ဘုရားသမိုင်း
မြတ်ဗုဒ္ဓသည် နုစဉ်အခါက ဖြစ်တော်ပေါင်း(၁၃၆) ဘဝ တိုင်တိုင် ဖြစ်ခဲ့ဖူးကြောင်း၊ ကြက်မင်း ဘဝတွင် (၁၂)ဘဝ ဖြစ်ခဲ့ဖူးကြောင်း သိရှိရပါသည်။ ဒွါဒဿ ကြက်ဟူ၍ (၁၂)ဘဝ ဖြစ်စဉ်ထဲတွင် တစ်ခုသော ကြက်မင်းဘဝ၌ ယခုသမိုင်းဝင် မြတ်စောညီနောင် ကုန်းမြေတောနက်ထဲတွင် ညအိပ်တန်း ဝင်၍ နံနက်တွင် မြတ်စောညီနောင်တောမှ ယခု မြတ်မိုဃ်းကောင်းကုန်းမြေ ထိုမှတဆင့် အုတ်တွင်းမြို့ အနောက် ယခုရွှေကြက်ယက် ကုန်းမြေတွင် အစာရှာခြင်း၊ ထို့နောက် ရှင်ပင်ကြက်သောက် (သို့) ရှင်ပင်ကျောင်းဆောက်အမည်ရှိ နေရာများသို့တိုင် အစာရှာစားခြင်း၊ ထိုမှညနေစောင်းအချိန်တွင် လာခဲ့သည့်လမ်းအတိုင်း ပျံလာ၍ မြတ်မိုဃ်းကောင်းကုန်းမြေတွင် ခေတ္တနားပြီး မြတ်စောညီနောင် တောသို့ပြန်ကာ အိမ်တန်းတက်သည်ဖြစ်ကြောင်းတို့ကို ရှေးရှေးသမိုင်းများအရ ကြားသိခဲ့ရဖူးပါသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် သမိုင်းကြောင်း လက်လှမ်းမှီသည့် တောင်ငူ(ကေတုမတီ) ခေတ်တွင် တောင်ငူမြို့တည်နှစ် သက္ကရာဇ် ၈၇၂ ခုနှစ် ဝန်းကျင်၌ အုပ်ချုပ်စိုးစံသော တောင်ငူ (ကေတတုမတီ)ဘုရင် မင်းကြီးညို သည် စစ်မက်ရေးရာအတွက် ထိုခေတ်အခါ ကာလက လွန်စွာ အရေးပါလှသော တောဆင်ရိုင်းများ ဖမ်းယူရန်အတွက် တိုင်းခန်းပိုင်နက်နယ်မြေအတွင်း လှည့်လည် ရာတွင် ရှေးယခင်က ဆင်ရိုင်းများ ပေါများလှသည့် ယခုမြတ်မိုဃ်းကောင်း ဘုရားကုန်းနေရာသို့ စစ်အင်္ဂါပြည့်စုံစွာနှင့် တဲနန်းထိုး၍ စံမြန်းကာ အုတ်တွင်းနယ်တဝိုက်တွင် တောဆင်ရိုင်းများ ဖမ်းဆီး ခဲ့သည်ဟု သမိုင်းစကား ရှေးကဆိုခဲ့ဖူး၍တဆင့် လေ့လာမှတ်သားကြားသိခဲ့ရပါသည်။
မြတ်မိုဃ်းကောင်းဘုရားကြီးကုန်းမြေ၏ အရှေ့ဘက်တွင် စစ်တောင်းမြစ်ရှိ၍ ဒီဘက်ကမ်းသည် အုတ်တွင်းမြို့နယ်ပိုင်နက်ဖြစ်သည်။ အရှေ့ဘက်ကမ်းမှာ ထန်းတပင်မြို့ပိုက်နက်ဖြစ်သည်။ ဒီဘက် ကမ်းတွင် အုန်းပင်ကျေးရွာ၊ ဇီးဖြူခင် ထက်/အောက်ရွာနှင့် ရွာသစ်ဟု ရှေးက အမည်ရှိခဲ့သော ယခု အခေါ် ခပေါင်းစုရွာရှိသည်။ ထိုရွာနားတွင် နွေ၊ မိုး၊ ဆောင်း၊ ရေမခန်းသည့် အိုင်ကြီးရှိသည်။ ယခုတိုင် ထိုအင်း/အိုင်ကြီးကို ဆင်လူးအင်း ဟူ၍ ရှိနေသည်။ သို့ဖြစ်၍ မင်းကြီးညို သည် သံသယရှိ၍ ပညာရှိပုဂ္ဂိုလ်များကို မေးမြန်းရာ ပညာရှိများက လျှောက်တင်ရာတွင် ယခု အသင်မင်းကြီး တဲနန်းစိုက်ရာ မြေနေရာရှိ အစောင့်/အရှောက် ပုဂ္ဂိုလ်များက အသင်မင်းကြီးအား ကုသိုလ်ကောင်းမှုပြုလုပ်၍ အမျှအတန်း ပေးဝေစေလိုပါကြောင်း တွက်ကိန်းအရ တွေ့ရှိနေရပါကြောင်း လျှောက်တင်သဖြင့် မင်းကြီးမှ ဤမြေနေရာကို ရှင်းလင်းစေခဲ့ရာ စေတီငယ် အဟောင်းငုတ်ကို တွေ့ရှိခဲ့ရသဖြင့် တူးဖော်စေရာတွင် သရီရဓာတ်တော်များစွာကို တွေ့ရှိဖူးမြင်ရ သဖြင့် တောင်ငူ(ကေတုမတီ)မြို့သို့ မပြန်တော့ဘဲ မင်းကြီးအမိန့်ဖြင့် အများပြည်သူ ပေါင်းစုကာ စေတီဟောင်းအား ငုံ၍ ယခုလက်ရှိ ဖူးမြင်နေရသော ကြည်ညိုဖွယ် စေတီတော်မြတ်ကြီးကို တည်ထား ပူဇော်ခဲ့ကြောင်း ကြားသိမှတ်သားခဲ့ရပါသည်။ကေတုမတီ တောင်ငူမြို့ရှိ ရွှေဆံတော်ဘုရား သမိုင်းစာအုပ်တွင် တောင်ငူဘုရင် မင်းကြီးညို သည် ဘုရားစေတီတော်များ ပဲခူးနယ်ဘက်အထိ သာသနာပြု တည်ထားပူဇော်ခဲ့ဖူးသော မှတ်တမ်း များကို တွေ့ရှိမှတ်သားရပါသည်။ ယခု မြတ်မိုဃ်းကောင်း စေတီတော်ကိုလည်း ဘုရင် မင်းကြီးညို တည်ထားခဲ့သည်ဟု လက်ခံမှတ်ယူရမည်ဖြစ်ပေသည်။
ရှေးယခင်က သာသနာပြုမင်းများ တည်ထားကိုးကွယ်ခဲ့သော ပန်းရံ အနုပညာလက်ရာသည် စေတီတော်ရှိ ဘီလူးပန်းဆွဲရုပ်ပုံများ၊ ပန်းနွယ်ပန်းခက်များကို လေ့လာသုံးသပ်ကြည့်လျှင် အလွန် ပြောင်မြောက်လှပသော ပန်းရံအနုပညာ၊ ပန်းတမော့ အနုပညာလက်ရာများကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ယခုလည်း မြတ်မိုဃ်းကောင်း စေတီတော်ကြီး၏ ခေါင်းလောင်းတော် (သို့) သပိတ်မှောက် တော်တွင် ပူဇော်ထားသော ဘီလူးရုပ်ပုံများနှင့်တကွ ဂန္ဓကုဋိတိုက်တော်အတွင်းရှိ ပန်းနွယ်ပန်းခက် များ၏ ရုပ်ကြွအလှအပများသည် ရှေးရှေးလက်ရာများဖြစ်ကြောင်း တွေ့မြင်ဖူးမျှော်ရမည်ဖြစ်ပေသည်။ မြတ်မိုဃ်းကောင်းစေတီတော်နှင့် စစ်တောင်းမြစ်ကမ်းသည် ရှေးယခင်က ယခုလောက် မဝေးကွာကြောင်း ရှေး လူကြီးသူမများကဆိုကြသည်။ စစ်တောင်းမြစ်သည် ကာလကြာလာသည်နှင့်အမျှ သောင်များထွန်းပေါ်လျှက် အရှေ့ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားကြောင်း သိရပြီး ယခု တောချုံများရှင်းလင်း၍တွေ့ရှိရသော စေတီငယ်အဟောင်းပျက်သည် ရှေးယခင်က အလောင်းစည်သူမင်း တည်ထားခဲ့သော စေတီဟောင်းတစ်ဆူသာ ဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလောင်း စည်သူမင်းကြီး တည်ထားခဲ့သော စေတီငယ်များသည် စစ်တောင်းမြစ်ကမ်းပါးတို့တွင် များစွာတည်ရှိနေကြောင်း