မဟာစေတီတော်မြတ်ကြီး၏ မူလ ဘုရားဒါယကာဖြစ်သည့် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာ မင်းတရားကြီး သည် ဟံသာဝတီရွှေနန်းတော်ကြီးကို သိမ်းမြန်းပြီးနောက် သက္ကရာဇ်(၉၂၁)ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၂)ရက်၊ ကြာသပတေးနေ့တွင် အုတ်မြစ်ချ၍ အမြင့် သံတောင် (၁၅၀)အထိ တည်ဆောက်ပြီး သက္ကရာဇ်(၉၂၂) ခုနှစ်၊ ပြာသိုလပြည့်ကျော်(၂)ရက်နေ့တွင် ရတနာအတိပြီးသော ထီးတော်ကြီးကို တင်လှူတော်မူခဲ့ ပါသည်။
ဘုရင့်နောင်မင်းတရားကြီး သည် စေတီတော်မြတ်ကြီးကိုစတင် တည်ဆောက်သည့် အချိန်မှစ၍ စေတီတော်ကြီး ပြီးစီးသည့်တိုင်အောင် စေတီတော်ကြီး၏ အနောက်အရပ်၌ ပြဿာဒ်နန်း ဆောက်၍ စံမြန်းတော်မူခဲ့ပါသည်။ ထို့နောက် ရွှေနန်းတော်မှ ဓါတ်တော်များကို မင်းညီမင်းသား၊ မူးမတ်များ ကြပ်မတ်၍ မဟာစေတီတော်ကြီးသို့ ပို့ဆောင်တော်မူသည်။ ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ကလည်း မဟာစေတီတော်မြတ်ကြီး၏ အရှေ့အရပ်တွင် ကြီးစွာသော မင်းတဲဆောက်လုပ်၍ မိဖုရားခေါင်ကြီးနှင့် ကိုယ်လုပ်တော်၊ မောင်းမ မိဿံများ ခြံရံလျှက် ကြည်ညိုတော်မူသည်။ ထို ဓါတ်တော်များ ပို့သည့် မဟာသက္ကရာဇ်(၉၂၁)ခုနှစ်၊ နတ်တော်လဆန်း(၁၄)ရက်၊ တနင်္ဂနွေနေ့တွင် ရာဇဒေဝီရှင်မိဖုရားမှ သမီးတော်ကို ဖွားတော်မူ၍ ရာဇဓါတုကလျာဟု ကင်ပွန်းတပ်တော်မူသည်။ သက္ကရာဇ်(၉၂၁)ခုနှစ်၊ နတ်တော်လပြည့်ကျော်(၂)ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ မဟာစေတီတော်မြတ်ကြီးကို (၆)ကြိမ် ဌာပနာတော်မူခဲ့ပါသည်။ ထိုဓါတ်တော်များကို ပတ္တမြားစေတီတွင်ထည့်စေပြီး၊ ပတ္တမြားစေတီ ကို ရွှေစေတီ မြိုစေသည်။ ရွှေစေတီကို မိုးကြိုးစေတီ မြိုသည်။ မိုးကြိုးစေတီကို ငွေစေတီ မြိုသည်။ ငွေစေတီကို ကြေးနီစေတီ မြိုသည်။
သက္ကရာဇ်(၉၃၈)ခုနှစ်တွင် သီဟိုဠ်မင်း(ဓမ္မပါလမင်း)သည် မိမိ၏ ရန်သူတော်များကို တိုက်ခိုက်ရန် ဘုရင့်နောင်မင်းကြီး၏ စစ်ကူတော်များစေလွှတ်ပေးမှုကြောင့် ရန်သူတော်များကို အလွယ်တကူအောင်နိုင်ခဲ့သဖြင့် သီဟိုဠ်မင်းမှ ဘုရင့်နောင်မင်းတရားကြီးထံသို့ ၎င်းတို့ အစဉ်အဆက်ကိုးကွယ်ခဲ့သည့် စွယ်တော်အစစ်ကို ရွှေဖြင့် အတိပြီးသော စေတီ၌ ထည့်၍ ပူဇနိယ လက်ဆောင်အဖြစ် ပေးပို့ခဲ့သည်။ အဆိုပါ စွယ်တော်အစစ်ကို ဘုရင့်နောင်မင်းတရားကြီးထံသို့ မဆက်သမှီ စွယ်တော်ပွားတစ်ဆူကို အလျင်ကိုးကွယ်စိမ့်သောငှာ ပေးပို့ခဲ့သည့်အတွက် ယင်းစွယ်တော် ပွားအား ဘုရင့်နောင်မင်းတရားကြီးမှ မိမိ၏ ကောင်းမှုတော် မဟာစေတီတော်မြတ်ကြီး၏ ပတ္တမြားစေတီ တွင် ထည့်သွင်းဌာပနာခဲ့ပါသည် ။
