ဘုရင့်နောင်မင်းတရားကြီး အောင်မြေတော်

မဟာအောင်မြေ

ဘုရင့်နောင်မင်းတရားကြီးဖြစ်သည့် ရှင်ရဲထွဋ်သည် ဗုဒ္ဓဟူးသားဖြစ်သည့်အတွက် ဗုဒ္ဓဟူးသား၏ အာယု အသက်ရှည်ရာအရပ်ဖြစ်သော ကောင်းမှုတော်ဘုရား၏ စနေထောင့်တွင် ဗုဒ္ဓဟူးနံ ဝါးပင်အား စိုက်ပျိုး၍ နန်းတွင်းမှ ပညာရှိ အမတ်ကြီးများဖြစ်သည့် ပုဏ္ဏားနီ၊ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို တို့အား ဟူးရားအတတ်ပညာ ဖြင့် ဂါထာမန္တရားများ ရွတ်ဖတ်ပူဇော်စေကာ အောင်မြေဟု သမုတ်၍  နေရာသတ်မှတ်ခဲ့ပါသည်။

၎င်းအောင်မြေတွင် ဘုရင့်နောင်မင်းတရားကြီးသည် စစ်ထွက်သည့်အခါတိုင်း အောင်မြေမှ စေတီတော်ဖက်သို့  မျက်နှာမူက ငါးပါးသီလခံယူ သစ္စာဓိဋ္ဌာန်ပြု၍ အောင်မြေနင်းကာ စစ်ချီစစ်တိုက်ခဲ့ရာ စစ်ပွဲတိုင်းအောင်မြင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းတင်ရှိထားသည့်နေရာဖြစ်ပါသည်။

ကေတုမတီတောင်ငူ မင်းအဆက်ဆက်တို့သည် သာသနာရေး၊ ဘာသာရေး၊ တိုင်းရေးပြည်ရေး ကိစ္စအရပ်ရပ်များကို ဆောင်ရွက်ရာတွင် မဟာအောင်မြေရှိရာနေရာဌာနမှ ကောင်းမှုတော် စေတီတော်မြတ် ကြီးဖက်သို့ မျက်နှာမူဖူးမြှော်၍ အနန္တငါးပါး ဦးထိပ်ထားကာ ကောင်းမြတ်သော သီလများကို ခံယူဆောက်တည်၍ မှန်ကန်သော သစ္စာတော်တို့ကို တိုင်တည်အဓိဋ္ဌာန် ပြုပြီး မဟာအောင်မြေကို လက်ယာရစ် လှည့်ပတ်နင်းဆောင်ခြင်းဖြင့် အောင်မြင်မှုကို ရရှိကြပါသည်။