ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ ဘုရားသမိုင်း
မင်းတရားရွှေထီးသည် မြန်မာသက္ကရာဇ် ၉၁၁ခု၊ တပို့တွဲလ၊ ခရစ်နှစ် ၁၅၄၉ ခုနှစ်တွင် ဟံသာ၀တီ ရွှေမြို့တော်မှ ပညာရှိများ၏ လျှောက်တင်ချက်အရ ပန်းတနော်တပ်သို့ ပြောင်းရွှေ့၍ စံတော်မူလေသည်။ထိုအချိန်တွင် ဒလမြို့၌ မွန်သူပုန်များ ထကြွနေခြင်းကြောင့် နှိမ်နင်းရန် ယောက်ဖတော် စစ်ဗိုလ်ချုပ်ကြီး ဘုရင့်နောင်သည် ညီတော် မင်းတရားရွှေထီးကိုစောင့်ရှောက်ရန် မိမိ၏ညီသီဟသူကိုပဲခူးဟံသာ၀တီမြို့အား အစောင့်အဖြစ်ဖြင့် တာဝန် ပေးကာ စစ်တောင်းစား သမိန်စောထွတ်နှင့် မုတ္တမစား စောလဂွန်းအိမ်တို့ကို မင်းတရား၏ သက်တော်စောင့် အဖြစ် တာဝန်ပေးခဲ့ပေသည်။
မင်းတရားရွှေထီးသည် ပန်းတနော်ကနေပြီး ရခိုင်တပ်သို့ ပြောင်းရွှေစံနေပေသည်။ ရခိုင်တပ်၌နေစဉ် သမိန်စောထွတ်က အရှေ့ဘက်’ကသာ’ အမည်ရှိသော အရပ်၌ ဆင်ဖြူပေါ်ကြောင်း သတင်းရသည်ဟု မင်းတရားအား လှည့်ဖျားသဖြင့် မင်းတရားက “ငါ ဆင်ဖြူရတော့မယ်” ဟု ဆိုကာ မုတ္တမစား စောလဂွန်းအိမ်ရှိ မုတ္တမသို့ သွားရောက်ပြီး လူသူစုရုံးစေလေသည်။ စောလဂွန်းအိမ်က “ကျွန်တော်မျိုးကို မင်းတရားနှင့် မကွဲမကွာ နေမည်ဟု နောင်တော်က အမှာရှိခဲ့ပါသည်ဘုရား” ဟု လျှောက် ထားသော်လည်း “ငါ့နားတွင် သမိန်စောထွတ် ရှိ ပေပြီ။ သင်သာ သွားချေလော့”ဟု အမိန့်တော်ရှိသဖြင့် အမိန့်တော်ကို မဆန်ဝင့်၍ ထွက်သွားခဲ့ရပေသည်။ သမိန်စောထွတ်လည်း မိမိ၏ညီ လက်ဝဲထားမှူးနှင့်အထက်က တိုင်ပင်ရင်း ရှိခဲ့သည်အတိုင်း သက္ကရာဇ် ၉၁၁ ခု၊ ကဆုန်လပြည့်ကျော်တစ်ရက်၊ ဗုဒ္ဓဟူးနေ့သို့အဝင် ညဉ့်သုံးချက် တီးကျော်အချိန်တွင် ခရစ်နှစ် ၁၅၄၉ ခု၌ ဘဝရှင် မင်းတရား စက်တော်ခေါ်စဉ် လက်ဝဲထားမှူးသည် မိမိစွဲသောဓားနှင့်လုပ်ကြံခဲ့လေသည်။ ဦးခေါင်းပြတ်၍ သလွန်အောက်သို့ စင်ကျလေသည်ကို မိုးသောက်မှ ကြည့်ရှုကြသော် သက်ရှိသောသူကဲ့သို့ မျက်တောင်တစ်ချက် ခတ်သည်ကို တွေ့ကြရသည်။ နေ့တစ်ချက်တီးကျော်မှ ငြိမ်သည်ဟူ၏။ မင်းတရားရွှေထီး၏ အလောင်းတော်ကို ဇောတိကာရုံ ဆရာတော်ကြီးက တောင်းပန်၍ ကောင်းမွန်စွာသင်္ဂြိုဟ်ခဲ့ရလေသည်။ မင်းတရားရွှေထီးနတ်ပြည်စံ သောအခါ အိမ်နိမ့်တစ်ဆယ်ငါး၊ စည်းစိမ် ၂၀ သို့ အဝင် သက်တော် ၃၅ နှစ်တွင် ဖြစ်ခဲ့ပေသည်။ ထို့နောက် စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့၍ အပါးတော်တွင်စေပါးတော်မူသော “တုရင်သီဟ”အမည်ရှိသော အမတ် သည် နောက်ပါနှစ်ဦးနှင့် တပ်တော်က ပြေးထွက်ခဲ့ရာ ညဉ့်သုံးချက်တီးအကျော်တွင် ဟံသာဝတီသို့ ရောက်ခဲ့ပေသည်။