သက္ကရာဇ်(၉၂၆)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် လှုပ်ခက်သော ငလျင်ဒါဏ် ကြောင့် မဟာစေတီတော်မြတ်ကြီးသည် ပထမအကြိမ် ပြိုကျခဲ့ရသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သက္ကရာဇ်(၉၂၈)ခုနှစ် တပေါင်းလဆန်း(၅)ရက်၊ သောကြာနေ့၌ မဟာစေတီတော်မြတ်ကြီး မင်္ဂလာထီးတော်အသစ်ကို ပြန်လည်တင်လှူပူဇော်ခဲ့ပါသည်။
ဤသို့ဖြင့် သက္ကရာဇ်(၉၄၃)ခုနှစ်၊ တန်ဆောင်းမုန်း လပြည့်၊ အင်္ဂါနေ့တွင် မဟာစေတီတော်မြတ်ကြီး၏ ဒါယကာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာ မင်းတရားကြီး နတ်ရွာစံတော်မူခဲ့ပါသည်။ မင်းကြီး မရှိသည့်နောက် သားတော် အာနန္ဒာဘုရင်လက်ထက် သက္ကရာဇ်(၉၄၄)ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့တွင် ငလျင်ကြီး လှုပ်ပြန်သည့် အတွက် မဟာစေတီတော်မြတ်ကြီးမှာ ဒုတိယအကြိမ် ပြိုပျက်ခဲ့ရပြန်သည်။ သားတော် အာနန္ဒာ ဘုရင်သည် သက္ကရာဇ် (၉၅၀)ပြည့်နှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ စနေနေ့၌ ခမည်းတော်၏ ကောင်းမှုတော် မဟာစေတီတော်မြတ်ကြီးကို ထီးတော်အသစ် တင်လှူပူဇော်ခဲ့ပါသည် ။
သက္ကရာဇ် (၉၆၂)ခုနှစ်တွင် သံလျင်စား ငဇင်ကာ(ခေါ်)ဖိလစ်ဒီဗရစ်တို၏ လုယက် တိုက်ဖျက်မှုကို ခံရကာ ထီးတော်အားချ၍ အဘိုးမဖြတ်နိုင်သော ရတနာများကို ယူဆောင်သွားခဲ့လေသည်။ သက္ကရာဇ် (၉၇၇)ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မဟာစေတီတော်မြတ်ကြီးကို ဘုရင့်နောင်မင်းတရားကြီး၏ မြေးတော် မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်းက ထီးတော်သစ် တင်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် သက္ကရာဇ် (၉၉၅)ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး၏ မြေးတော် သာလွန်မင်းတရားကြီးမှ ထီးတော်အသစ် တင်လှူပူဇော်ခဲ့ပြန်သည်။ သက္ကရာဇ် (၁၀၅၈)ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ တနင်္လာ နေ့တွင် မြေငလျင် ပြင်းစွာလှုပ်၍ မဟာစေတီတော်မြတ်ကြီး၏ ထီးတော်ရိုး ကျိုး၍ ပြိုကျခဲ့ပြန်ပါသည်။ အင်းဝဘုရင် မင်းရဲကျော်ထင်သည် ဟံသာဝတီ အခွန်ဝန် သီဟယော်ဓာ အား ငွေထုတ်ပေးကာ ထီးသစ် ပြုလုပ်စေပြီး သက္ကရာဇ် (၁၀၅၉)ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မင်းကိုယ်စား ထီးတော်သစ်ကို ပြည်သူတို့နှင့်အတူ အောင်မြင်စွာ တင်လှူတော်မူခဲ့ပါသည် ။
သက္ကရာဇ်(၁၁၈၈)ခုနှစ် ၊ နတ်တော်လဆန်း(၆)ရက်နေ့တွင် သံလျင်ဝန်ဟောင်း ငစပ်ငယ် ခေါင်းဆောင်သော မဟာစေတီတော်မြတ်ကြီး၏ အလုပ်အကျွေးဟောင်းများ အပါအဝင် သူပုန်(၅၀၀) ကျော်တို့သည် သံလျင်မှလာပြီး မဟာစေတီတော်မြတ်ကြီး၏ ထီးတော်မှ ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား တို့ကို ဖြုတ်ခွါယူသွားကြသောကြောင့် မဟာစေတီတော်မြတ်ကြီး၏ ထီးတော်ကြီးမှာ သံထည်ကြီးသာ ကျန်ရှိနေခဲ့ရာမှ သက္ကရာဇ်(၁၁၉၂)ခုနှစ်၊ ကဆုန်လဆန်း(၅)ရက်၊ တနင်္လာနေ့တွင် လှုပ်သော ငလျင် ကြောင့် သံထည်ထီးတော်ကြီးမှာ ရင်ပြင်တော်သို့ လျှောကျပျက်စီးခဲ့ရပါသည်။
