အား ဘုရားကြီး၏ အင်္ဂါထောင့် ဇင်္ဂဘော်ခုံနှင့်ပေ(၁၀၀)အကွာတွင် “ကျိုက်ပွန်ကျောက်စာ” အား မွန်ဘာသာဖြင့်ရေးထိုးတည်ဆောက်ခဲ့ပါသည်။
(က) သက္ကရာဇ်(၉၀၄)ခုနှစ်တွင် ကျိုက်ပွန်ရုပ်ပွားတော်မြတ်ကြိးလေးဆူအား “ မင်းတရားရွှေတီး” မှ ရွေသင်္ကန်းတော်များကို အသစ်ဆက်ကပ်ပူးဇော် ခဲ့ပါသည်။
(ခ) သက္ကရာဇ်(၉၂၄)ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးမှ ကျိုက်ပွန်တန်ဆောင်းတော်ကြီးအား သံမှို၊ သံမြှောင်၊ သံမယ်နုများဖြင့် ခိုင်ခံစွာပြုပြင်၍ ရွှေပိန်းချတော်မူခဲ့ပါသည်။ သက္ကရာဇ်(၉၂၉)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၆)ရက်တွင် (၇)ရက်တိုင်တိုင် မြေငလျင်လှုပ်ခဲ့ရာ ကျိုက်ပွန်ဘုရားကြီး အထွဋ်စေတီပြိုကျ၍ ပြန်လည်ပြုပြင်ခဲ့ရာ သက္ကရာဇ်(၉၂၆)ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်တွင်ပြီးစီး၍ မင်းကြီးကိုယ်တော်တိုင် ထီးတော်အသစ် တင်လှူခဲ့ပါသည်။
(ဂ) သက္ကရာဇ်(၉၅၂)ခုနှစ်၊ တော်သလင်းလတွင် လှုပ်သောငလျင်ဒါဏ်ကြောင့် ကျိုက်ပွန်ရုပ်ပွားတော်ကြီးများမြေခသည်ကို ငါးဆူဒါယကာနန္ဒဘုရင်သည်ပြုပြင် ၍ သက္ကရာဇ်(၉၅၃)ခုနှစ်၊ ဝါဆိုလတွင် ထီးတော်အသစ်တင်လှူတော်မူခဲ့ပါသည်။
(ဃ) သက္ကရာဇ်(၉၆၂)ခုနှစ်၊ တန်ခူးလတွင် ဟံသာဝတီနေပြည်တော်အား ရခိုင်တပ်သားများက တိုက်ခိုက်ပြီး၊ ကျိုက်ပွန်ဘုရားတန်ဆောင်းတော်ကြီး အား မီးရှို့ဖျက်ဆီးပြီး၊ ဘုရင့်နောင်မင်းတရားကြီးမှ ပိုမိုခိုင်ခန့်အောင်ပြုလုပ်ခဲ့သော သံမှို၊ သံမြှောင်၊ သံမယ်နုများအား ကောက်ယူ၍ ရခိုင်ပြည်သို့ သယ်ဆောင်ခဲ့သဖြင့် ဘုရားကြီးလေးဆူမှာ ယနေ့တိုင်နေပူ၊ မိုးရွာသည့်ဒဏ်ခံနေရပါသည်။ သက္ကရာဇ်(၉၆၃)ခုနှစ်တွင် နိဗ္ဗာန်ကလှိုင်သိမ်ကျောင်း ဆရာတော်နှင့်တပည့်ဒါယကာ၊ ဒါယိကာမတို့မှ အင်္ဂတေအသစ်ဆက်ကပ်၍ အထွဋ်စေတီအား ထီးတော်အသစ်တင်လှူခဲ့ပါသည်။