တွေ့မြင်နေရပေသည်။ကေတုမတီဘုရင် မင်းကြီးညို သည် စေတီတော် တည်မည့်နေရာကို မင်္ဂလာရေကန်တော်ကို တူး၍ ကုန်းမြေတော်ကိုဖို့ကာ စေတီတော်မြတ်ကြီးကို ထီးတော်မြတ်တင်လှူပြီး အနေကဇာတင်ပွဲတွင် ဤစေတီတော်မြတ်ကြီးသည် လွန်စွာသပ္ပာယ် ကြည်ညိုဖွယ်ရာနှင့်ပြည့်စုံပြီး မြေကောင်းနေရာကောင်း မိုးလေဝသလည်း ကောင်းမွန်သ ဖြင့် မိုဃ်းကောင်းစေတီတော်မြတ်ကြီးဟူ၍ ဘွဲ့တော်အမည်ဖြင့် ပူဇော်ကာ အနေကဇာတင်၍ အများဝေနေယျာပုဂ္ဂိုလ်အပေါင်းတို့အား ကျန်းမာ၍ ချမ်းသာစေကြောင်း ဘေးရန်အန္တရာယ်ဒုက္ခတို့မှ ကင်းဝေးပါစေကြောင်း၊ ယခုပြုရသော ကုသိုလ်ကောင်းမှု အပေါင်းတို့ကို ကျွန်ုပ်တို့နှင့်ထပ်တူ အမျှရကြပါစေကြောင်း ရေစက်ချ အမျှအတန်းပေးဝေ၍ သာသနာပြု တည်ထား ကိုးကွယ်ပူဇော်ခဲ့ပါကြောင်း ရှေးအစဉ်အဆက် မိဘ၊ ဘိုးဘွား၊ ဆရာသမားများ၏ မှတ်တမ်းတင် သမိုင်းရှေးစကားများအရ သဒ္ဓါအားရှိသ၍ ရေးသားပူဇော်လိုက်ရပါသည်။
ကျေးဇူးရှင် ဖခင် ကျောင်းဒါယကာကြီး (ဦးကြီးစိန်) + မိခင် ကျောင်းဒါယိကာမကြီး သီလရှင်ဆရာကြီး (ဒေါ်စန္ဒာသီရိ) တို့အား အမှူးထားရည်စူး၍ ဦးရဲတင့် + ဒေါ်ခင်လှလှ မိသားစု မန္တလေးမြို့နှင့် သားသမီးမြေးတပည့်များမှ ၁၃၇၇ ခုနှစ် နယုန်လပြည့် (၁.၆.၂၀၁၅) နေ့တွင် လှူဒါန်းသည်။
မြတ်မိုဃ်းကောင်းစေတီတော်မြတ်ကြီး၏ ပရဝုဏ်တွင် လွန်ခဲ့သော နှစ်ပေါင်း (၅၀)ခန့်က သီလရှင် ဆရာကြီး၊ ဆရာလေးများ မှီတင်းသီတင်းသုံး၍ တရားကျင့်ကြံရန် သီလရှင်ကျောင်းကို အလှူရှင် အများကောင်းမှုဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ ထိုစဉ်အခါမှစ၍ သီလရှင်များမှ စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စများကို ဆောင်ရွက်၍ တရားကျင့်ကြံ နေထိုင်ခဲ့ကြရာ ယခုလက်ရှိ သီလရှင် (၁၈) ပါးခန်းသီတင်းသုံးလျှက်ရှိပါသည်။
၁၃၈၃ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ ၁၆.၃.၂၀၂၂ နေ့တွင် အုတ်တွင်းမြို့ ပဲခူးလမ်း တောင်ပိုင်းနေ မိသားစုအလှူရှင်များက မိဘဘိုးဘွားများနှင့် မိခင်ကြီး ဒေါ်တင်မြ တို့အား အမှူးထား ရည်စူး၍ ဤဘဏ္ဍာတိုက်တော်အား လှူဒါန်းခဲ့ပါသည်။