ဤသို့ ထီးတော်နှင့် ကင်းကွာပြီး ပြိုကျပျက်ဆီးပြီးသည့် အချိန်မှစ၍ ပြုပြင်မွမ်းမံမှု ကင်းမဲ့လျှက်ရှိခဲ့ပြီး သက္ကရာဇ်(၁၂၅၀) ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် လှုပ်သော ငလျင်ဒါဏ်ကြောင့် ငုံးတိတိ ဖြစ်နေသည့် ထူပါလုံးတော်ကြီးမှာ ပြိုကျပျက်ဆီးခဲ့ရပြန်ပါသည်။ သက္ကရာဇ်(၁၂၆၅)ခုနှစ်တွင် ပဲခူးမြို့သူ မြို့သားများသည် ခေါင်းလောင်းပုံနှုတ်ခမ်းအထိ စေတီငုတ်တိုကို ညှိပြီး အထက်သို့ တိုးမြှင့် တည်ဆောက်ခဲ့ကြသော်လည်း အက်ကြောင်းများပေါ်လာသောကြောင့် တည်ဆောက်ရေးကို ရပ်ဆိုင်း ခဲ့ရလေသည်။ သက္ကရာဇ်(၁၂၆၈)ခုနှစ်တွင် မဟာစေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေးကို ဦးလူဟောင်း၊ ဦးလူကြီး၊ ဦးဘိုးသက်၊ ဦးငယ်၊ ဦးထွန်းဝင်းတို့ကဦးဆောင်ပြီး ထပ်မံ ကြိုးစားခဲ့ရာနောက်ထပ် အက်ကြောင်းများ ပေါ်လာသောကြောင့် ပြန်လည်တည်ဆောက်ရေးကို (၁၂၇၆)ခုနှစ်တွင် လက်လျှော့ခဲ့ရပြန်ပါသည်။
ဤသို့ဖြင့် သက္ကရာဇ်(၁၂၈၂)ခုနှစ်တွင် မဟာစေတီတော် ဘဏ္ဍာထိန်း ဂေါပက အဖွဲ့က ခေါင်းလောင်းပုံမှအထက်သို့ ဆက်တည်ကြရာ ဖောင်းရစ် ပြီးခါနီးအချိန်တွင် ယခင်အက်ကြောင်း များ ပိုမိုကျယ်ဝန်းလာသဖြင့် တည်ဆောက်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ရပြန်ပါသည်။ သက္ကရာဇ် (၁၂၈၇) ခုနှစ်တွင် ဘုရားလူကြီး ဦးလူဟောင်း နှင့် မိသားစုသည် အာရုံခံတန်ဆောင်းနှင့် ဆင်းတုတော်ကြီးများကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ကြေးချိန် (၁၉၄)ပိဿာရှိ ကြေးခေါင်းလောင်းကြီးတစ်လုံးကိုလည်း လှူဒါန်းခဲ့ရာ ယခု ဂေါပကရုံးရှေ့တွင် တည်ရှိပါသည်။ သက္ကရာဇ်(၁၂၉၅)ခုနှစ်တွင် သထုံမှ အငြိမ်းစား ရိက္ခာတော်ရ စက်ရှင်မင်းကြီးဟောင်း အနာဂါရိယာဓမ္မပါလဦးဖိုးခ က ဦးဆောင်၍ ထပ်မံပြုပြင်ရေးကို ကြိုးပမ်းခဲ့သော်လည်း ထမြောက်အောင်မြင်ခြင်း မရှိခဲ့ပေ။ သက္ကရာဇ် (၁၃၀၁)ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်နေ့တွင် ကြို့ကုန်းရာကျော်ဆရာတော်က မဟာစေတီတော် ခေါင်းလောင်းပုံထိပ်တွင် တစ်ဆယ့် နှစ်တောင် အမြင့်ရှိ စေတီငယ်ကိုတည်ခဲ့သည်။ ယင်းနှစ် တပို့တွဲလပြည့်နေ့၌ ထီးတော်တင်လှူနိုင်ခဲ့ သည်။
သက္ကရာဇ် (၁၃၀၃)ခုနှစ် တပေါင်းလတွင် ဂျပန်စစ်တပ်များ စခန်းချနေထိုင်လာခဲ့ပြီး မဟာစေတီ အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းကို ဂျပန်စစ်သားဒါဏ်ရာရ လူနာများထားရန် စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့သဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ရပ်ဆိုင်းခဲ့ရပြန်သည်။ သက္ကရာဇ်(၁၃၀၆)ခုနှစ်တွင် ဆရာတော်ဦးသာနသည် မဟာစေတီသို့ ကြွရောက်လာပြီး စေတီတော်ထိပ်ရှိ မူလစေတီတော်ကို တစ်ဆယ့်နှစ်တောင်မှ တစ်ဆယ့်ရှစ်တောင်ထိ ငုံ၍ တည်နိုင်ခဲ့ပါသည်။ သို့သော် ဂျပန်အပြေး အင်္ဂလိပ် အဝင်တွင် စေတီတော်မြတ်ကြီး ပြုပြင်တည်ဆောက်ရန်ထားသည့် အုတ်များသာမက မဟာရံတံတိုင်း၊ မုခ်လေးဘက်၊ အုတ်လမ်းမှအုတ်များကို ဖျက်ဆီးယူငင်ခြင်း ခံရသဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါသည်။