(င) သက္ကရာဇ်(၁၀၅၈)ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ တနင်္လာနေ့တွင် လှုပ်ခဲ့သော ငလျင်ဒါဏ်ကြောင့် အထွဋ်စေတီတော်ပြိုကျပျက်စီးခဲ့ခြင်းကြောင့် ဘုရားအလုပ်အကျွေးများက ဘုရားမြေဆီခမှရရှိသော ငွေကြေးဖြင့် အထွဋ်စေတီအား အသစ်ပြုပြင်၍ ထီးတော်အသစ်တင်လှူခဲ့ပါသည်။
(စ) သက္ကရာဇ်(၁၂၀၄)ခုနှစ်တွင် အင်္ဂလိပ်တို့ ပဲခူးမြို့ကိုသိမ်းပိုက်သဖြင့် ဘုရားအလုပ်အကျွေးတို့က ဘုရားကြီးအား စွန်ခွာထွက်ပြေးခဲ့ပြီး သက္ကရာဇ် (၁၂၄၀)ပြည့်နှစ် ငလျင်ဒဏ်ကြောင့် အထွဋ်စေတီခေါင်းလောင်းပုံအထိပြိုကျပြီး ဘုရားကြီးလေးဆူမှာလည်း ခေါင်းတော်ပဲ့၊ လက်မောင်းတော်ပြုတ်၊ ပုခုံတော်ပဲ့ပြီး ပြုပြင်သူမရှိခဲ့ပဲ စံတော်မူနေရပါသည်။
(ဆ) ခရစ်သက္ကရာဇ်(၁၉၀၁)ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၂၆၃)ခုနှစ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပဲခူးနယ်လယ်ဝန်နှင့် မြေစာရင်းဌာနအရာထမ်း၊ အမှုထမ်းများက “ ကျိုက်ပွန်ဘုရားကြီးပြုပြင်ရေးနှင့် သာသနာ့ဝေယျာဝစ္စအဖွဲ့” ဖွဲ့စည်းခဲ့ပြီး၊ ထိုအဖွဲ့မှ အရှေ့ဘက်မုခ် ရုပ်ပွားတော်ကြီးအား ပြန်လည်ပြုပြင်ခဲ့ပါသည်(၁၉၃၂)ခုနှစ်တွင် ခရိုင်လယ်ဝန်ကြီး(RC Barber)ဦးဆောင်၍ ပျက်စီးယိုယွင်းနေသော အရှေ့ဘက်မုခ် ရုပ်ပွားတော်ကြီးအား အားကြိုးမာန်တက် ပြုပြင်ခဲ့ကြပါသည်။ ကျိုက်ပွန်ဘုရားကြီး(၄)ဆူအနက် တောင်ဘက်ရုပ်ပွားတော်မြတ်ကြီးအား ပဲခူးမြို့၊ ပန်းလှိုင်(၂၁)လမ်းနေ ဦးရွှေမျှင်+ဒေါ်ပူးတို့၏ သမီးထွေးဒေါ်ဒွေးမှလည်းကောင်း၊ အနောက်ဘက်ရုပ်ပွားတော်ကြီးအား ဦးရွှေမျှင်+ဒေါ်ပူး၏သမီးလတ် ဒေါ်သိုင်းချုံမှလည်းကောင်း၊ ဘုရားကြီး၏အထွဋ်စေတီတော်အား ပဲခူးမြို့သူမြို့သားများစုပေါင်း၍လည်းကောင်း၊ အသီးသီးပြုပြင်တည်ဆောက်ပြီး ပဲခူးတိုင်းကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန” ကျိုက်ပွန်ဘုရားကြီးပြုပြင်ရေးနှင့် သာသနာ့ဝေယျာဝစ္စအဖွဲ့” မှ အစစအရာရာ ကူညီဆောင်ရွက်ပေး ခဲ့ပါသည်။
(ဇ) (၁၉၀၁)ခုနှစ်မှစ၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပဲခူးခရိုင်မှ “ ကျိုက်ပွန်ဘုရားကြီးပြုပြင်ရေးနှင့် သာသနာ့ဝေယျာဝစ္စအဖွဲ့” သည် ကျိုက်ပွန် ဘုရားကြီးနှင့် ဘုရားပုရာဝုဏ်အတွင်းရှိ အဆောက်အအုံ၊ ရေ၊ မီး၊ အင်ဂျင်စက်များမပျက်စီးစေရန်နှင့် အဖက်ဖက်မှပြင်ဆင်သွားရန်အတွက် လစဉ် ကြေးငွေများ လယ်ဝန်ကြီးမှရုံးလုလင်အထိ လစဉ်ကြေးငွေထည့်ဝင်လှူဒါန်းငွေများဖြင့် နှစ်စဉ်ကဆုန်လပြည့်နေ့ ဘုရားပွဲတော်ကြီးကိုလည်း “ကျိုက်ပွန်ဘုရားကြီးပြုပြင်ရေးနှင့် သာသနာ့ဝေယျာဝစ္စအဖွဲ့” ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင် ရွက်ခဲ့ပါသည်။
(ဈ) ၁၉၄၅ ခုနှစ်တွင် ဂျပန်စစ်တပ်ကိုတိုက်ထုတ်ရန် ဗြိတိသျှစစ်တပ်၏ တပ်ခွဲအမှတ်(၈၇)အိနိ္ဒယတပ်သည် ဂျပန်စစ်သားအကြွင်း၊ အကျန်များ သုတ်သင်ရန်ဆိုပြီး၊ ကျိုက်ပွန်ဘုရားအတွင်းသို့ဝင်ရောက်ခါ အနောက်ဖက်ကဿပရုပ်ပွားတော်ကြီးအား ဠာပနာလိုချင်၍ ရင်ဝကိုဖောက်ဖျက်ကြ သည်။ ကျိုက်ပွန်မင်းကျောင်းဆရာတော်နှင့်အဖွဲ့မှ မဟာမိတ်တပ်ထိန်းများအား တိုင်ကြားရာ ဆက်လက်အဖျက်မခံရသော်လည်း အထက်ပိုင်း ပြိုကျပျက်စီးသွားခဲ့ပါသည်။
(ည) ဒုတိယကမ္ဘာစစ်ပြီးသောအခါ စစ်အတွင်း ကြေးစားစစ်သားများ ဖျက်ဆီးသွားသော အနောက်ဖက်ရုပ်ပွားတော်ကြီးအတွက် အင်္ဂလိပ်အစိုးရက ပေးသောလျော်ကြေးငွေနှင့် မြေစာရင်းအဖွဲ့ပိုင်ငွေတို့ဖြင့် အုတ်မဏ္ဍိုင်တံကဲတော်ကြီးပြုပြင်တည်ဆောက်ခဲ့ပါသော်လည်း ရုပ်ပွားတော်ကြီးများ အား ပြန်လည်ပြုပြင်ရန်တတ်နိုင်ခြင်းမရှိတော့ပါ။
(ဋ) ၁၉၇၄ခုနှစ်တွင် ကလေးဝဆရာတော်ဘုရားကြီးဦးစီးသော စေတနာရှင်များမှ ကျိုက်ပွန်ဘုရားကြီး အထွဋ်စေတီတော်အားပြန်လည်
တည်ထားသော်လည်း (၁.၄.၁၉၇၄)ရက်နေ့တွင် ထိုစေတီငယ်နှင့် အနောက်ဘက်အုတ်မဏ္ဍိုင်တံကဲတော်ကြီးပြန်လည်ပြိုကျပျက်စီးခဲ့
