ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏
နောက်ခံသမိုင်းကြောင်း

ပင်လယ်ရေပြင်၌ ပေါ်ထွန်းနေသော ကုန်းမြေ

            ပဲခူးမြို့၏ထင်ရှားသော သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးသည် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်၍ စေတီတော်သမိုင်းကို သိရှိရန် ပဲခူးမြို့ ဖြစ်ပေါ်လာပုံမှ စတင် အခြေပြုရမည်ဖြစ်သည်။

            ပဲခူးမြို့သည် လွန်ခဲ့သောနှစ် ၁၅ သန်းက ပင်လယ်ရေပြင်ကြီး ဖြစ်ခဲ့ကြောင်း ဘူမိဘေဒ ပညာရှင် ဒေါက်တာညီညီ၏ လေ့လာအရ သိရှိရပေသည်။ ယခုဖူးမြှော်နေကြရသည့် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်သည် ပင်လယ်ရေပြင်နေအောက်မှ ထွက်ပေါ်လာသည့် ကုန်းမြေနေရာတစ်ခု ဖြစ်သည်။

ဘုရားရှင်နှင့် ရဟန္တာ ၅၀၀ ကောင်းကင်ခရီး ကြွချီလာခြင်း

            ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ ၈ ဝါမြောက်တွင် ညီတော် အာနန္ဒာနှင့် ရဟန္တာ ၅၀၀ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူခဲ့ရာ ပထမဦးစွာ မာလာယုကျွန်းဆွယ်သို့လည်းကောင်း၊ ထိုမှတစ်ဖန် မွန်ပြည်နယ် ၊ ရာမညတိုင်း၊ သုဝဏ္ဏဘူမိသထုံသို့လည်းကောင်း ကောင်းကင်ခရီးဖြင့် ကြွချီတော်မူခဲ့သည်။

            ဘုရားရှင်သည် ပဲခူးဒေသို့ ရောက်ရှိချိန်တွင် ရေပြင်ကျယ်ကြီးအတွင်းရှိ သေးငယ်သော ကုန်းကမူလေးတစ်ခုပေါ်တွင် ဟင်္သာဖို၏ ကျောပေါ်တွင် ဟင်္သာမကရပ်ကာ နားနေသည်ကို မြင်တော်မူခဲ့သည်။ထိုစဉ် ဘုရားရှင်က ပြုံးတော်မူသဖြင့် အကြောင်းရင်းကို သိရှိရန် ညီတော်အာနန္ဒာက မေးမြန်းလျှောက်ထားခဲ့ရာ ဘုရားရှင်က ဤနေရာသည် ဟင်္သာငှက်တို့ ပျော်စံရာနေရာဖြစ်ပြီး နောင်အခါတွင် ဟံသာဝတီနေပြည်တော်ကြီး ပေါ်ပြီး သာသနာ ထွန်းကားလာလိမ့်မည်ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သသည်။

ပင်လယ်ရေပြင် နိမ့်ဆင်းသွား၍ ကုန်းမြေများ ပေါ်ထွန်းလာခြင်း

            ထိုပင်လယ်ပြင်သည် နှစ်ပေါင်းကြာမြင့်လာသည်နှင့်အမျှ ရမျက်နှာပြင်က နိမ့်ကျလာခဲ့ပြီး ကျွန်းငယ်များ၊ တောင်ကုန်းငယ်များ ပေါ်ထွက်လာခဲ့သည်။

            ထိုကုန်းမြေနေရာများကို ရှေးရှေးသော တိန်မယ် ပျူမင်းများလက်ထက်တွင် တိန်မယ်ကျွန်းဟု လည်းကောင်း၊ ဝမ်းပဲကူးကျွန်းဟုလည်းကောင်း ခေါ်ဆိုခဲ့ကြသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် အိန္ဒိယဒေသ၊ ဥဿာနယ်မှ မွန်များလာရောက်နေထိုင်ခဲ့သဖြင့် ဥဿာပဲခူးဟု အမည်တွင်ခဲ့သည်။ မွန်လူမျိုးများက ပဲခူးကို ပီသစွာ မခေါ်ဆိုနိုင်ဘဲ ပဂေါဟု ခေါ်ခဲ့ကြသည်။

ကုန်းမြေများကို အိန္ဒိယ၊ ဗမာနှင့် မွန်တို့က သူပိုင် ကိုယ်ပိုင် ငြင်းခုန်ကြခြင်း

            ရေပြင်ကျယ်ကြီးအတွင်းမှ ပေါ်ပေါက်လာခဲ့သည့် ကျွန်းများသို့ အိန္ဒိယလူမျိုးများက မိမိတို့ ဦးစွာ ရောက်ရှိခဲ့ကြောင်းနှင့် ရောက်ရှိခဲ့သည့် သင်္ကေတအဖြစ် လင်ပန်းကိုးချပ်ကို မြှပ်နှံကာ ယင်းတိုးပိုင် နယ်မြေအဖြစ် မှတ်သားခဲသည်ဟုဆိုသည်။

            ထို့နောက် ဗမာလူမျိုးကုန်သည်များ ရောက်ရှိလာခဲ့ကာ  ကျွန်းပေါ်တွင် ယင်းတို့ရောက်ရှိခဲ့သည့် အမှတ်အသားအဖြစ် ပဲနောက် ကိုးတင်းကို မြှပ်နှဲခဲ့သည်ဟုလည်း ဆိုသည်။

