ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏
ဘုရားသမိုင်း

ဗုဒ္ဓဘုရားရှင်(၈)ဝါမြောက်၊ သက္ကရာဇ် (၁၁၁) ခုနှစ်တွင် ပဲခူးမြို့ဖြစ်ပေါ်မည့် ရေပြင်ပေါ်မှ ကောင်းကင်ခရီးဖြင့်သထုံပြည်သို့ ကြွချီတော်မူစဉ် ရေပြင်ပေါ်ရှိ ကုန်းကမူထက်တွင် ဟင်္သာ ဖို မ နားနေသည်ကို မြင်တွေ့ခဲ့ခြင်း၊ ဟင်္သာများ ကျက်စားရာ နေရာဖြစ်၍ ဟင်္သာများမှ ဗုဒ္ဓဘုရားရှင်အား ဖူးမြော်ကြ၍ ဗုဒ္ဓဘုရားရှင်က ဤနေရာသည် ဟင်္သာငှက်များ ပျော်စံရာနေရာဖြစ်၍ နောင်အခါတွင် ဟံသာဝတီနေပြည်တော်ကြီး ဖြစ်ပေါ်လာပြီးသာသနာတော်ထွန်းကားလိမ့်မည်ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပါသည်။

ပင်လယ်ရေပြင် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ကုန်းကမူများ၊ ကုန်းမြေများ ပေါ်ပေါက်လာခဲ့သည်။ ထိုကုန်းမြေများကို အိန္ဒိယလူမျိုးများက မိမိတို့ ဦးစွာရောက်ရှိခဲ့ကြောင်းနှင့် ရောက်ရှိခဲ့သည့် သင်္ကေတအဖြစ် လင်ဗန်းကိုးချပ်ကိုမြှုပ်နှံကာ ယင်းတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့နောက် ဗမာလူမျိုးများ ရောက်ရှိလာခဲ့ကာ ထိုကုန်းမြေပေါ်တွင် ပဲနောက် ကိုးတင်းကို မြှပ်နှံခဲ့ကြသည်။ ယင်းနောက်တွင် ထိုကုန်းမြေပေါ်သို့ မွန်လူမျိုးများ ရောက်ရှိလာကာ အိန္ဒိယလူမျိုးများ မြှုပ်နှံခဲ့သော လင်ဗန်းကိုးချပ်နှင့် ဗမာလူမျိုးများ မြှုပ်နှံခဲ့သည့် ပဲနောက်ကိုးတင်း၏ အောက်တွင် သံကောက် (၉) ခုကို ထပ်မံမြှုပ်နှံခဲ့သည်။ ၎င်းကုန်းမြေကို အိန္ဒိယ၊ ဗမာ နှင့် မွန်လူမျိုးတို့က သူပိုင်ကိုယ်ပိုင် ငြင်းခုန်ခဲ့ရာ သိကြားမင်းက ပုဏ္ဏားအသွင်ဖြင့်ရောက်ရှိ ဖြေရှင်းခဲ့၍ မွန်လူမျိုးများ ပိုင်ဆိုင်ခဲ့သည်။

ကုန်းမြေများကို မွန်လူမျိုးများ ပိုင်ဆိုင်ကြ၍ မြန်မာသက္ကရာဇ် (၁၈၇ မှ ၄၀၅) ခရစ်သက္ကရာဇ် (၈၂၅ မှ ၁၀၄၃) ခုနှစ် သမလမင်းမှ တိဿရာဇာမင်းအထိ မွန်ဘုရင် (၁၇) ဆက် အုပ်စိုးခဲ့သည်။ ထိုခေတ်ကို ဟံသာဝတီ ပထမခေတ်ဟုခေါ်သည်။ ဟံသာဝတီ ပထမခေတ် မြန်မာသက္ကရာဇ် (၁၈၇ မှ ၁၉၉) ခရစ်သက္ကရာဇ် (၈၂၅ မှ ၈၃၇) အထိ ထီးနန်းစိုးစံခဲ့သော သမလမင်းကြီးလက်ထက်တွင် ဟင်္သာငှက်များ ပျော်စံရာ ဟံသာပဗ္ဗတတောင်တွင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်ဓာတ်၊ သွားတော်ဓာတ်၊ လက်သဲတော်ဓာတ်၊ မျက်မှောင်မွေးတော်ဓာတ်တို့ကို သမလမင်းကြီးကိုယ်တိုင် သိကြားမင်းထံအပ်ပြီး နဝရတ်ရွှေကြုတ်နှင့်တကွ ဌာပနာသွင်း၍ သုဝဏ္ဏဟံသာစေတီတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့သည်။