ဖူးမြှော်လေ့လာနိုင်သောနေရာများ

ဆယ်တောင်ပြည့် စေတီတော်(ဆုတောင်းပြည့်စေတီတော်)

စေတီတော်မြတ်ကြီး၏ တနင်္ဂနွေအရပ်တွင် ဆယ်တောင်ပြည့်စေတီနှင့် အောင်တော်မူ ကမ္ဘာ့ ဓာတ်တံခွန်စေတီ (အောင်မြေ)ကို တည်ထားလျက်ရှိပါသည်။ ဆုတောင်းပြည့်သည့် ဆယ်တောင်ပြည့် စေတီကို သက္ကရာဇ် ၁၂၈၀ ခုနှစ်တွင် တည်၍ ဘုရားဒကာမှာ လေးကြိုးကိုင်ဖေနွဲ့ (ခ) ဝိဇ္ဇာပုဂ္ဂိုလ် ဆရာကြီး သာနွဲ့နှင့် တပည့်များမှ တည်ထားခဲ့ပါသည်။ ယခု ၁၃၈၆ ခုနှစ်အထိ နှစ်ပေါင်း (၁၀၆)နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။

စေတီတော်၏ထူးခြားချက်များ

ဆယ်တောင်ပြည့်စေတီတော်ကို (၇) ရက်သားသမီးများ ဘေးရန် အန္တရာယ်အပေါင်းကင်းဝေးစေရန်၊ အနှောင့်အယှက်အတားအဆီးများရှိက ဖယ်ရှားရန်၊ အလိုရှိရာ လောကီ လောကုတ္တရာ ဆုတောင်းများ ပြည့်စေရန် နေ့နံအလိုက် လာရောက်ဆုတောင်းပူဇော်ကြရာ ဆုတောင်းပြည့်ကြောင်း၊ အဓိဌာန်ပါရမီ ပြုရာ၌လည်းအောင်မြင်ကြောင်း သိရှိရပါသည်။

အောင်တော်မူကမ္ဘာ့ဓာတ်တံခွန်စေတီ

သမိုင်းဝင်မြတ်မိုဃ်းကောင်း စေတီတော်မြတ်ကြီး၏ တနင်္ဂနွေအရပ်တွင် အောင်တော်မူကမ္ဘာ့ ဓာတ်တံခွန် စေတီတော်မြတ်အား သက္ကရာဇ် ၁၂၈၀ ခုနှစ်တွင် လေးကြိုးကိုင်ဖေနွဲ့ (ဝိဇ္ဇာပုဂ္ဂိုလ်)မှ တည်ထားကိုးကွယ်ခဲ့ပါသည်။ ဤအောင်တော်မူ တံခွန်စေတီ၏   ထူးခြားအံ့ဘွယ်ဖြစ်ရပ်မှာ   ထွက်ရပ်  ပုဂ္ဂိုလ်များ (သို့) ဝိဇ္ဇာပုဂ္ဂိလ်များ အောင်မြေနင်းရာ အဓိပတိ အောင်မြေဖြစ်နေပါသည်။ လောကီနှင့် လောကုတ်ဟူ၍ တည်ရှိခဲ့ရာတွင် လောကီအတတ်များဖြင့် ဖြည့်ကျင့်ဆည်းပူး၍ ဗုဒ္ဓသာသနာတော် မြတ်ကြီးအား အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲနိုင်စေရန် ဝိဇ္ဇာအတတ်ပညာများဖြင့် စီရင်၍ တည်ထား ခဲ့ခြင်းဖြစ်ပါသည်။တိုးတက်ကြီးပွားခြင်း၊ အခက်အခဲများကို ကျော်လွှားအောင်မြင်ခြင်း၊ တည်တံ့ မြဲခိုင်ခြင်းဟူသော လောက၏ လိုအပ်ချက်များကို ရရှိပေးစွမ်းနိုင်သည့် အောင်မြေစေတီ ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးရှိ ခုနှစ်ရက်သားသမီးများ ဘေးရန်ကင်း၍ ကျန်းမာချမ်းသာခြင်းများ ရရှိခံစားစံစားနိုင်စေရန် ရည်ရွယ်ကြောင်း သိရှိရ၍ ဝိဇ္ဇာ ပုဂ္ဂိုလ်တို့၏ ပညာအရ ဂဗ္ဘေဓါတ်ပါကြောင်း၊ ဂဗ္ဘေဓါတ် ဆိုသည်မှာ မြဲမြံခိုင်ခန့်ခြင်းဟူ၍ အဓိပ္ပာယ်ရှိကြောင်း သို့ဖြစ်၍ မမြဲသောလောကတွင် အောင်မြင်ခြင်းများ ရယူနိုင်ကြောင်း သိရှိရပါသည်။