            နောက်ဆုံးတွင် ထိုကျွန်းပေါ်သို့ မွန်လူမျိုးများ ရောက်ရှိလာကာ ယခင်က အိန္ဒိယလူမျိုးများ မြှပ်နှံခဲ့သည့် လင်ပန်းကိုးချပ် နှင့် ဗမာလူမျိုးများ မြှပ်နှံခဲ့သည့် ပဲနောက်ကိုးတင်း ၏ အောက်တွင် သံကောက်ကိုးခုကို မြှပ်နှံခဲ့သည်။

            ထို့နောက် ယင်းကုန်းမြေကို အိန္ဒိယ၊ ဗမာ၊ မွန်လူမျိုးတို့က သူပိုင် ကိုယ်ပိုင် ငြင်းခုံခဲ့ကြပြီး သိကြားမင်းက ပုဏ္ဏားအသွင်ဖြင့် ရောက်ရှိဖြေရှင်းခဲ့သဖြင့် မွန်လူများများက ပိုင်ဆိုင်ခဲ့သည် ဟု ဆိုသည်။ ယင်းကုန်းမြေကို မွန်လူမျိူးများက ပိုင်ဆိုင်ခဲ့သဖြင့် ဟံသာဝတီ ပထမခေတ်မင်းဆက်များတွင် မွန်ဘုရင်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပေသည်။

            ထိုကုန်းမြေဖြစ်ပေါ်စအချိန်တွင် ကုန်းမြေ၌ ဟင်္သာဖိုမ နားခဲ့ခြင်းကို အစွဲပြု၍ ဟင်္သာကုန်းဟု လည်းကောင်း၊ ဟံသာပဗ္ဗတကုန်းဟု လည်းကောင်း ခေါ်ဆိုခဲ့ကြသည်။ ထိုမြေပြင်ကျယ်ကို ဗဟိုပြုလျက် သမလကုမ္မာနှင့် ဝိမလကုမ္မာ ညီနောင်နှစ်ပါးသည် မင်းနေပြည်တော် တည်ထောင်၍ မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ ထိုခေတ်ကို ဟံသာဝတီ ပထမခေတ်ဟု သတ်မှတ်ခဲ့သည်။

            ဗညားဦးသည် ယင်းကုန်းမြေပေါ်တွင် နေပြည်တော် တည်ထောင်၍ ဟံသာဝတီ နေပြည်တော် ဟု သမုတ်ခဲ့သည်။ ဗညားဦးမှစ၍ သုရှင်တကာရွတ်ပိအထိ မင်း (၁၁) ပါး စိုးစံခဲ့သည့်ခေတ်ကို ဟံသာဝတီ ဒုတိယခေတ်ဟု သတ်မှတ်ခဲ့သည်။

            တပင်ရွှေထီး နန်းတတ်ချိန်မှစ၍ နောင်ပိုင်းကာလကို ဟံသာဝတီ တတိယခေတ်ဟု သတ်မှတ်ခဲ့ သဖြင့် ဟံသာဝတီ “ပဲခူးအစ၊ ဟင်္သာကုန်းက” ဟု ဆိုခဲ့ကြသည်။

ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံမှုများ

            နှစ်ပေါင်း ကြာမြင့်လာသည်နှင့်အမျှ ဟံသာပဗ္ဗတတောင်ကုန်းပေါ်ရှိ သမလမင်းကြီး တည်ထားကုးကွယ်ခဲ့သော သုဝဏ္ဏဟံသာစေတီတော် (ကျိုက်ပြတ်စေတီ) သည် ပျက်စီး ယိုယွင်းလာခဲ့ပါသည်။ ထိုစေတီပျက်နေရာတွင် ရသေ့ကြီး ဦးခန္တီသည် ဘုရားရျင် ဗျာဒိတ်ပေးခဲ့သည့် ဟင်္သာကုန်းကို အမှတ်အသားပြု၍ ထိုကုန်းတော် စေတီပျက်နေရာတွင် မြန်မာသက္ကရာဇ် (၁၂၈၅) ခုနှစ် ခရစ်သက္ကရာဇ် (၁၉၂၃) ခုနှစ်တွင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ တဆက်တည်းမှာပင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်နှင့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်ကို ဆက်သွယ်၍ သံစောင်းတန်းတော်ကြီးကိုလည်း တည်ဆောက်ခဲ့ပါသည်။

            သမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် ၂၀၁၈ ခုနှစ်တွင် စေတီတော်မြတ်ပေါ်သို့ ခိုများ လာရောက်နားခိုနေခြင်းမှ ကာကွယ်ရန် အာဒါသကုဋီ မှန်ကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့သည်။ ရင်ပြင်တော်အမိုးမျက်နှာကျက်များ တပ်ဆင်ခြင်း၊ အနောက်ဘက်မုခ် အတက်အဆင်း လှေကားထစ်များကို ကြွေပြားများခင်းခြင်း၊ စေတီတော်ပတ်လမ်းကို ပြုပြင်၍ ကွန်ကရစ်ခင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ နှစ်ထပ်ဓမ္မာရုံကြီးကို ပဲခူးမြို့မှ အလှူရှင် ဦးစိုးဦး + ဒေါ်လေးကျင် မိသားစုက ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။