ကောင်းမှုတော်စေတီမြတ်ကြီးရှိ ဖူးမျှော်လေ့လာနိုင်သောနေရာများ
ဗုဒ္ဓမြတ်စွယ်တော်
ဗုဒ္ဓမြတ်စွယ်တော်ကို ဝန်ကြီးချုပ်ဦးသိန်းစိန်လက်ထက်တွင် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စွယ်တော် အစစ်နှင့် အတူ ရင်ငွေ့ခုံလှုံခဲ့သည့် စွယ်တော်ပွားများကို နန်ချွန် သစ်တောကျောင်းအုပ်ကြီး ဦးခင်မောင်တင့်မှ ပင့်ဆောင်၍ အများပြည်သူများ ဖူးမြှော်နိုင်ရန် လှူဒါန်း ပူဇော်ခဲ့ပါသည်။
ကောင်းမှုတော်စေတီတော်၏ အရှေ့မြောက်ဖက် တနင်္ဂနွေထောင့်တွင် အများကောင်းမှုဖြင့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဆောက်လုပ်ပူဇော်၍ မြတ်စွယ်တော်ပွားအား အများပြည်သူများ ဖူးမျှော် ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။
သုမေဓာရှင်ရသေ့နှင့်ကြင်ယာတော်တို့အားဒီပင်္ကရာမြတ်စွာဘုရားမှဗျာဒိတ်ပေးဟန်
ရာမ္မာဝတီနေပြည်တော်သို့ဒီပင်္ကရာမြတ်စွာဘုရားရဟန္တာအရှင်မြတ်လေးသိန်းနှင့်အတူ ကြွလာတော်မူစဉ် ဂေါတမမြတ်စွာလုရားလောင်းလျာသုမေဓာရှင်ရသေ့နှင့် ယသော်ဓရာ မင်းသမီးလောင်းလျာသုမိတ္တာတို့ နိယတဗျာဒိတ်တော်ဆုထူးပန်ဆင်ခဲ့ကြသည်။ သုမေဓာရှင်ရသေ့သည် ရွှံ့ညွန်ထဲခန္တာကိုယ်ကို တံတားခင်းလှူနေစဉ် သုမိတ္တာအမျိုးသမီးလည်း ကြာပန်းရှစ်ခိုင်ကို ယူလာ၏။ သုမေဓာရှင်ရသေ့အား ကြာပန်းငါးခိုင်ပေးပြီး သုမိတ္တာသည် ကြာပန်းသုံးခိုင်ဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအားပူဇော်ကြသည်။ သုမေဓာခေါ်မှတ်ရသေ့မြတ် ဤသုမေတ္တာအမျိုးသမီးသည် သင်၏ ဘုရားဖြစ်ရန် အကျိုးငှာ စိတ်တူ ကံတူ အညီအမျှပြုလုပ်သူ ကိုယ်နှုတ်နှလုံးသုံးပါးနှင့် ချစ်ခင်နှစ်သက်သူဖြစ်ပေလိမ့်မည်။နောက်ဆုံးပစ္ဆိမဘဝ၌ သင်သည်ဂေါတမမြတ်စွာဘုရားဖြစ်၍ သုမိတ္တာသည် ယသော်ဓရာထေရ်ရီမ ဖြစ်လာပေ လိမ့်မည်ဟု ဗျာဒိတ်ထား မိန့်ကြားတော်မူ၏။
ဦးကျွန်းနတ်နန်း
ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ရောက်ရှိပြီး ထီးသုဉ်း နန်းသုဉ်းဖြစ်နေချိန်တွင် ကောင်းမှုတော်စေတီတော်မြတ်ကြီးမှာ ဖောင်းရစ်တော်မှ အထက်သို့ပြိုကျနေသည့် စေတီငုတ်တိုဘဝရောက်ရှိနေပြီး သစ်ပင်ခြုံနွယ်များ အုပ်ဆိုင်းနေသည့်အတွက် စေတီမှန်း လူတိုင်း မသိရှိချိန်တွင် ရခိုင်စုရွာမှ တောလိုက်မုဆိုးကြီး ဦးဖိုးချွန်မှ တောကြောင်လိုက်ရင်း တောကြောင်က စေတီငုတ်တိုပေါ်မှ စေတီအလယ်ချိုင့်ဝှမ်းထဲသို့ ဝင်ပြေးသဖြင့် ဦးဖိုးချွန်မှ ဝင်ကြည့်ရာ တောကြောင်မတွေ့တော့ပဲ စေတီငုတ်တိုမှန်း သိသွားသဖြင့် လဲဘူးရွာမှ လူကြီးမင်းများဖြစ်ကြသော ဦးဝင်း၊ ဦးမောင်ကြီး၊ ဦးနု စသည့် လူကြီးမင်းများအား အကြောင်းကြားခဲ့ရာ ကန်တော်ကျောင်းဆရာတော် ဦးနန္ဒိယ နှင့်တိုင်ပင်၍ ဆရာတော်ကိုယ်တိုင်ဦးစီးကာ စေတီတော်အား အသစ်တစ်ဖန် ပြန်လည်ပြုပြင်ခဲ့ပါသည်။
မဟာဗောဓိညောင်ပင်
ကောင်းမှုတော်ဘုရားရှိ မဟာဗောဓိပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က စိုက်ပျိုးပူဇော်ခဲ့ပါသည်။ ကောင်းမှုတော်စေတီရင်ပြင်၏ အင်္ဂါထောင့်တွင် တည်ရှိပါသည်။ မဟာဗောဓိပင်ပတ်လည်တွင် ဂြိုဟ်ရှစ် ခွင်ဘုရားများ ပူဇော်ထားပြီး အများပြည်သူများ မြတ်စွာဘုရားအား ရေသပ္ပါယ်နိုင်ရန် စီစဉ် ဆောင်ရွက် ထားပါသည်။
သိုက်ချုပ်ဘုရား
သိုက်ချုပ်ဘုရားနေရာတွင် နှစ်ပေါင်း ရာကျော်နေသော စကားဝါပင်သည် အရွယ်မပြောင်းလဲပဲ ပေါက်ရောက်နေပြီး သိုက်အဆက်ရှိသော ပုဂ္ဂိုလ်များ လာရောက်ပူဇော်ကြပါသည်။ စကားဝါပင်သေဆုံးချိန်တွင် မူလအပင်အောက်တွင် ရှိသော ပလ္လင်နှင့်ရုပ်ပွားတော် ကို ယခုဆက်လက်ပူဇော်နေကြပြီး စကားဝါပင် အသစ် စိုက်၍ ပူဇော်ထားပါသည်။