တုရင်သီဟရောက်၍ အကြောင်းမျိုးစုံကို ဘုရင့်နောင်မိဖုရားကြီးကြားတော်မူလျှင် ယင်းသည့် အကြောင်း မျိုးစုံကို စာရေး၍ မြောက်သားတော်ရှိရာ ဒလမြို့သို့ ”တုရင်သီဟ”ကိုပင် စေတော်မူလိုက်လေသည်။ ဘုရင့်နောင် ညီတော်မြို့စောင့်သီဟသူမှာ ဆင်လုံးမြင်းရင်းနှင့်လိုက်လိုသောမြို့တော်အတွင်းရှိမှူးမတ်တို့ကို ခေါ်၍ တောင်ငူသို့ အပြင်းချီလျက် ကေတုမတီကိုပြင်ဆင်ပြီးလျှင် ”မင်းခေါင်”ဟူသောအမည်ကို ခံယူကာ ခြားနားလေတော့၏ ။ သမိန်စောထွတ်သည် “သမိန်စက္ကဝေါ”ဟူသော ဘွဲ့ကို ခံယူပြီး စစ်တောင်းတွင် တစ်လခွဲခန့်နေပြီးမှ သီဟသူသည် ပဲခူးမှ ကေတုမတီသို့သွားလေပြီဟူသော သတင်းကို ကြားရမှ စစ်တောင်းမှ ပဲခူးရာဇာလည်း “သတိုးသူ” ဟူသော ဘွဲ့ကိုယူပြီး ပြည်မှ ခြားနားကြသဖြင့် တစ်ပြည်လုံးဝါးစည်းပြေသကဲ့သို့ ကသောင်းကနင်း ဖြစ်ခဲ့ရလေသည်။
ဘုရင့်နောင်သည်လည်း မိဖုရားကြီး လွှတ်လိုက်သော တုရင်သီဟရောက်လာသောအခါ မှူးမတ်များကို စုရုံး၍ မည်သို့လုပ်သင့်သည်ကို တိုင်ပင်ကြလေ၏။ အမျိုးမျိုးပေးသော အကြံဉာဏ်များတွင် ရန်အောင်ဘီလူး အမည်ရှိသောမြန်မာအမတ်တစ်ဦးက “ဒလသည်မွန်နိုင်ငံဖြစ်သဖြင့် စိတ်မချသင့်ပါ။ ခမည်းတော်၏ ကေတုမတီသို့ဝင်ပြီး မြန်မာများကို စုစည်းရန်လိုပါသည်” ဟု လျှောက်သည်ကို သဘောကျသဖြင့် မွန်၊ ရှမ်း၊ မြန်မာမှူးမတ်များကို သစ္စာပေးပြီး ကေတုမတီသို့ ထွက်ခဲ့လေသည်။
မွန်မြန်မာတို့၏ နယ်စပ်မြို့ဖြစ်သော “ဟင်းစနွေ”မြို့သို့ ရောက်သောအခါ ပဲခူးမှ အခြွေအရံများနှင့် ရွှေဝေါစီး၍ ထွက်လာသော မိဖုရားကြီးနှင့် တွေ့ဆုံကြလေသည်။ ထိုအခါမှ သီဟသူသည် မရီးတော်ကို စွန့်ခဲ့ပြီး တောင်ငူမှ ခြားနားကြောင်း အကြောင်းစုံကို သိရလေသည်။ ဟင်းစနွေတွင် ၄ ရက်မျှ နားကြပြီး ကေတုမတီသို့ ခရီးဆက်ခဲ့ရာကေတုမတီနှင့် ၁၀ တိုင်ကျော်ခန့်ကွာဝေးသောရွာသစ်ကြီးအမည်ရှိသောစခန်းသို့ရောက်ခဲ့သောအခါ မြို့သစ်ရေပုပ်တပ်ကို“ဇေယျဝတီ”ဟုသမုတ်၍ ဗိုလ်ဝင်ခံကာနှစ်လခန့်နားနေခဲ့သည်။ထိုအခါ သီရိဇေယျနော်ရထာ အမည်ရှိသော အမတ်က လျှောက်သည်မှာ “ယခုအရေးသည် နှေးနှေးဖြည်းဖြည်း လုပ်ကြံခဲ့ရမည့်အရေးမဟုတ်။ လျင်လျင်ဆောဆောစစ်ဦးဘီလူးပါလုပ်ကြံတော်မူရမည့်အရေးဖြစ်သည်။ညီတော်မင်းခေါင်လည်း တောင်ငူနေရင်း မဟုတ်။ ယာယီသာဖြစ်သည်။ အရေးအရာ မညီညွတ်ခင် ကေတုမတီသို့ အလျင်ချီတော်မူ၍ လုပ်ကြံမှ သင့်မည် ထင်သည်”ဟု လျှောက်၏။ ဘဝရှင် မင်းတရားကြီးလည်း သီရိဇေယျနော်ရထာလျှောက်သောအရေးသည် သင့်လှသည် ဟူ၍ မိန့်တော်မူပြီးလျှင် တောင်ငူသို့ ချီတော်မူသည်။ ရေအား၊ ကြည်းအား နှစ်ဖက်ညှပ်၍ အေဒီ-၁၅၅၀၊မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်၊တော်သလင်းလပြည့်ကျော်နှစ်ရက်၊အင်္ဂါနေ့တွင် ကေတုမတီသို့ချီတော်မူသည်။ စစ်သည်သူရဲ နှစ်သောင်းငါးထောင်နှင့် မြို့ကြီးအရပ်ကိုလည်းကောင်း၊ ကဲလင်းအရပ်ကို လည်းကောင်း တပ်ခိုင် တပ်လုံတည်၍ရံရလေသည်။မင်းခေါင်က တပ်မတည်နိုင်အောင်တိုက်ဖျက်သော်လည်း မဖျက်ဆီးနိုင်၍ တောင်ငူသားတို့ ကျဉ်းမြောင်းရလေသည်။ လေးလဝန်းရံထားသောအခါ မြို့တွင်းသားတို့ အပြင်သို့ ပြေးလာကြ ရလေသည်။ ဤသို့အားဖြင့် တောင်ငူသားတို့ မခံနိုင်ကြသဖြင့် မင်းခေါင်လည်း ခမည်းတော်ဆရာတော်ကြီးကို တောင်းပန်၍စည်းစိမ်မပျက်၊ အသက်မသေ ရှိပါမည့်အကြောင်း လျှောက်ထားရလေသည်။ ဆရာတော်ကြီးမှ ညှိနှိုင်းပေးတော်မူသောကြောင့် အေဒီ-၁၅၅၀၊ မြန်မာသက္ကရာဇ် ၉၁၂ ခု၊ တပို့တွဲလဆန်း ခုနှစ်ရက်၊ တနင်္ဂနွေနေ့၌ အရေးတော်ပြီးသည်။ ထိုသို့ ပြေငြိမ်းသောအခါ အမှုထမ်းတို့ကို သစ္စာပေးတော်မူ၍ အမှုတော်ထမ်းကြရသည်။ ပြည်အလုံးကို စီရင်ခန့်ထားတော်မူ၍ ယာယီနန်းဆက်၍ ဘိသိက်ခံတော်မူလေသည်။
မင်းတရားကြီးသည် တောင်ငူကို အနေအထား အသားကျအောင် ဆောင်ရွက်ပြီးလျှင် ညီတော် သားတော်နှင့် မှူးမတ်တော်တို့ကို ခေါ်၍ “ယခု ငါသည် သရေခေတ္တရာကို ရှေးဦးစွာ တိုက်ယူရလျှင် သင့်မည်လော၊ဟံသာဝတီကိုသိမ်းယူရလျှင် သင့်မည်လော၊အင်း၀ကိုစစ်ချီရလျှင် သင့်မည်လော”ဟု တိုင်ပင်လေသည်။အချို့သောမှူးမတ်တို့ကမင်းတရားကြီးသည်တောင်ငူတွင်ခံနေပြီးညီတော်သားတော်တို့ကို အင်း၀သို့စစ်ချီရလျှင် သင့်ပါသည်ဟုဆိုကြသည်။ထိုအခါနန္ဒစည်သူအမတ်က ဤသို့ လျှောက်ထားလေသည်။ “ယခု ကေတုမတီကို အခြေပြုရချေပြီး တောင်ငူတွင် တလိုင်း၊မြန်မာ၊ရှမ်း အစုစုရှိပေသည်။မြန်မာကအားနည်းနေပါသည်။ဟံသာ၀တီတွင်တလိုင်းများပေသည်။မြန်မာအင်အားကောင်းစေရန်ပြည်မြို့ကိုရှေးဦးစွာ သိမ်းသွင်းသင့်ပါသည်။ပြည်တွင် မြန်မာတို့အားကောင်း ပေသည်။ မြန်မာအင်အားများပြားရန် လိုအပ်လှပေသည်။ရှေးဦးစွာ ပြည်ကို သိမ်းသင့်ပါသည် ဟု နန္ဒစည်သူက လျှောက်တင်လေသည်။ကြာချေသော် ပြည်စားသတိုးသူသည် အကြံအစည်များ၍ အမှီအခို ရှာပေမည် ဟူသောအဆိုကိုမင်းတရားကြီးသဘောကျ၍ ရှေးဦးစွာသရေခေတ္တရာကို သိမ်းယူရန်စီမံတော်မူပေသည်။ အေဒီ ၁၅၅၀ ခု၊သက္ကရာဇ် ၉၁၂ ခု၊ရန်ကူးလဆန်း ၂ရက်၊သောကြာနေ့ ပြည်မြို့သို့ ပထမ အကြိမ် ချီတက်တော်မူသည်။ထိုအခါတွင် ပြည်မြို့ကို မရချေ။မြို့ပေါ်က လက်နက်ခဲယမ်းများသဖြင့် မင်းတရားကြီးတပ်များ မြို့ခြေသို့ မကပ်နိုင်ချေ။ အဝေးကသာ ဝိုင်းဝန်းနေရလေသည်။ ရဲမက်တော်များ အထိအခိုက်များသဖြင့်ပြည်မြို့ကိုလွှတ်ပြီး မြေထဲ၊သရက် စသောအထက်မြို့များကို တိုက်ခိုက် ယူရလေသည်။ အညာတလွှား လက်နက်နိုင်ငံ ဖြစ်ပြီးမှဝင်လာသမျှ မြို့စားများကို သစ္စာပေးပြီးလျှင် မြေထဲမြို့ကို အင်အားဖြည့်တင်းကာ ညီတော်သတိုးဓမ္မရာဇာ ညီတော်အငယ် မင်းရဲကျော်ထင်တို့ကို ဦးစီးပြုပြီးလျှင်စကုစား၊စလင်းစား၊မလွန်စား၊မကွေးစား၊ဖျင်တစား၊ပလဲစား စသူတို့ကို မြေထဲမြို့တွင် အခိုင်အမာနေစေပြီး အေဒီ ၁၅၅၀ခု၊သက္ကရာဇ် ၉၁၃ ခု၊ဝါဆိုလပြည့်ကျော် နှစ်ရက်၊ဗုဒ္ဓဟူးနေ့တွင် ကေတုမတီ သို့ပြန်ချီခဲ့ပေသည်။မင်းတရားကြီး ကေတုမတီသို့ရောက်၍ တစ်လကျော် ခန့်ရှိလျှင် ပြည်သတိုးသူ၏ ကျွန်းရာဇမနော်ဆိုသူသည် ပြည်မှ ထွက်ပြေးလာပြီး တောင်ငူသို့ ဝင်လာခဲ့သည်။ မင်းတရားကြီးက ခေါ်၍စစ်မေးစေသောအခါ သတိုးသူနှင့် မှူးမတ်များ စိတ်မတူညီဖြစ်နေ ကြောင်း၊ မှူးမတ်များက လက်နက်ချရန် ပြောဆိုသောအခါ ငါသူ့ကျွန်မခံဘူး၊ ရခိုင်ကိုပြေးမည်၊ ရခိုင်ကျွန်ခံမည်ဟု ပြောသည့်အကြောင်းမှုးမတ်များနှင့် မညီမညွတ် ဖြစ်နေကြ၍သွားတိုက်လျှင်အမြန်ရနိုင်ကြောင်း လျှောက်ထားလေသည်။မင်းတရားကြီးလည်းဖြစ်သည်းဖြစ်နိုင်သည်ဟုယူဆကာပြည်သို့တစ်ခေါက်ပြန်၍ ချီတက်ရန်ပြင်ဆင်စေခဲ့လေသည်။စစ်မထွက်မီ ကောင်းမှုတော် ဘုရားကြီးကို ပြုလုပ်ရန် စီမံဆောင်ရွက်၍ အောင်မြေနင်းပြီးအေဒီ ၁၅၅၁ခု၊သက္ကရာဇ် ၉၁၃ ခု၊တော်သလင်းလပြည့်ကျော် ၆ရက်၊ကြာသပတေးနေ့ သရေခေတ္တရာသို့ဒုတိယအကြိမ် ချီတက်ခဲ့လေသည်။ ပြည်သို့ရောက်လျှင် ညီတော်မင်းခေါင်နှင့်သီရိဇေယျနော်ရထာတို့ နှစ်တပ်သားသည် မင်းတရားကြီးနှင့်အတူစခန်းမချဘဲ ပြည်မြို့တောင်ဖက်တံခါးကိုဆင်နှင့်တိုက်ဖောက်၍ သတိုးသူ၏အိမ်သို့ ဝင်ရောက်ဖမ်းယူပြီး မင်းတရားကြီးထံ ဆက်သသဖြင့်မင်းတရားကြီးက “သတိုးသူသည် ငါ့ကျွန်ကားမခံ ရခိုင်ကျွန်ခံမည် ဆိုခဲ့သည်မဟုတ်လော”ဟုဆိုပြီးကွက်မျက်ပစ်ခဲ့လေသည်။နောက်မှတစ်ဖန် သနားပြန်ကြောင်း အဆိုရှိခဲ့လေသည်။ ဒုတိယအကြိမ် ပြည်သို့ချီတက် တိုက်ခိုက်ခဲ့သည်မှာ ခက်ခက်ခဲခဲ မလုပ်ရဘဲ အောင်မြင်ခဲ့၍ကောင်းမှုတော်ဘုရားကြီး၏အောင်မြေကိုလူအများကလေးစားယုံကြည်ခဲ့ကြပေသည်။