.

ကိုးတောင်ပြည့် နဂါးပတ်စေတီ

ကိုးတောင်ပြည့် နဂါးပတ်စေတီအား လေးကြိုးကိုင်းဖေနွဲ့နှင့် တပည့်များမှ သက္ကရာဇ် ၁၂၈၀ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ရှေးကျသည့် ဘုရားဂေါပက လူကြီးများ၏ ကိုယ်တွေ့ မှတ်တမ်းများအရ တဆင့်ပြန်လည် နာခံမှတ်သားရသည့် အချက်မှာ မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ် များမှ စိုးမိုးအုပ်ချုပ်နေစဉ်က မိစ္ဆာများကို နှင်သည့်အနေဖြင့် လေးကြိုးကိုင်ဖေနွဲ့ (ဝိဇ္ဇာပုဂ္ဂိုလ်)မှ မိမိ ကျွမ်းကျင်သော ဝိဇ္ဇာပညာ ရပ်များဖြင့် စီရင်၍ ဗုဒ္ဓမြတ်စွာအား တိုင်တည်ပြီး စေတီတော်၏ ပုလ္လင် လေးမျက်နှာ တွင် နဂါးလေးကောင်ကို အမြီးချင်းချိတ်ဆက်ပြီး ဓာတ်ရိုက်ဓာတ်ဆင်ပြု၍ နယ်ချဲ့ အင်္ဂလိပ် မိစ္ဆာများအားလုံးကို မြန်မာနိုင်ငံမှ မောင်းထုတ်နှင်ထုတ်စေခဲ့သည့် ကိုးတောင်ပြည့် စေတီဖြစ်ကြောင်း ကြားမြင်သိခဲ့ရပါသည်။ စေတီတော်၏ သက်တမ်းမှာ ယခု ၁၃၈၆ ခုနှစ်အထိ နှစ်ပေါင်း (၁၀၆)နှစ် ရှိခဲ့ပြီ ဖြစ်ပါသည်

ဗုဒ္ဓခြေတော်ရာ

လျောင်းတော်မူ ဗုဒ္ဓမြတ်စွာ၏ လဲလျောင်းရာ၏ ခြေတော်ရင်း၌ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ ပုံစံကို သက္ကရာဇ် ၁၃၆၄ ခုနှစ်တွင် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂) ရပ်ကွက်မှ ဦးငြိမ်း + ဒေါ်ခွေး မိသားစုတို့မှ တည်ထားခဲ့ပါသည်။ ဆယ်တော်ပြည့် စေတီနှင့် လျောင်းတော်မူဘရား၊ ဗုဒ္ဓခြေတော်ရာ တို့အား ခမ်းနားခန့်ညားသည့် ဗိမာန်ကျောင်းဆောင်ဆောက်လုပ်၍ ၁၃၅၀ ခုနှစ်တွင် ဗုဒ္ဓတာဝန် ထမ်းဆောင်သည့် ဂေါပကအဖွဲ့နှင့် အများပြည်သူ စုပေါင်းပြီး လျောင်းတော်မူ ကျောင်းဆောင်ဟူ၍ ဆောက်လုပ်ကိုးကွယ်ခဲ့ကြပါသည်။ ယခုလက်ရှိ ဂေါပကအဖွဲ့သစ်မှ အရှေ့ဘက် အဆောင်ထုတ်၍ ပြန်လည်တိုးချဲ့ လှူဒါန်းပူဇော်လျက်ရှိနေပါသည်။