ဤသို့ဖြင့် သက္ကရာဇ် (၁၃၂၂)ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ထမနဲပွဲသို့ ကြွရောက် လာကြသော ဆရာတော်များ၏ ဆန္ဒအရ မဟာစေတီတော်မြတ်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာအဖွဲ့ကို ကြို့ကုန်းဆရာတော်ဦးသာသနမှ ဥက္ကဋ္ဌဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်သံဃာ (၆)ပါး အပါအဝင် သံဃာ (၇)ပါးဖြင့် ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်ခဲ့သည်။
မဟာစေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေးအတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလတွင် ပဲခူးမြို့သို့ ရောက်ရှိ၍ လူပေါင်း (၉၀)ကျော် ပါဝင်သည့် ပြန်လည်တည်ဆောက်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး တရားဝန်ကြီး ဦးအေးမောင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော လူပုဂ္ဂိုလ် (၁၆)ဦးဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည။ ၎င်းအဖွဲ့မှ တည်ဆောက်မည့် စေတီ၏ ပုံစံ၊ အရွယ်အစား၊ ကုန်ကျမည့်စရိတ် စသည်ဖြင့် တည်ဆောက်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြ ပါသည်။ ၁၃၂၃-ခု (၅.၁.၁၉၆၂)နေ့တွင် ယင်းအချိန်က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင် ဗလိနတ်စာ ကျွေးမွေးပသမှုကိုပြုပြီး စတင်ပန္နက်အုတ်မြစ်ချခဲ့ပါသည်။ ထိုစဉ်က ဘုရားတစ်ဆူလုံး၏ ပုံစံကို မိုးညှင်း သမ္ဗုဒ္ဓေ ပုံစံဖြစ်အောင် တည်ဆောက်ရန်ရည်ရွယ်ခဲ့သည်။ သို့ရာတွင် (၂.၃.၁၉၆၂)ရက်နေ့တွင် အစိုးရ အပြောင်းအလဲဖြစ်သဖြင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြန်သည်။ တရားဝန်ကြီးဒေါက်တာဦးအေးမောင် ဦးဆောင်သောအဖွဲ့ နောက်တွင် ရန်ကုန်မြို့နေ ပဲခူးသား ရွှေစလွယ်ရမင်း ဦးဘမောင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော တည်ဆောက်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြရာ စေတီတော်မြတ်ကြီး၏ ပုံစံကိုလည်း ယခင်အဖွဲ့က သတ်မှတ်ထားသည့် ပုံစံကိုပယ်၍ ဘုရင့်နောင်မင်းတရားကြီး၏ မူလပုံစံအတိုင်း ပစ္စယံကြီး ကို မပြုပြင်ဘဲချန်လှပ်ထားလျှက် ကွဲအက်နေသော ခေါင်းလောင်းတော်ကြီးနှင့် ယိုယွင်းနေသော အရံစေတီငယ်များကို သန့်စင်ဖယ်ရှားခဲ့သည်။ သို့ရာတွင် စေတီတော် တည်ဆောက်ရေးကို ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် (၁၁.၆.