လက်ရှိဟင်္သာကုန်းစေတီတော်ရင်ပြင်သည်(တိုးချဲ့ထား သည့်နေရာအပါအဝင်) အလျား ၁၀၁ ပေ၊ ၈ လက်မ၊ အနံ ပေ ၁၂၀ကျယ်ဝန်းသည်၊ စေတီတော်ကို ၁၀ ပေ ၆ လက်မမြင့်သည့်အောက်ခံပလ္လင်ခုံပေါ်တွင် ၁၂ပေအမြင့် အုတ်တိုက်ခံပြီး ဉာဏ်‌တော် ၁၅ပေအမြင့် တည်ထား သဖြင့် ပလ္လင်ခုံအောက်ခံမှ စေတီတော် ထီးတော်ထိပ် အထိ ၃၇ပေ ၆လက်မ မြင့်သည်။

  •  ဟင်္သာကုန်းစေတီတော်ကြီးအား ဘုရင့်နောင်မင်းတရားလက်ထက် မြန်မာသက္ကရာဇ် ၉၂၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၁၅၆၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက်)တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။
  • အလောင်းမင်းတရား ဦးအောင်ဇေယျသည် မြန်မာ သက္ကရာဇ် ၁၁၁၈ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ (၁၇၅၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်) တွင် ပြန်လည်မွမ်းမံခဲ့သည်။
  • ရသေ့ကြီး ဦးခန္တီ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။

ဘုရားသမိုင်း

ဗုဒ္ဓဘုရားရှင်(၈)ဝါမြောက်၊ သက္ကရာဇ် (၁၁၁) ခုနှစ်တွင် ပဲခူးမြို့ဖြစ်ပေါ်မည့် ရေပြင်ပေါ်မှ ကောင်းကင်ခရီးဖြင့်သထုံပြည်သို့ ကြွချီတော်မူစဉ် ရေပြင်ပေါ်ရှိ ကုန်းကမူထက်တွင် ဟင်္သာ ဖို မ နားနေသည်ကို မြင်တွေ့ခဲ့ခြင်း၊ ဟင်္သာများ ကျက်စားရာ နေရာဖြစ်၍ ဟင်္သာများမှ ဗုဒ္ဓဘုရားရှင်အား ဖူးမြော်ကြ၍ ဗုဒ္ဓဘုရားရှင်က ဤနေရာသည် ဟင်္သာငှက်များ ပျော်စံရာနေရာဖြစ်၍ နောင်အခါတွင် ဟံသာဝတီနေပြည်တော်ကြီး ဖြစ်ပေါ်လာပြီးသာသနာတော်ထွန်းကားလိမ့်မည်ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပါသည်။

ပွဲတော်များ

ဗုဒ္ဓအခါတော်နေ့များတွင် ဘာသာရေး အခမ်းအနားများ၊ ပွဲသဘင်များကို ပြုလုပ်လျက်ရှိရာ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်၊ နယုန်လပြည့်နေ့တွင် မဟာသမယနေ့တွင် အခမ်းအနား၊ ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား၊ ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ အခမ်းအနား၊ တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ အခမ်းအနား၊ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားတို့ကို နှစ်စဉ် ကျင်းပပေးလျက်ရှိသည်။