ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏
ပွဲတော်များ
ဗုဒ္ဓအခါတော်နေ့များတွင် ဘာသာရေး အခမ်းအနားများ၊ ပွဲသဘင်များကို ပြုလုပ်လျက်ရှိရာ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်၊ နယုန်လပြည့်နေ့တွင် မဟာသမယနေ့တွင် အခမ်းအနား၊ ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား၊ ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ အခမ်းအနား၊ တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ အခမ်းအနား၊ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားတို့ကို နှစ်စဉ် ကျင်းပပေးလျက်ရှိသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဓမ္မစကြာဝတ်ရွတ်အမျိုးသမီးများက မြတ်ဗုဒ္ဓ၏ ဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဂေါပကအဖွဲ့သည် သမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၂ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပပေးလျက်ရှိသည်။
အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့သည် အလှည့်ကျဂေါပကအဖွဲ့ သုံးဖွဲ့ ဖွဲ့၍ တစ်ဖွဲ့လျှင် သုံးလစီ တာဝန်ယူကြသည်။ ဂေါပကအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို လစဉ် လဆန်း ၁ ရက်နေ့တိုင်း ကျင်းပ၍ စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သုံးလတစ်ကြိမ် ဩဝါဒခံယူကာ စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဝန်ထမ်း ၂၀ဦးနှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်။ အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးများကိုလည်း လိုအပ်ချိန်တွင် ကျင်းပပြုလုပ်လျက်ရှိသည်။