၁၉၆၆)ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ခွင့်ပြုချက်အရ စက်ရှင်မင်းကြီး ဦးမောင်မောင်၊ ဆရာကြီးဦးသာဒင်၊ အငြိမ်းစား ခရိုင်ဝန် ဦးဘရှင်တို့ နာယကအဖြစ်ပါဝင်ပြီး ဒုတိယဗိုလ်မှူးကြီးဦးမောင်အေး ဥက္ကဋ္ဌအဖြစ်ပါဝင်သောအဖွဲ့ဖြင့် စေတီတော်ကြီး ပြီးမြောက်ရေးကိုဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် တည်ဆောက်ရေး ဥက္ကဋ္ဌ တာဝန်ယူခဲသူများ မကြာခဏအပြောင်းအလဲများ ကြုံတွေ့နေရခြင်းကြောင့် တည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရပါသည်။ ၁၉၇၂ ခုနှစ် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်သစ်ကို စတင်အကောင် အထည်ဖော်သည့်အခါ ဆရာကြီးဦးသာဒင်အား တည်ဆောက်ရေးဂေါပကအဖွဲ့အား ဦးဆောင်၍ ဆောင်ရွက်ရန် တာဝန်ပေးအပ်လာသည့်အတွက် ဦးသာဒင်မှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တည်ဆောက်ရေး အဖွဲ့(၃၇)ဦးဖြင့် ဖွဲ့စည်းတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးမြို့ ကြခတ်ဝိုင်း ကျောင်းတိုက် ဆရာတော်အရှင်ဇောတိပါလ (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)နှင့် ပုပ္ပါးဆရာတော် ဦးပရမဝဏ္ဏသိဒ္ဓိ စသောဆရာတော်နှစ်ပါးကို အတိုင်ပင်ခံသြဝါဒစရိယ နာယက ဆရာတော်များအဖြစ် တင်မြှောက်ပြီး တည်ဆောက်ရေးလုပ်ငန်းထမြောက်အောင်မြင်ရေး သြဝါဒခံယူ ဆောင်ရွက်ခဲ့ပါသည်။ တည်ဆောက်ရေးအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် မဟာစေတီတော်မြတ် ကြီး၏ ထီးတော်တင်လှူပွဲ အခမ်းအနားကို (၁၃၄၀)ပြည့်နှစ် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့မှ (၅)ရက် နေ့အထိ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ဤသို့ဖြင့် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး၏ ကောင်းမှုတော် မဟာစေတီတော်မြတ်ကြီးသည် နှစ်ပေါင်း(၅၀)ကျော်ကြာ ရွှေထီးတော် နှင့် ကင်းဝေးခဲ့ရာမှ မဟာစေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေး သြဝါဒါစရိယ ကြခတ်ဝိုင်း ဆရာတော်ဘဒ္ဒန္တဇောတိပါလ(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)နှင့် ပုပ္ပါးဆရာတော် ဦးပရမဝဏ္ဏသိဒ္ဓိတို့၏ သြဝါဒလမ်းညွှန်မှုများ၊ ဂေါပကအဖွဲ့၏ အားကြိုးမာန်တက် ကြိုးပမ်းမှုတို့ကြောင့် (၁၃၄၀)ပြည့်နှစ်၊ တပို့တွဲလပြည့်နေ့တွင် စေတီတော်မြတ်ကြီး၏ မင်္ဂလာမကိုဋ်ထီးတော်ကြီးကို အောင်မြင်စွာ တင်လှူနိုင်ခဲ့ပါသည်။