မင်းတရားကြီးသည် ပြည်မြို့ကိုရပြီးနောက် ညီတော် ကို သတိုးဓမ္မရာဇာ ဘွဲ့နှင့် ပြည်မြို့စား အဖြစ် ခန့်အပ်ကာ စစ်သည်အများနှင့် မြောက်ဖက်ရှိ မြို့များကို တိုက်ခိုက်သိမ်းယူပြီး အင်းဝ လုပ်ကြံရန်စီစဉ်နေခိုက် ဟင်းစနွေကို မွန်တို့တိုက်ခိုက်လာ၍ ကျွန်တော်များပြေးခဲ့ရကြောင်း လျှောက်တင်သဖြင့် အင်းဝကိုမတိုက်ခဲ့ရဘဲ ကေတုမတီ သို့ပြန်လာခဲ့ရပေသည်။အေဒီ၁၅၅၁ခု၊သက္ကရာဇ် ၉၁၃ ခု၊တန်ခူးလဆန်း ၆ရက်၊တနင်္ဂနွေနေ့တွင် ဟံသာဝတီသို့ ချီတက်တော်မူလေသည်။ဆင်ချင်းယှဉ်၍ စီးထိုးသောအခါ သမိန်ထောရာမစီးသောဆင်ကို မင်းတရားကြီးစီးသောဆင်တော်ဥပေါသထက ထိုး၍ စွယ်လုံးကျွံကာ ရန်သူ့ဆင်လဲသေလေသည်။သမိန်ထောရာမလည်း ဆင်မှကျ၍မြင်းထက်သို့ စီးပြီးလျှင် အနောက်ဘက်သို့ ပြေးခဲ့လေသည်။ မင်းတရားကြီးလည်း ဟံသာဝတီကို ရပြီး ဧကရာဇ်မင်းဖြစ်ရန် ကြိုးပမ်းလေသည်။မင်းတရားကြီးဧကရာဇ် မဖြစ်မီ တောင်ငူကောင်းမှုတော် စေတီကြီးကို မိဖုရားကြီးအား လွှဲအပ်ဆောင်ရွက်သည့် အတွက် ကောင်းမှုတော် ဘုရားကြီး၏ ဒါယိကာမမှာ အတုလသီရိမဟာ ရာဇဒေဝီ ဘွဲ့ခံ မိဖုရားကြီး ဖြစ်ခဲ့ကြောင်း သိရပေတော့သည်။ ဘုရားကြီးကို စတင်ဆောင်ရွက်ခဲ့သည့် သမိုင်း ဤတွင်ပြီး၏။
သက္ကရာဇ် ၉၄၆ခုနှစ်၊ အေဒီ ၁၅၈၄တွင် ရွှေဆံတော်ဒါယကာတောင်ငူဘုရင် မဟာသီဟသူရဓမ္မရာဇာမင်း နတ်ပြည်စံသဖြင့်သားတော်ကြီးမင်းရဲကျော်ထင်ဘွဲခံအိမ်ရှေ့မင်းသည် မင်းရဲသီဟသူဟူသောဘွဲဖြင့် ခမည်းတော်အရိုက်ရာကိုခံယူတော်မူခဲ့လေသည်။ ဤမင်းသည် တောင်ငူရွှေနန်းတော်ကို အသစ်တဖန်တည်ဆောက်ခဲ့သဖြင့် “ရွှေနန်းတည်မင်း”ဟု ခေါ်ကြပေသည်။ ထိုမင်း၏မိဘုရားကြီးအား “မင်းခင်စော”ဟု အမည်တွင်ပေသည်။ ထိုမင်းကြီးနှင့်မိဘုရားကြီးတိုမှ သားတော်ကြီး နတ်သျှင်နောင်နှင့် သားတော်သုံးပါးဖွားမြင်တော်မူလေသည်။ သက္ကရာဇ် ၉၄၆ခုနှစ် အေဒီ ၁၆၀၂ခုနှစ်တွင် တောင်ငူထီးနန်းကို အသစ်တည်ဆောက်ပေးခဲ့ပေသည်။ ထိုကြောင့် ထိုမင်းကြီးသည် ရွှေနန်းတည်မင်းကြီးဟု လူသိများခဲ့ပေသည်။ ထိုမင်းကြီးသည် မြိုကိုလည်း မွမ်းမံရုံသာမက အတုလသီရိ မဟာရာဇဒေဝီမိဖုရားကြီး (ဘုရင့်နောင်၏) မြောက်သားတော်တည်ခဲ့သော ကောင်းမှုတော်ဘုရားကြီးကို