ကြေးရုပ်ပွားဆင်းတုတော်နှစ်ဆူ

စေတီတော်ကြီး၏ အရှေ့အရပ် တနင်္လာအရပ်ရှိ နတ်ရေတွင်းအနီးတွင် သက္ကရာဇ် ၁၂၅၄ ခုနှစ် ရက်စွဲဖြင့် အုတ်တွင်းမြို့နယ်၊ ခေါင်ရမ်းတိုက်နယ်၊ ဝါးတီးရွာ တိုက်နယ်သူကြီး ဦးမြိုင် + ဒေါ်မယ်နွယ် တို့မှ တည်ထားပူဇော်ခဲ့ပါသည်။ထို့အပြင် ပုံစံတူ ကြေးရုပ်ပွားတစ်ဆူအား ခေါင်ရမ်း တိုက်နယ်၊ ဝါးတီး ရွာမှ ဦးဘိုးမြ + ဒေါ်မယ်တို့ မိသားစုမှ ၁၂၅၄ ခုနှစ်ရက်စွဲဖြင့် တည်ထားပူဇော်ခဲ့ပါသည်။
အထက်ပါ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူအား အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်နေ အများ ပြည်သူအပေါင်းတို့မှ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ကရင်ခေတ် စသည်တို့တွင် မပျက်စီး၊ မပျောက်ပျက် အောင် ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက် ထိန်းသိမ်း လာခဲ့၍ ယခုအများပြည်သူအပေါင်းတို့ အနေဖြင့် ကိုယ်စိတ်နှစ်ပါး ကြည်သာ ချမ်းမြေ့စွာနှင့် ကြည်နူးဝမ်းမြောက်စွာဖြင့် ကိုးကွယ်ဖူးမျှော်နိုင်ကြလျက် တည်ရှိနေပါသည်။

ဂန္ဓကုဋိတိုက်တော်

သမိုင်းဝင် မြတ်မိုဃ်းကောင်းဘုရားကြီး၏ စနေနှင့်ကြာသပတေးအရပ်တွင်ဂန္ဓကုဋိကျောင်းတော်ရှိပါသည်။ဂန္ဓကုဋိတိုက်တော်အတွင်းရှေးကျသောအနုပညာ ပန်းခက်လက်ရာများကို မြင်တွေ့နိုင်ပြီး သပ္ပာယ်စွာ သီတင်းသုံးထိုင်နေတော်မူသည့်ကျောက်ဆင်းတုထိုင်တော်မူ ဘုရားကို မူးမြင်တွေ့နိုင်ပါသည်။ ဂန္ဓကုဋိတိုက်တော် အတွင်း ထိုင်တော်မူ လက်ဝဲ၊ လက်ယာ တစ်ဆူစီနှင့်ရှေ့မျက်နှာစာတွင်ကျောက်ဆင်းတုထိုင်တော်မူနှစ်ဆူကိုလည်း ဖူးတွေ့နိုင်ပါသည်။ ဂန္ဓကုဋိတိုက်ကျောင်းအတွင်း ဆင်းတုတော်စုစုပေါင်း (၅)ဆူကို သပ္ပာယ်ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါသည်။ဂန္ဓကုဋိတိုက်အတွင်းရှိ ထိုင်တော်မူ ဗုဒ္ဓဆင်း တုတော်၏ အပေါ်မျက်နှာကျက် တွင် ဝိဇ္ဇာပုဂ္ဂိုလ် ရှင်မထီးဆရာတော်မှ ကြီးမှူး၍ ရှေးမင်းများ တည်ထားတော်မူခဲ့သည့် မြတ်မိုဃ်းကောင်းစေတီတော် မြတ်ကြီး၏ ထီးတော်အဟောင်းကို ဌာပနာပြုလုပ်၍ ဂန္ဓကုဋိတိုက်ကျောင်းအမိုးပေါ်တွင် ထပ်ဆင့်၍ စေတီတော်တစ်ဆူကို တည်ထားပူဇော် ခဲ့ပါသည်။  ဂန္ဓကုဋိတိုက်တော်နှင့် ထိုင်တော်မူ ဗုဒ္ဓဘုရားရှင်တို့အား သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင် တည်ထား ခဲ့ပြီး ယခုနှစ်ပေါင်း ၁၄၀ နှစ် ရှိခဲ့ပြီဖြစ်သည်။ ရှေးယခင်က ဂန္ဓကုဋိတိုက်ကျောင်းသည် ပြဿဒ်များဖြင့် တည်ဆောက်ထားရှိပြီး ဂျပန်ခေတ်တွင် ဗုံးဒဏ်ထိ၍ ပျက်စီးခဲ့ပြီး နှောင်းခေတ်လူများ ထပ်မံပြုပြင် တည်ဆောက်၍ သာသနာကို ဆက်လက်ထိန်းသိမ်းခဲ့ကြရပါသည်။