နှစ်ပေါင်း (၁၅၀)ခန့် ခြုံနွယ်များဖုံးလွမ်းနေရာမှ (၁၃၄၀) ပြည့်နှစ် တပို့တွဲလပြည့်ကျော်(၅)ရက် (၁၆.၇.၁၉၇၉) ခုနှစ်မှ ထီးတော်တင်လှူခဲ့သည်မှာ (၄၄)နှစ်တိုင် ကြာမြင့်လာခဲ့ရာမှ သဘာဝ ဘေးဒဏ်၊ရာသီဥတုဒဏ်များကြောင့် ငှက်မြတ်နားတော် တပ်ဆင်ထားသော မဏ္ဍိုင်ကြီး လည်ပတ်မှုမရှိတော့ခြင်း၊ ထီးတော်ကြီးရှိရွှေများ ကွာကျခြင်း၊ မည်းညစ်လာခြင်း၊ အလယ်ပစ္စယံများ၊ အက်ကွဲခြင်း၊ အရံစေတီများ အက်ကွဲခြင်း၊ ကျွံဝင်ခြင်းများဖြစ်ပေါ်လာခဲ့ပါသည်။ အလယ်ပစ္စယံ အောက်ခံ မြေသားများ ရေတိုက်စားမှု ဖြစ်ပေါ်၍ မြေဆီလွှာထွက်ရှိသွားခဲ့သဖြင့် မြေသားနိမ်းကျခြင်း၊ ကွန်ကရစ်များကွဲကြေခြင်း၊ အက်ကြောင်း များဖြစ်ခြင်း၊ အရံစေတီများ၏ ကိုယ်လုံးတော် အက်ကွဲနေခြင်း စသည်အခြေအနေများကို မဟာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ရာ (ယခင်ဥပဒေချုပ်၊ တိုင်းဘုရားဂေါပကများကြီးကြပ်ရေးကော်မတီ၊ ဒုဥက္ကဋ္ဌ) ဦးအုန်းမြင့်၊ ဦးဝင်းမြင့်(ရွှေအုန်းပင် စားသောက်ဆိုင်) တို့မှ CB bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးနှင့်ချိတ်ဆက်၍ မဟာစေတီတော်မြတ် ကြီး၏ သြဝါဒါစရိယ ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ထံ သြဝါဒ ခံယူပြီး (Sein Lyin Tun Co., Ltd) ဘူမိဗေဒ အင်ဂျင်နီယာအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ အလယ်ပစ္စယံအောက်ခံမြေသားများတောင့်တင်းခိုင်မာစေရန် စိန်လွန်တွင်းများ နေရာအလိုက်တူးဖော်၍ ဘိလပ်မြေသရွတ်မှုတ်ခြင်းများ၊ အလယ်ပစ္စယံအရံစေတီတော်များ ကိုယ်လုံးတော် အက်ကွဲခြင်းများ ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း လိုအပ်သောကုန်ကျငွေများကို CB Bank ဉက္ကဋ္ဌကြီး ဦးခင်မောင်အေးမှ အလုံးစုံလှူဒါန်းခဲ့ပြီး မဟာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်ခဲ့ရာ (၁၈.၅.၂၀၂၁)ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ငှက်မြတ်နားတော် တပ်ဆင်ထားသော မဏ္ဍိုင်ကြီး လည်ပတ်မှုမရှိတော့ခြင်း၊ ထီးတော်ကြီးရှိရွှေများ ကွာကျခြင်း၊ မည်းညစ်လာခြင်း စသည်တို့ကြောင့် ပြန်လည်ပြုပြင်ရန်အတွက် မဟာစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့မှ မဟာစေတီတော်မြတ်ကြီး၏သြဝါဒါစရိယပဲခူးမြို့ ကြခတ်ဝိုင်းကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသ ထံ သြဝါဒခံယူရာ ထီးတော်အသစ်တင်လှူခြင်း လုပ်ငန်းအတွက် ကုန်ကျငွေအား အလှူရှင် CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး မှ လှူဒါန်းမည်ဖြစ်ကြောင်း၊ ထီးတော်နှင့်ပါတ်သက်၍ အလုံးစုံတတ်ကျွမ်းသော သီတဂူဆရာတော်ကြီးထံ လျှောက်ထားအကူညီတောင်းခံ ဆောင်ရွက်မည် ဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည် ။