ဉာဏ်တော်ငါးထောင် နှစ်မိုက်မြှင့်၍ ပြန်လည် ပြင်ဆင်တော်မူခဲ့ပေသည်။ ထိုအခါမင်းကြီး ပဲခူးကိုသိမ်းခဲ့စဉ်က ရခဲ့သော ဓာတ်တော်များ၊ ဆင်းတုများကို ထိုဘုရားကြီးအတွင်းသို ထည့်သွင်းမြှပ်နှံကာ ရွှေ၊ ငွေ ရုပ်ထုများ၊ ကိုယ်လေးတော်များကို ထည့်သွင်းပူဇော်ခဲ့ကြောင်း သိရပေသည်။ ယင်းမင်းတရားကြီးလှူဒါန်းတော်မူခဲ့သည့် ဘုရားမြေအလား လေးရပ်မှ တောင်ကိုလားသော် မင်းကြီးညိုလက်ထက် လယ်တော်မင်္ဂလာပြုခဲ့သည့် (လယ်တော်ကြီး) ကင်းဆိပ်ရွာဦးတွင် ရှိသည်။ အနောက်ကိုလားသော် ထန်းကုန်းရွာအနောက်တွင် ကျောက်တိုင်စိုက်ခဲ့သည်။ အရှေ့ကိုလားသော် စင်တံခါး(နတ်ကြီးတံခါး)အထွက် ကျုံးထိပ်တွင် ကျောက်တိုင်စိုက်လျက် သတ်မှတ် လှူဒါန်းတော်မူခဲ့ပါသည်။ ဘုရားကုန်းတော် ပတ်ဝန်းကျင်တွင် တန်ဆောင်းများ ဆောက်လုပ်ပြီး ဆရာတော်ကြီးများအား ဆွမ်းသင်ပုတ်စင်စေလျက် ပစ္စည်းလေးပါး လှူဒါန်းတော်မူပြီးလျှင် ဆင်းရဲသူ ဆင်းရဲသားများအားလည်း မျိုးရိက္ခာတိုကို လှူဒါန်းလျက် အကျဉ်း၌ ကျနေခဲ့ရသော သူများကိုလည်း လွတ်ငြိမ်းခွင့်ပေးကာ အနုမောဒနာ ပြုတော်မူခဲ့လေသည်၊။ ဤသည်တိုကား ကောင်းမှုတော်ဘုရားကြီးကို ဒုတိယအကြိမ် ပြုပြင်လှူဒါန်းခဲ့သည့် ရွှေနန်းတည်မင်းကြီး၏ အကြောင်းအရင်းများပင် ဖြစ်ပါပေသည်။
တောင်ငူကောင်းမှုတော်ဘုရားကြီးကိုဘုရင့်နောင်မင်းတရားကြီးနှင့်မိဖုရားအတုလသီရိမဟာရာဇဒေ၀ီမိဖုရားကြီးတို့ ခရစ်နှစ် ၁၅၅၁ခုနှစ်က စတင်တည်ထောင်ဖန်တီးတော်မူခဲ့ပြီး ဒုတိယအကြိမ် ရွှေနန်းတည်မင်းကြီးနှင့် မိဖုရားကြီးတို့ခရစ်နှစ် ၁၆၀၂ ခုတွင် ပြန်လည်ပြင်ဆင်ခဲ့ကြသော်လည်း မြန်မာသက္ကရာဇ်၁၂၄၇ ခုနှစ် ခရစ်နှစ်၁၈၈၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သဖြင့် ထီးသုဉ်း၊ နန်းသုဉ်း၊ မြိုသုဉ်းသုညဖြစ်ခဲ့သောအခါ ဘာသာသာသနာကို ကြဉ့်ရှုမွမ်းမံမည့်သူ မရှိခဲ့သဖြင့် ကာလအတန်ကြာပျောက်ပျက်ခဲ့ရပေသည်။ မြန်မာနှစ်၁၂၄၁ခုနှစ် ၊အေဒီ၁၈၇၉ခုနှစ်တွင် ရခိုင်စုရွာမှ တောလိုက်ဝါသနာပါသူ ဦးဖိုးချွန်ဆိုသူသည် တောကြောင်ကိုလိုက်ချိန်တွင် ကြောင်ကိုမတွေ့ရဘဲ ဘုရားဟောင်းဖြစ် ခြုံများဖုံးနေသည်နှင့်ကို ရွှေကြုတ်၊ငွေကြုတ်များနှင့်ဓာတ်တော်များ စေတီများ ရုပ်ပွားတော်များကို တွေ့ရသဖြင့် ဦးဖိုးချွန်သည် ရွာထဲရှိ လူကြီးများဖြစ်ကြသည့် ဦးမောင်ကြီးနှင့် ဦးနုတို့ကိုသတင်းပို့သဖြင့် ထိုပုဂ္ဂိုလ်များ လိုက်လံကြည့်ရှုပြီး အတွင်းရှိ ပစ္စည်းများကို ယူလာခဲ့ကြသည်။ ပြည်သူများအား ဖူးမြော်ကြရန် မိန့်တော်မူကြပြီး ဘုရားကြီးကို ဖုံးနေသော ခြုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ဖန်တီးခဲ့လေသည်။ မြို့သူမြို့သားများ ဝိုင်းဝန်းလှူဒါန်း၍ ဘုရားကြီးကိုပြင်ကြရာ ၁၂၄၁ခုနှစ် ၊တပို့တွဲလ ၁၂ရက်နေ့တွင် ဘုရားကြီးကို ထီးတော်တင် လှူကြလေသည်။ထိုထီးတော်တင်ပွဲတွင် ပန်းရထားကြီးကိုစီးလျက် လိုက်ပါခဲ့သည်။ လဲဘူးရွာတောင်ဘက် ရေချမ်းရွာမှ ဦးကျွန်းဆိုသူသည် ပန်းရထားကြိုးပြတ်ပြီး အောက်သို့ လွင့်စင်ကျခဲ့သဖြင့် အနိစ္စရောက်ရကြောင်းသက်ကြီးရွယ်အိုများ ပြောစမှတ်ရှိခဲ့သည်ကို သိခဲ့ရပါသည်။ ကိုဖိုးကျွန်းသည် ဘုရားပေါ်မှကျ၍ အသက်ပျောက်ခဲ့ပြီးကွမ်းတစ်ရာညက်ခန့် အကြာတွင် ထီးတော်တင်ပွဲသို့ လာကြသော ပြည်သူများအတွင်းမှ မိန်းမကြီးတစ်ဦးကို ပူးကပ်ပြီး မိမိမှာ ဖိုးကျွန်းဖြစ်ကြောင်း ငိုယို၍ ပြောပြသည်ဟု ဆို၏။ လူကြီးများက မင်းဖိုးကျွန်းမှန်ခဲ့လျှင် မင်း၏ဆွေစဥ်မျိုးဆက်အဖြစ်အပျက်ကို ပြောနိုင်ပါမှငါယုံကြည်နိုင်မည်ဟု ပြောသောအခါအမှန်များကို တိကျစွာပြောနိုင်သဖြင့် မင်းကိုငါတို့ယုံပါပြီ။ မင်းဘာအလိုရှိသည်ကို ပြောပါဟု ဘုရားလူကြီးက ပြောသောအခါဖိုးကျွန်းက “ကျွန်တော်ဤ ဘုရားကြီးကိုစောင့်ရှောက်ပါမည်။ ကျွန်တော်နေထိုင်ရန် နတ်ကွန်းတစ်ခုဆောက်ပေးပါ။ တပို့တွဲလ ဘုရားပွဲ ဖြစ်တိုင်း ကျွန်ုပ်ကို ဖျင်ဖြူဖျင်နီနှင့် အလံဖြူ အလံနီများ နှင့်နတ်ပွဲပါပေးပါဟု တောင်းဆိုခြင်းကြောင့် ထိုအခါမှစ၍ ယခုတိုင် အစဉ်အလာ ရှိခဲ့သည်ကို ရိုးရာအဖြစ်သိရှိရပါသည်။ဤဘုရားကြီး၏ ပထမဆုံးသော ဒါယကာများမှာ ဘုရင့်နောင် မင်းတရားကြီးနှင့် အတုလသီရိမဟာရာဇဒေဝီမိဖုရားကြီးတို့ သက္ကရာဇ် (၉၁၂ ခုနှစ်၊ ခရစ်နှစ် ၁၅၅၀) ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပါသည်။ ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီး၏ တူတော် ရွှေနန်းတည်မင်းတရားနှင့် မိဖုရားတို ဉာဏ်တော် ၅ တောင် ၃ မိုက်မြှင့်တည်ခဲ့ပါသည်။တတိယအကြိမ် မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မြို့သူမြို့သားတို ဆရာတော်ဦးနန္ဒတို့ ကြီးမှူး၍ ပြန်လည်တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။ ၁၉၉၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြေငလျင်လှုပ်ခဲ့သဖြင့် မြို့ပေါ်ရှိ ဘုရားပုထိုး တော်တော်များများ ပျက်ဆီးခဲ့ရကာ နဝတအဖွဲ့က ဦးစီးပြီး ပြည်သူပြည်သားတို့၏ စေတနာဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရပါသည်။