ရွှေမြင့်မိုရ်ဦးစေတီ

စေတီတော်ကြီး၏ အင်္ဂါအရပ်တွင် ရွှေမြင့်မိုရ်စေတီ တည်ရှိပါသည်။ သက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် မန္တလေးမြို့မှ ဦးရဲတင့် + ဒေါ်ခင်လှလှ မိသားစုမှ တည်ထား ပူဇော်ခဲ့ပါသည်။ မိဘကျေးဇူး ဆပ်သည့် ကုသိုလ်ဖြစ်ပါသည်။

နတ်မင်းကြီး(၄)ပါး တံခွန်တိုင်စေတီ

ရွှေမြင့်မိုရ်ဦးစေတီတော်၏ ကြာသပတေးအရပ်တွင် နတ်မင်းကြီး(၄)ပါး တံခွန် စေတီတော် တည်ရှိပါသည်။ သက္ကရာဇ် ၁၃၇၅ ခုနှစ်တွင် ဦးရဲတင့် + ဒေါ်ခင်လှလှ မိသားစုမှ လှူဒါန်းပူဇော်ခဲ့ပါသည်။

ရှင်သီဝလိမထေရ်

ကြေးဆင်းတုနှစ်ဆူကျောင်းတော်နှင့် ရွှေမြင့်မိုရ်ဦး စေတီတို့၏ အလယ်တွင် ရှင်သီဝလိပုံတော် ကျောင်းဆောက်တည်ထားပါသည်။ သက္ကရာဇ် ၁၃၄၈ ခုနှစ်တွင် အုတ်တွင်းမြို့၊ ပဲခူးလမ်းနေ ဦးအောင်သန်းဇော် + ဒေါ်သက်သက်ဝင်း မိသားစုမှ လှူဒါန်းပူဇော်ခဲ့ပါသည်။

မဟာဗောဓိပင်

မဟာဗောဓိပင်သည် ၁၃၃၈ ခုနှစ်တွင် မြတ်မိုဃ်းကောင်း သာသနာ့မြေအတွင်း ဦးထွန်းရွှေမှ စိုက်ပျိုးလှူဒါန်းခဲ့ပါသည်။ ၁၃၈၂ ခုနှစ်တွင် ယခုဂေါပကအဖွဲ့နှင့် အများပြည်သူ စုပေါင်း၍ ဗောဓိပင်၏ ခြေရင်း ပလ္လင်ထောင့် ရှစ်ခုတွင် နေ့နံအလိုက် ဗုဒ္ဓဆင်းတုတော်များ ပင့်ဆောင်ပူဇော်ထား၍ နှစ်စဉ် ညောင်ရေသွန်းပွဲတော်ကို ကျင်းပပြုလုပ်ဆဲဖြစ်ပါသည်။