သက္ကရာဇ် (၁၃၈၂)ခုနှစ်၊ ပြာသိုလဆန်း(၁၁)ရက်၊ (၂၃.၁.၂ဝ၂၁)ရက်နေ့တွင် သီတဂူဆရာတော် ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ၊ မဟာစေတီတော်သြဝါဒါစရိယဆရာတော်များဖြစ်ကြသော ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်ဆရာတော်၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်၊ မဟာစေတီကန်ကျောင်း တိုက်ဆရာတော်တို့နှင့် တမ္ပဝတီဦးဝင်းမောင်(ထီးပညာရှင်)၊ ဦးအုန်းမြင့် (ယခင်ဥပဒေချုပ်၊ တိုင်းဘုရား ဂေါပကများကြီးကြပ်ရေးကော်မတီ ၊ ဒုဥက္ကဋ္ဌ)တို့မှ မဟာစေတီတော်မြတ်ကြီးသို့ ကြွရောက်လာကြပြီး သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ထံ သြဝါဒခံယူကြပါသည်။ COVID-19 ကူးစက် ရောဂါ ပေါ်ပေါက်လာ၍ ငြမ်းဆင်/ငြမ်းထိုးခြင်း လုပ်ငန်းကို (၃) ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ရပါသည်။
သက္ကရာဇ် ( ၁၃၈၃ ) ခုနှစ် ၊ တပေါင်းလပြည့်ကျော်(၁၄ )ရက်၊ ( ၃၀ . ၃ . ၂၀၂၂ ) ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ နှင့် သီတဂူသာသနာပြုအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တို့ မဟာစေတီတော်မြတ်ကြီးသို့ ကြွရောက်လာကြပြီး စိန်ဖူးတော် နှင့် ငှက်မြတ်နားတော် (အဟောင်း)တို့အား စေတီတော်ကြီးအထွဋ် မှ စေတီတော်ကြီး ရင်ပြင်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ပါသည်။
ထီးတော်အသစ်ကြီးကို မန္တလေး မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်(ထီးပညာရှင်)တို့မှ ဆောင်ရွက်ကြပြီး ထီးတော်အသစ်မှာ ဘုံ(၉)ဆင့်ရှိပြီး အောက်ဆုံးဘုံဆင့်မှာ အချင်း (၁၅)ပေ ရှိ၍ အလေးချိန် (၂၁၂၉) ကိလိုဂရမ် ရှိပါသည်။ ထီးတော်ကြီးကို စတီးရွှေဖြင့် ပြုလုပ်ရာ (၂၅.၁.၂၀၂၃) ရက်နေ့တွင် ပြီးစီး၍ မန္တလေးမြို့မှ (၂.၂.၂၀၂၃)ရက်နေ့တွင် ပင့်ဆောင်ခဲ့ပါသည်။ (၃.၂.၂၀၂၃) ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မှ သွားရောက်ကြိုဆို၍ မဟာစေတီတော်မြတ်ကြီး ရင်ပြင်တော် ယာယီ မဏ္ဍပ်သို့ပင့်ဆောင်၍ အပူဇော်ခံထားရှိခဲ့ပါသည်။ သက္ကရာဇ် (၁၃၈၄)ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၆)ရက်၊ (၁၀.၂.၂၀၂၃)ရက်နေ့တွင် ထီးတော်ဟောင်းအား ရင်ပြင်တော်ပေါ်သို့ စတင်ပင့်ဆောင်၍ (၁၄.၂.၂၀၂၃) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ပါသည်။ ထီးတော်သစ်ကြီးကို စေတီတော်မြတ်ကြီး အထွဋ်သို့ သက္ကရာဇ် (၁၃၈၄)ခုနှစ်၊ တပေါင်းလပြည့်နေ့ (၅.၃.၂၀၂၃)ရက်နေ့တွင် စတင်၍ တင်လှူပူဇော်ကြရာ (၁၄ .၃.၂၀၂၃) ရက်နေ့တွင်ပြီးမြောက်သည် ။
စိန်ဖူးတော်အသစ်မှာ အမြင့် (၄)ပေနှင့် အဝန်းမှာ (၁)ပေ (၅)လက်မရှိပါသည်။ ငှက်မြတ်နားတော် အသစ်သည် အလျားအရှည် (၇)ပေနှင့် အနံမှာ (၃)ပေ(၆)လက်မ ရှိပါသည်။ သက္ကရာဇ်(၁၃၈၄)ခုနှစ်၊ တန်ခူး လပြည့်နေ့ ( ၄ . ၄ . ၂၀၂၃ ) ရက်နေ့တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်သစ်တို့ကို တင်လှူ ပူဇော်ကြပါသည်။ ယင်း ညနေ ( ၆:၃၀ )နာရီအချိန်တွင် သီတဂူဆရာတော်ဘုရားကြီးမှ အထူးတရားပွဲ ဓမ္မသဘင် ချီးမြှင့်ပါသည် ။ သက္ကရာဇ် (၁၃၈၄) ခုနှစ် ၊တန်ခူးလပြည့်ကျော်(၇)ရက်၊ (၁၁ .၄ .