ပါသည်။(ဌ) ၁၉၇၅ခုနှစ်တွင် “ကျိုက်ပွန်ဘုရားကြီးပြုပြင်ရေးနှင့် သာသနာ့ဝေယျာဝစ္စအဖွဲ့” ဥက္ကဠ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဂွမ်ရှိန်မှ ကျိုက်ပွန်ဘုရားကြီး၏အနှစ်(၅၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြိုကျပျက်စီးနေသော အနောက်ဘက်ကဿပရုပ်ပွားတော် မြတ်ကြီးအား ပြန်လည်ပြုပြင်ရန် ပန္နက်ရိုက်အုတ်မြစ်ချခဲ့ပြီး၊ (၂.၇.၁၉၈၅)ခုနှစ်ပြီးမြောက်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ (၁၂.၂.၁၉၇၇)ခုနှစ်တွင် ပဲခူးတိုင်း(၂၈)မြို့နယ်ပါဝင်ဖွဲ့စည်းခြင်းနှင့် တိုင်းဦးစီးဌာနမှူးမှ ဥက္ကဌအဖြစ်ရွေးချယ်ရန် ဆုံးဖြတ်ပြီး၊ ဥက္ကဌ(ပဲခူးတိုင်းဦးစီးဌာနမှူး)ဦးဆောင်၍ ဘုရားကြီးပြုပြင်တည်ဆောက်ရေးနှင့် ပွဲတော်ကျင်းပရေးများ ဆောင်ရွက်ခဲ့ပါ သည်။
(ဍ) ၂၀၀၀ပြည့်နှစ်၊ မတ်လတွင် ဗိုလ်မှူးသန်းဌေးဆိုင်မိသားစုမှ ကျိုက်ပွန်ဘုရားကြီး၏ အထွဋ်စေတီတော်အား အသစ်ပြန်လည်တည်ထား ကိုးကွယ်ခဲ့ပါသည်။
(ဎ) ၂၀၀၃ခုနှစ်၊ နိုဝင်ဘာလတွင် အရှေ့ဘက်မုခ် ကကုသန္ဓရုပ်ပွားတော်ကြီးအား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အရာခံဗိုလ်(လှဖေ)(ငြိမ်း)+ ဒေါ်သန်းသန်း မိသားစုမှ ကျပ်ငွေသိန်း(၃၀) အကုန်အကျခံ၍ ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပါသည်။
(ဏ) ၂၀၁၀ခုနှစ်တွင် အနောက်ဘက်မုခ် ကဿပရုပ်ပွားတော်မြတ်ကြီးအား ကျိုက်ပွန်ဘုရားကြီး၏ ဂေါပကဥက္ကဠ(တိုင်းမြေစာရင်းဦးစီးဌာနမှူး ဦးဇော်မင်းဦးဆောင်သော ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်းအလှူငွေဖြင့် ကျပ်(သိန်း ၁၅၀)ခန့် အကုန်အကျခံ၍ ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပါသည်။
(တ) ထို့နောက် ကျိုက်ပွန်ဘုရားကြီး(၄)ဆူအား ကျိုက်ပွန်ဂေါပကအဖွဲ့မှ ဦးဆောင်၍ အရှေ့ဘက် ကကုသန္ဓ ရုပ်ပွားတော်မြတ်ကြီးအား ကမာစဲ စံပြကျေးရွာမှ ဦးအုန်းမြင့်+ဒေါ်ထွေးကြည်၊ ဦးဇော်နိုင်မြင့်+ဒေါ်ဝေဝေကြူ၊ ဦးရဲအောင်+Dr ခိုင်စံပယ်မြင့်၊ ဦးသန်းဇော်မြင့်+ဒေါ်ခင်မာလာစိုး မှလည်းကောင်း၊ တောင်ဘက် ကောဏဂမနရုပ်ပွားတော်မြတ်ကြီးအား ပဲခူးမြို့ ဖခင်ကြီးဦးတင်ရွှေအားရည်စူး၍ ဦးကျော်မိုးဝင်း(45) ဆေးမွှေး မိသားစုမှလည်းကောင်း၊ အနောက်ဘက် ကဿပရုပ်ပွားတော်မြတ်ကြီးအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဝန်ထမ်းများမှ လည်းကောင်း၊ မြောက်ဘက်ဂေါတမရုပ်ပွားတော်မြတ်ကြီးအား ပဲခူးမြို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများမှ လည်းကောင်း(၃)နှစ်တစ်ကြိမ်ရောင်တော်ဖွင့် ရွှေသင်္ကန်းကပ်လှူခြင်းများပြုလုပ်ကြပါသည်။
ကဝိလက္ခဏာသုံးကျမ်းတွဲစာမျက်နှာ ၄၉၃ အမှတ်စဉ် ၂၄၁-သုံးဘုံသူလုံးတွင်ရေးသားထားသည့် “သိကြားမင်းဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရ
ဘုရား(၂၈)ဆူအနက် (၁၉)ဆူမြောက် “ အဟံဘန္တေ” ဘွဲ့တံဆိပ်တော်ရ ကျိုက်ပွန်ဘုရားကြီးဖြစ်ပါသည်။
အဟံဘန္တေဆိုသည်မှာ “အ” အရဟံတံ စတုန္နမ္ပိ၊
“ဟံ” ဟန္တာနံ ကိလေသာရယော။
“ဘ” ဘဂဝတံ သဒါဝန္ဒေ။
“တေ” တေဇဿီန ယသဿိနံ။
ဆုတောင်းဂါထာမှာ “ပုညေနာနေန သဗ္ဗမ္ပိ၊ သမိဇျ္စတု ယထိစ္ဆိတံ” (သုဒ္ဓပထျာဝတ္တဂါထာ)
အရဟံတံ၊ ပူဇော်သက္ကာအထူးကိုခံထိုက်ကုန်ထသော၊ ကိလေသာရယော၊ ကိလေသာဟူသော ရန်သူတို့ကို၊ အန္တာနံ၊ ဖျက်ဆီးတတ်ကုန်ထသော။
ဘဂဝတံ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံကုန်ထသော။ တေဇဿီနံ၊ တန်ခိုးအရှိန်အစော်ကြီးကုန်ထသော။ ယသဿီနံ၊ အခြံအရံများကုန်ထသော။
စတုန္နမ္ပိ၊ ဘုရားလေးဆူတို့အားလည်း သဒါ၊ အခါခပ်သိမ်း။ ဝန္နေ၊ ရှိခိုးပါ၏
အနေနပုညေန၊ ဤသို့ရှိခိုးသောကောင်းမှုကြောင့်။ သဗ္ဗမ္ပိ၊ အလုံးစုံသောဆုသည်လည်း။ ပထိစ္ဆိတံ၊ အလိုရှိတိုင်း။ သမိဇ္ဇတု၊ ပြည့်စုံပါစေသတည်း။
ဓမ္မစေတီမင်းကြီးသည် ကျိုက်ပွန်ကျောက်စာကို အလယ်ခေတ် မွန်အက္ခရာဖြင့် ရေးထိုးတော်မူခဲ့လေ၏။ မြန်မာဘာသာဖြင့် သိရှိရသည်မှာ
အောက်ပါအတိုင်းဖြစ်ပေသည်။
ဗုဒ္ဓကိုရှိခိုးပါ၏။ ။ကျေးဇူးတော်ရှင် သကျမုနိမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလွန်တော်မူသည်မှာ နှစ်ပေါင်း ၂၀၁၈- လွန်လတ်သော် သက္ကရာဇ် ၈၃၇-ခုတွင် တရားတော်အတိုင်း အုပ်ချုပ်တော်မူထသော ဆင်ဖြူအရှင်ဖြစ်တော်မူသော သီရိပရမမဟာဓမ္မရာဇာရာမာဓိပတိ တရားမင်းကြီး ၏ နှလုံးတော်တွင် ဤသို့သောအကြံတခုပေါ်လာ၏။