နဂါးရုံဘုရား

ကန်တော်မင်္ဂလာအတွင်း ၂၀၁၈ ခုနှစ်၌ နဂါးရုံဘုရားအား တည်ထားပူဇော် ခဲ့ပါသည်။ အလှူရှင် ပလ္လင်တော်နှင့် နဂါးအား ဗိုလ်မှူး တင့်ဇော် (ငြိမ်း) + ဒေါ်နိုင်နိုင်ဦး တို့မှ လှူဒါန်းပြီး ဗုဒ္ဓရုပ်ပွားတော်အား ဦးရဲတင့် + ဒေါ်ခင်လှလှ မိသားစုမှ လှူဒါန်း ပူဇော်ခဲ့ပါသည်။

ကန်တော်မင်္ဂလာတံတား

ကန်တော်မင်္ဂလာအတွင်းတည်ဆောက်ထားသောမင်္ဂလာတံတားတစ်စင်းရှိပါသည်။အုတ်တွင်းမြို့ကြက်သွန် ခင်း (၁)ရပ်ကွက်နေ ဦးခင်မောင်ဝင်း + သီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့အုတ်တွင်းကြယ်နီမိသားစုမှ လှူဒါန်းပူဇော်ခဲ့ပါသည်။

ရပ်တော်မူဘုရား

ရပ်တော်မူဘုရားရှင်အား စေတီတော်ကြီး၏ စနေအရပ်တွင် ၁၃၇၂ ခုနှစ်၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်နေ ဦးစိန်မောင်ဝင်း (ထွေ/အုပ်)+ဒေါ်ခင်အေးဆွေ မိသားစုမှ လှူဒါန်းတည်ထားခဲ့ပါသည်။

ခြင်္သေ့နှစ်ကောင်

သမိုင်းဝင် မြတ်မိုဃ်းကောင်းဘုရားအဝင်ဝ မုခ်ဦးရှေ့တွင် ခန့်ညားလှပသည့် ခြင်္သေ့နှစ်ကောင် ပုံတော်အား ၁၃၇၆ ခုနှစ်တွင် အုတ်တွင်းမြို့၊ ဈေးရပ်ကွက်နေ ကိုအောင်အောင်ဦး + မငယ်မိသားစုမှ လှူဒါန်းခဲ့ပါသည်။

တောင်ဘက်စောင်းတန်း

စေတီတော်ကြီး၏ ဗုဒ္ဓဟူးအရပ် တောင်ဘက်စောင်းတန်းအား အုတ်တွင်းမြို့၊ ဈေးရပ်ကွက်နေ ဦးချုံ + ဒေါ်ယုံ မိသားစုတို့မှ ၁၃၅၁ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ပြီး ၁၃၈၄ ခုနှစ်တွင် သား၊ သမီး၊ မြေး၊ မြစ်တို့မှ ပြန်လည်ပြုပြင်ခဲ့ပါသည်။

အနောက်ဘက်စောင်းတန်း

စေတီတော်မြတ်ကြီး၏ ကြာသပတေးအရပ် အနောက်ဘက်စောင်းတန်းနှင့် မုခ်ဦးတော်အား ၁၃၆၂ ခုနှစ်တွင် ဈေးရပ်ကွက်နေ ဦးဘုန်းချောင် + ဒေါ်ရှုဝါ မိသားစု တို့မှ လှူဒါန်းထားရှိခဲ့ပါသည်။

လျောင်းတော်မူဗုဒ္ဓဘုရား

သမိုင်းဝင်မြတ်မိုဃ်းကောင်း စေတီတော်ကြီး၏ တနင်္လာအရပ် (သို့) အရှေ့ မျက်နှာတွင် အလျား (၂၅)ပေရှိ လဲလျောင်းနေပုံ ဗုဒ္ဓပုံတော်ကို တွေ့ရှိရပါသည်။ သက္ကရာဇ် ၁၂၅၀ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ဘုရားဒါယိကာမကြီး ဒေါ်မယ်ပု မှ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။ ပဲခူးမြို့မှ ရွှေသာလျောင်း ဗုဒ္ဓမြတ်စွာ ပုံတော်အတိုင်း ဖူးမျှော်ကြည်ညိုနိုင်ပါသည်။

ဘုရားဝန်းကျင်ရှိ လေ့လာနိုင်သော နေရာများ