၂၀၂၃ ) ရက်နေ့တွင် သံဃာအပါး (၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခဲ့ပြီး ၊ သံဃာအပါး (၁၀၀၀)နှင့် သီလရှင် အပါး (၁၀၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့် မဟာစေတီတော်မြတ် ကြီး သြဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ အလှူရှင် CB bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး+ဇနီးဒေါ်ဝင့်ရည်အေး မိသားစု၊ မဟာစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နှင့် ဝန်ထမ်းများ၏ ကြိုးပမ်းလှူဒါန်းဆောင်ရွက်မှုတို့ဖြင့် ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးတွင် ရွှေရောင်တဝင်းဝင်းနှင့် မင်္ဂလာမကိုဋ် ထီးတော်ကြီး၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတိုဖြင့် စီခြယ်ထားသော ရတနာငှက်မြတ်နားတော်ကြီး၊ ရတနာစိန်ဖူးတော်ကြီးတို့ဖြင့် အသရေတင့်တယ် ကြည်ညိုဖွယ် ဖူးမြှော်နိုင်ကြပြီဖြစ်ပါသည်။
ဘုရင့်နောင်မင်းတရားကြီးတည်ခဲ့သော စေတီတော် ကြီးမှာခေတ်အဆက်ဆက်မှ ပြန်လည်တည်ခဲ့သဖြင့် ယခုအချိန်တွင်စေတီတော်ကြီးမှာ ဉာဏ်တော်(၃၃၃)ပေ အမြင့်သိုတိုင် ရောက်ရှိနေပြီဖြစ်သည်။ ပစ္စယံအဆင့်(၉) ဆင့်တွင် အောက်ဆုံးမှအပေါ်သိုတက်ရန် နတ်လမ်း လှေကားသည် ကြေးဝန်း(၅)ဆင့်နေရာအထိရှိပြီး တစ် ဆင့်လျှင် ပြာသာဒ်မုခ်ဦးတစ်ခုစီရှိသည်။ အရပ်ရှစ် မျက်နှာ၌ လှေကားတစ်ခုစီရှိသည်။ အောက်ဆုံးပထမပစ္စယံအပေါ်တွင် စေတီ(၇၆)ဆူရှိ သည်။ အရပ်လေးမျက်နှာ၌ နတ်မင်းကြီးလေးပါးရုပ်ထု များ၊ နှစ်ကျိပ်ရှစ်ဆူဘုရားများရှိသည်။ စေတီ၏ပရဝဏ် အတွင်း၌လည်း မဟာအာနန္ဒာစေတီကို (၂.၁.၂၀၀၀) ပြည့်နှစ်တွင် ထီးတင်ရေစက်ချပြီး ဒါယကာ ဇေကမ္ဘာ ဦးခင်ရွှေ+ဒေါ်စန်းစန်းကြွယ်တိုမှ တည်ထားသည်။
ပုဂံ အာနန္ဒာဘုရားပုံစံ ဂဝံလက်ရာများဖြင့် တည်ထား သည်။ အနောက်ဘက်တွင် မဟာဗောဓိဘုရား၊ တံခွန်တိုင်များ၊ စေတီ၏အနောက်ဘက်တောင်ထောင့် ပန်းခြံတစ်ခု၊ တောင်ဘက်ရှိ အာရုံခံမုခ်ဦးနှင့်အဝင် အထွက်မုခ်ဦး၊ ပြာသာဒ်တောင်ဘက်မုခ်ဦး၊ အနောက် ဘက်ရှိ ဘူမိဖဿမုဒြာဟန် ရုပ်ပွားတော်ကြီးတစ်ဆူ၊ ရင်ပြင်တော် အရှေ့တောင်ထောင့်တွင် မဟာစေတီ ဘိုးဘိုးကြီးနတ်နန်းနှင့် ဗောဓိပင်အရှေ့ဘက်တွင် မဟာ စေတီပုံစံငယ်၊ အရှေ့ဘက်ပစ္စယံအတက်လမ်း၏ တောင်ဘက်တွင် မဟာစေတီဘုရားကြီး ပြန်လည်ပြီးစီး ကြောင်းသမိုင်းကျောက်စာရုံတစ်ခု၊ အရှေ့ဘက်မုခ်ဦး နှင့်တန်ဆောင်းတော်၊ ရင်ပြင်တော်အရှေ့မြောက်ထောင့် အရပ်တွင်နဂါးရုံဘုရားများ၊ ဘုရင့်နောင်မင်းတရားကြီး အောင်မြေစသည့် သာသနာအဆောက်အဦများ မြောက်ဘက် အာရုံခံမုခ်ဦး တန်ဆောင်းတော်ကြီးနှင့် အတွင်းမဟာရံတံတိုင်းအပြင်ဘက် လေးမျက်နှာ၌ သိမ် တော်ကြီး(၄)သိမ်ရှိပြီး ယခုအခါ ယာယီသိမ်တော်ကြီး များမှာ အဆောက်အဦမရှိဘဲသံတိုင် ကြီးများသာကျန်ရှိ တော့သည်။