မမြဲတဲ့ အနိစ္စာ
ဘုရားရှင်ကိုယ်တော်မြတ်ပင်
အင်ကြင်းမြိုင် ကုသိန်နန်းကိုလ
မြန်းခဲ့ရရှာ။
ထို့သူငါ လူမိုက်များမှလေ
ရှည်လျားတဲ့ သံသရာ
ကျွတ်မှာတော့ လွန်ဝေး။
အနုဿတိငယ် နှင့် ဗုဒ္ဓိရှင်မြတ်ဘုရားကို
ပွားများကြလေ။
ပု၊ဒိ၊အာ ဆုပြည့်စုံရပါလို၏။
ထိုသို့အေဒီ-၁၉၉၂ ခုနှစ်တွင် တောင်ငူ၌လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်တောင်ငူမြို့ဝန်းကျင်တွင်တည်ရှိသော ဘုရားကြီး ၁၃ဆူတို့ ပြိုပျက်ခဲ့သောကြောင့် နဝတအမိန့်ဖြင့် တောင်ငူမဝကအဖွဲ့က ဖွဲ့စည်းပေးခဲ့သည့် ငလျင်ဒဏ်ခံဘုရားများကို ပြန်လည်တည်ဆောက်မွန်းမံရန်အဖွဲ့တွင် စာရေးသူသည် အတွင်းရေးမှူးအဖြစ်ဖြင့် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ရပါသည်။ ထိုအဖွဲ့တွင် ဥက္ကဌအဖြစ်တောင်ငူရဲမင်းကြီး ဦးမြင့်သိန်းက စာရေးသူတို့ကို အမိန့်ပေး၍ ဆောင်ရွက်စေသဖြင့် ဆောင်ရွက်ခဲ့ရပါသည်။ ပျက်ဆီးခဲ့သောဘုရားများ၏ စာရင်းကို လိုက်လံစုဆောင်းရာ၌ စာရေးသူနှင့် ဦးလှမောင်(သမဝါယမဌာနအငြိမ်းစား)(မြစည်းခုံဂေါပက ဥက္ကဌ) တို့အတူသွားရောက်၍ စုဆောင်းခဲ့ရပါသည်။ တောင်ငူမြို့နယ်မဝတက ဦးဆောင်၍ ပဲခူးတိုင်းအတွင်းရှိ ၂၀ မြို့နယ်သို့ ဘုရားများကိုမွန်းမံရန် အလှူတော်ငွေများ လှည့်လည်အလှူခံကြပါသည်။ ပြိုပျက်ခဲ့သော စေတီတော်များ၏ သမိုင်းအကျဉ်းကိုလည်း စာရေးသူက ဦးလေးကြီး ဦးလှမောင်နှင့်အတူပြုစုခဲ့ရပါသည်။ (၂၈)မြို့နယ်သို့ တောင်ငူရွှေဆံတော်စေတီတော်ကြီး၏ ထီးတော်ကို လှည့်လည်၍ အဆိုပါ သမိုင်းအကျဉ်းစာအုပ်များကို ရောင်းချကာ အလှူခံခဲ့ရပါသည်။ ထိုသမိုင်းအကျဉ်းချုပ်စာအုပ်၌ ပြည်သူများ သဒ္ဓါစိတ်ပွားများစေရန် စာရေးသူက သမိုင်းအကျဉ်းချုပ်ကဗျာလေးများကို ဘုရားတစ်ဆူ ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့ပါသည်။ အလှူတော်ငွေများမှာလည်း အတော်အတန်ရခဲ့ကြကြောင်း သိရပါသည်။ ဘုရားများ၏ အပျက်အဆီးများကို အင်ဂျင်နီယာများက ခန့်မှန်း၍ ကုန်ကျငွေများကို ဘုရားအသီးသီးသို့ ပေးအပ်ခဲ့ရာ လောကုတ္တရာဘုရားကို (၇)သိန်းကျော်၊ သိမ်တော်ဦးဘုရားကို သုံးသိန်းခြောက်သောင်းကျော် စသဖြင့် ပံ့ပိုးပေးခဲ့ပါသည်။