ဤငါတို့ကမ္ဘာ၌ ပွင့်ကုန်ကြသော ဉာဏ်တော်လေးဆယ်မြင့်သော ကကုသန္နဘုရာရှင် ရုပ်ပွားတော်တဆူ၊ ဉာဏ်တော်သံတောင် သုံးဆယ် မြင့်သော ကောဏဂမနဘုရားရှင် ရုပ်ပွားတော်တဆူ၊ ဉာဏ်တော် သံတောင် နှစ်ဆယ်ရှိသော ကဿပဘုရားရှင် ရုပ်ပွားတော်တဆူ၊ ဉာဏ်တော် သံတောင်တစ်ဆယ့်ရှစ်တောင်မြင့်သော ဂေါတမဘုရားရှင်၏ ရုပ်ပွားတော်တဆူ တည်ခဲ့သော် ရှေးဘုရားရှင်များ၏ လက်ထက်များက အတိုင်း အတာကို ဤခေတ်၌ တိုင်းထွာ၍မဖြစ်နိုင်သဖြင့် လူအများတို့ကဲ့ရဲ့ခြင်းမှ ကင်းလွတ်ရန် ဉာဏ်တော်တတိုင်းတည်းရှိသော ဘုရားရုပ်ပွားလေးဆူ ကိုငါတည်အံ့။ ရုပ်ပွားလေးဆူနှင့် ထိပ်စေတီအမြင့်သံတောင် ရှစ်ဆယ် တစ်မျက်နှာအကျယ် သံတောင်တရား၊ အမြင့်သံတောင်ခုနှစ်ဆယ်ရှိသော ဘုရားရုပ်ပွားတန်ဆောင်းကြီးကို ငါဆောက်အံ့ဟု ကြံတော်မူ၏။ ဤသို့ကြံပြီးနောက် သက္ကရာဇ် ၈၃၇-ခု၊ တပို့တွဲလဆုတ် ၁-ရက်၊ ကြာသပတေး နေ့ နက္ခတ်နှင့်လဂ်ယှဉ်သောအခါ၌ ဠာပနာတိုက်တည်ပြီးသည်။ ယင်းနှစ်နှောင်းတန်ခူးလဆန်း ၁၂-ရက်၊ ဗုဒ္ဓဟူးနေ့ နက္ခတ်နှင့် လဂ်ယှဉ်သော အခါ၌ တန်ဆောင်းတိုင်များကို စိုက်ထူကြသည်။ ဠာပနာရန်အချိန်ကျသောအခါ ဠာပနာတိုက်ကို အင်္ဂတေကျံသည် ပြီးသော် တန်ဆောင်းအပြင် ဘက်၌ မိန်းမယောက်ျားမဟူ ရာဇမတ်များကာကြသည် တန်ဆောင်းအတွင်း၌မူကာ အဝတ်ဖြူများတွဲလွဲဆွဲထားကြသည်။ တန်ဆောင်းကို ဤကဲ့သို့ ပြင်ဆင်ပြီးသော် အုဠ်မဏ္ဍိုင် ဠာပနာတိုက်တွင်လည်း လှပတင့်တယ်အောင်ပြင်ကြသည်။ ဠာပနာတိုက်ခန်းပတ်လည်တွင် ရေတကောင်း များတတန်း၊ ဆီမီးခွက်များတတန်း၊ ပလ္လင်ပေါ်ထွင်း ဖရောင်းတိုင်များတတန်း၊ အဆင့်ဆင့်ရစ်ဝိုင်းကာ တည်ကြသည်။ ကျိုက်ပွန်ဘုရားတည်ဆောက် နေသော ကာလပတ်လုံး မှူးမတ်သေနာပတိများနှင့်တကွ မင်းကြီးကိုယ်တိုင်ကြီးကြပ်တော်မူသည်။ ဠာပနာပွဲကျင်းပသောအခါ မင်းကြီး၏မိဖုရား၊ သမီးတော်၊ သားတော်၊ ဆွေတော်မျိုးတော် ကိုယ်လုပ်မောင်းမများလည်း လာရောက်ဆင်နွဲ့ကြသည်။ ပွဲသဘင်ကျင်းပပြီးသော် မင်းကြီးနှင်တကွမင်းပရိတ်သတ်တို့သည် ဠာပနာတိုက်သို့သွားကြ၍ ဘုရားသခင် ဓာတ်တော်များနှင့် ဆင်းတုတို့ကိုအဂ္ဂသာဝကနှစ်ပါးရုပ်တု၊ သာဝကရှစ်ဆယ် ရုပ်တု၊ အရဟန္တာထရ်ရုပ်တု၊ ဉပသကီဧတဒဂ္ဂတဆယ်ပါးရုပ်တု၊ ဘုရားရှင်မယ်တော်ရုပ်တု၊ ဘုရားရှင် ခမည်းတော်ရုပ်တုတစ်၊ ဤတစ်ရာ့တစ်ဆယ့်ရှစ် ရုပ်တု၊ သိကြားရုပ်တစ်၊ ဗြဟ္မာရုပ်တစ်၊ စတုလောကပါလနတ်ရုပ်လေး၊ မဟာပိသာနိုးနစ်ရုပ်တစ်၊ ပရမဟနတ်ရုပ်တစ်၊ သမိရနတ်ရုပ်တစ်၊ ဤနတ်ရုပ်များကို ကိုးဝါကြီးရဟန်များ၊ အရုပ်ငါးဆယ့်ကိုး၊ ဝါကြီးမယ်သီလများ၊ အရုပ်ရှစ်ဆယ့်ခုနှစ်တို့ကိုလည်း ပူးဇော်ပြီးနောက် ပတ်လည် ထည့်စေသည်။ ဘုရားရုပ်ပွားကြီးလေးဆူထားသော ပလ္လင်ခုံပတ်လည်တွင်လည်း ဘုရားသခင်အောင်တော်မူပြီးသော မာရ်စစ်သည်ရုပ်များမြေ ဖြင့်ဖုတ်၍ စဉ့်ရည်ကျံကာထား၏ ပလ္လင်အထက်တွင်လည်း ဘုရားရှင်ကိုကော်ရော်ရန် စကြာဝဠာတသောင်းမှ ရောက်လာကြသည့် နတ်သား နတ်သမီးရုပ်များကို သစ်သားမှာထွင်း၍ထုထား၏ အားလုံးသောတန်ဆောင်းတိုင်များကိုလည်း ရွှေမျက်ပါး ငွေမျက်ပါးချပေးသည်။ ဘုရားလေးဆူ နှင့် တန်ဆောင်းစေတီတည်းဆောက်သောကိစ္စအလုံးစုံသည် ၈၃၈ခု၊ ကဆုန်လဆန်း ၁၄ ရက်နေ့တွင်ပြီးသည်။ ယင်းလဆန်း ၁၅ ရက်၊ တနင်္ဂနွေ နေ့တွင် သံဃာအပါးလေးရာပင့်၍ ဆွမ်းကျွေးပြီး ပရိက္ခရာရှစ်ပါး၊ ကွမ်းသီး၊ ငြုပ်ကောင်း လဘက်ခြောက်များကို လှူတော်မူသည်။ ဘုရားကြီး လေးဆူကို သံဃာတော်လေးရာ ပရိတ်ရွတ်ကာ အနေကဇာတင်တော်မူပြီး ရာမာဓိပတိမင်းကြီးကိုယ်တိုင် ကျိုက်ပွန်စေတီ၊ ထီးတော်ကို တင်တော်မူသည့် ပွဲသဘင်ကြီးစွာခံတော်မူသည်။ ဘုရားအလုပ်အကျွေးတရာလှူသည်။ အကြီး၊ ငတိုင်စွာ၊ စာရေး ငတံစုတို့အုပ်ချုပ်ရ၏။
( ကျိုက်ပွန် ကျောက်စာမူရင်း၊ ပါဠိ၊ မြန်မာပြန်များကို လေ့လာသိရှိလိုက မွန်ကျောက်စာပေါင်းချုပ်(ရှေ့ဟောင်းယဉ်ကျေးမှုဌာန၊ ရန်ကုန်) တွင်လေ့လာနိုင်ပါသည်။