မြတ်မိုဃ်းကောင်းစေတီတော်မြတ်ကြီး

မြတ်ဗုဒ္ဓသည် နုစဉ်အခါက ဖြစ်တော်ပေါင်း (၁၃၆) ဘဝ တိုင်တိုင် ဖြစ်ခဲ့ဖူးကြောင်း၊ ကြက်မင်း ဘဝတွင် (၁၂)ဘဝ ဖြစ်ခဲ့ဖူးကြောင်း သိရှိရပါသည်။ ဒွါဒဿ ကြက်ဟူ၍ (၁၂)ဘဝ ဖြစ်စဉ်ထဲတွင် တစ်ခုသော ကြက်မင်းဘဝ၌ ယခုသမိုင်းဝင် မြတ်စောညီနောင် ကုန်းမြေတောနက်ထဲတွင် ညအိပ်တန်း ဝင်၍ နံနက်တွင် မြတ်စောညီနောင်တောမှ ယခု မြတ်မိုဃ်းကောင်းကုန်းမြေ ထိုမှတဆင့် အုတ်တွင်းမြို့ အနောက် ယခု ရွှေကြက်ယက် ကုန်းမြေတွင် အစာရှာခြင်း၊ ထို့နောက် ရှင်ပင်ကြက်သောက် (သို့) ရှင်ပင်ကျောင်းဆောက်အမည်ရှိ နေရာများသို့တိုင် အစာရှာစားခြင်း၊ ထိုမှ ညနေစောင်းအချိန်တွင် လာခဲ့သည့်လမ်းအတိုင်း ပျံလာ၍ မြတ်မိုဃ်းကောင်းကုန်းမြေတွင် ခေတ္တနားပြီး မြတ်စောညီနောင် တောသို့ပြန်ကာ အိမ်တန်းတက်သည်ဖြစ်ကြောင်းတို့ကို ရှေးရှေးသမိုင်းများအရ ကြားသိခဲ့ရဖူးပါသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် သမိုင်းကြောင်း လက်လှမ်းမှီသည့် တောင်ငူ(ကေတုမတီ) ခေတ်တွင် တောင်ငူမြို့တည်နှစ် သက္ကရာဇ် ၈၇၂ ခုနှစ် ဝန်းကျင်၌ အုပ်ချုပ်စိုးစံသော တောင်ငူ (ကေတတုမတီ)ဘုရင် မင်းကြီးညို သည် စစ်မက်ရေးရာအတွက် ထိုခေတ်အခါ ကာလက လွန်စွာ အရေးပါလှသော တောဆင်ရိုင်းများ ဖမ်းယူရန်အတွက် တိုင်းခန်းပိုင်နက်နယ်မြေအတွင်း လှည့်လည် ရာတွင် ရှေးယခင်က ဆင်ရိုင်းများ ပေါများလှသည့် ယခုမြတ်မိုဃ်းကောင်း ဘုရားကုန်းနေရာသို့ စစ်အင်္ဂါပြည့်စုံစွာနှင့် တဲနန်းထိုး၍ စံမြန်းကာ အုတ်တွင်းနယ်တဝိုက်တွင် တောဆင်ရိုင်းများ ဖမ်းဆီး ခဲ့သည်ဟု သမိုင်းစကား ရှေးကဆိုခဲ့ဖူး၍တဆင့် လေ့လာမှတ်သားကြားသိခဲ့ရပါသည်။