၁၃၀၆ ခုနှစ်တွင် ဆရာကြီး ဦးသာနွဲ့အမှူးရှိသော ပါရမီရှင် စေတနာရှင်များ တည်ထားခဲ့သော လောကဓါတ်သာသနာ့ ဓါတ်တံခွန်စေတီတော်မြတ်ကြီးကို ၁၃၅၄ ခု တပို့တွဲလပြည့်ကျော် (၇)ရက် စနေနေ့တွင် ဦးဂုဏိတ ဦးဝိမလတို့ ဦးစီးလျက် မြန်မာပြည်အရပ်ရပ်မှ ပါရမီရှင်များ အမွေခံ ပြန်လည်ပြုပြင် ထီးတော် တင်လှူခဲ့ပါသည်။
၁၃၅၁ ခုနှစ်မှစ၍ မိုဃ်းကောင်းစေတီတော်အား ထူးကဲလွန်မြတ်သော ရောင်ခြည်တော် လွှတ်ခြင်းများ၊ မိုးခေါင်နေလျှင် စေတီတော်အား ရေသပ္ပာယ်၍ ဆုတောင်းလျှင် မိုးများရွာသွန်းခြင်း၊ အောင်မြေနေရာရှိခြင်း၊ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်များ စောင့်ရှောက်ကြခြင်းများ အစရှိသည့် ထူးကဲသော မြတ်ခြင်းများနှင့် ပြည်စုံသဖြင့် မြတ်မိုဃ်းကောင်း စေတီတော်ကြီးဟု ဘွဲ့တော်ဖြင့် ထပ်မံ ပူဇော်ခဲ့ခြင်းဖြစ်ပါကြောင်း နှစ်ပေါင်း (၅၀၀)ကျော် ရှိပြီးဖြစ်၍ အုတ်တွင်းမြို့နယ်၏ သမိုင်းဝင် စေတီဖြစ်ပါကြောင်း ရေးသားပူဇော်အပ်ပါသည်။
မင်္ဂလာရေကန်တော် အလျား ပေ(၂၀၀)၊ အနံ ပေ(၁၀၀)၊ အနက် ပေ(၃၀)ရှိပါသည်။ နတ်ရေတွင်းမှာ အဝန်း (၄)ပေခွဲရှိပြီး ရေတွင်းအနက်မှာ (၇၅)ပေ ရှိပြီး ကေတုမတီ တောင်ငူဘုရင်မှ သက္ကရာဇ် (၈၇၂)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ယခု ၁၃၈၆ ခုနှစ်အထိ နှစ်ပေါင်း (၅၁၄)နှစ်တိုင် သမိုင်းတွင်၍ တည်တံ့ခိုင်မြဲနေဆဲဖြစ်ပါသည်။
နတ်ရေတွင်း
နတ်ရေတွင်း၏ ထူးခြားအံ့ဘွယ်ဖြစ်ရပ်များရှိခဲ့ပါသည်။ ထူးခြားချက်မှာ ခေတ်အဆက်ဆက် ယနေ့တိုင်အောင် ရှင်၊ လူ၊ ရဟန်း ရေချိုးခြင်း မပြုလုပ်ခဲ့ခြင်း၊ အဝတ်လျှော်ခြင်း၊ ခြေဆေးခြင်းများ ပြုလုပ်၍ မရခြင်း၊ ပြုမိခဲ့သော် အဖြေရှာမရသည့် အဖြစ်ဆိုးများ တွေ့ကြုံခံစားရခြင်း၊ ပွဲပေး၍ ဝန်ချ တောင်းပန်မှသာ အခက်အခဲများ ပြန်လည်ပြေလည်သွားခြင်း စသည့် အကြောင်းတရားများ ယနေ့ ထက်တိုင် ဆက်လက်တည်ရှိနေပါသည်။
ကန်တော်မင်္ဂလာအတွင်း သုဓမ္မာဇရပ် (သို့) ဓါတ်ခန်းဆောင်ကို ရဲဘော်သုံးချိပ်ဝင် ဗိုလ်မှူး တာရာနှင့် စာရေးသူသည် တွေ့ဆုံခဲ့ဖူးသည်ဖြစ်၍ အဆိုပါ သုဓမ္မာကျောင်း (ဓါတ်ခန်း)အား ဝရမ်းပြေး ဘိုးသိန်း ဝတ္တုမှ စာရေးခဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါကြောင်း ကိုယ်တိုင်ပြောပြခဲ့ပါသည်။ ဗိုလ်မှူး တာရာသည် လေးကြိုးကိုင်ဖေနွဲ့(ဆရာကြီးသာနွဲ့)၊ ဝိဇ္ဇာပုဂ္ဂိုလ် ကြည်ညိုဆည်းကပ်သူတစ်ဦးဖြစ်၍ မိမိလုပ်အားခဖြင့် လေးကြိုးကိုင်ဖေနွဲ့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။