မဟာဗောဓိ(ရွှေဂူကြီးဘုရား) ဟံသာ၀တီဗုဒ္ဓဂါယာ

သမိုင်းအကျဉ်း

ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်( ဗုဒ္ဓဟူး)နေ့တွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်ကာ ဂုဏ်တော်(၉)ပါးနှင့် ပြည့်စုံသော ဘုရားရှင်အဖြစ်သို့ ရောက်တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားသည် ဗောဓိပင်၏ခြေရင်း ရွှေပလ္လင်ထက်တွင် (၇)ရက်ပတ်လုံး သီတင်းသုံးတော်မူ၏။ ယင်းသို့ သီတင်းသုံးနေဟန်ကို အိန္ဒိယနိုင်ငံမှ ပုံတူယူ၍ ဓမ္မစေတီမင်းကြီးသည် မဟာဗောဓိစေတီကို ကိုယ်တိုင် တည်တော်မူခဲ့ပါသည်။

ဂန္ဓကုဋီအတွင်း၌ ရွှေပလ္လင်နှင့် ကျောက်ဆင်းတုတစ်ဆူကို ထုလုပ်ထားပါသည်။ ဂန္ဓကုဋီ အပါး၌လည်း အလျား အတောင်(၅၀)၊ အနံ(၂၈)တောင်ရှိသော အမိုးသုံးဆင့်တန်ဆောင်း ဆောက် စေသည်။ ယင်းတန်ဆောင်းအလယ်၌ ပလ္လင်တစ်ခု ပြုလုပ်စေသည်။ ထိုပလ္လင်၏ နောက်၌လည်း ပင်စည်ကို သံ၊ အရိုးကို ငွေ၊ အရွက်ကို ရွှေဖြင့် ပြီးသော မဟာဗောဓိသဏ္ဌာန်ကို ပြုလုပ်စေခဲ့ပါသည်။ ထိုပလ္လင်ထက်၌ စန္ဒကူး ဘုရားဆင်းတုတစ်ဆူကို ထုလုပ်ထားစေခဲ့ပါသည်။

ပလ္လင်ရှေ့အောက်၌ ဝသုန္ဒရီ နတ်သမီးရုပ်တုထားစေပြီးလျှင် ပလ္လင်ဝန်းကျင်မှာလည်း ဗြဟ္မာ၊ သိကြား ရုပ်တူများကို ထားစေခဲ့ပါသည်။ အိန္ဒိယမဟာဗောဓိပင်မှ ရခဲ့သော အကိုင်းအပြတ်နှင့် အရွက်များကို စေတီတစ်ဆူတည်၍ ဌာပနာထားစေခဲ့ပါသည်။ မဟာဓောဓိစေတီ၏ တံတိုင်း တံခါးပေါက်(၄)ခု အနီး၌ ဇရပ်(၄)ဆောင် ဆောက်လုပ်ကာ အတွင်းနံရံများတွင် ဘုရားကိုပူဇော်ရန် လာရောက်လာကြကုန်သော နတ်ဗြဟ္မာတို့၏ အရုပ်များ၊ မာရ်စစ်သည်များကို အောင်တော်မူသည့် အရုပ်၊ စဉ့်ကွင်းများကို ထုလုပ်စေခဲ့ပါသည်။

ဓမ္မစေတီမင်းကြီ:သည် သက္ကရာဇ် (၈၃၉) ခုနှစ်တွင် အိန္ဒိယသို့ ပညာရှင်များစေလွှတ်၍ ဗုဒ္ဓဘုရားပွင့်တော်မူရာ အထိမ်းအမှတ်စေတီများအား တိုင်းတာမှတ်သားစေခဲ့ပြီး ဟံသာ၀တီ၌ ၎င်းစေတီအရံများကို တည်ထားကိုးကွယ်ခဲ့သည်။

သက္ကရာဇ်(၈၄၁) ခုနှစ်တွင် ရွှေဂူကြီးတည်ရာအရပ်ကို ရှင်းလင်းမြေညှိစေပြီ: သက္ကရာဇ်(၈၄၄)ခု ဝါဆိုလ္ဆန်း(၅)ရက် တနင်္ဂနွေနေ့တွင် တည်ဆောက်ပြီးစီး၍ ရေစက်သွန်းချ အမျှဝေသည်။

သက္ကရာဇ် (၈၉၆) ခုနှစ်တွင် သုရှင်တကာရွတ်ပိမင်းလက်ထက် အလုပ်အကျွေးများ စစ်ထွက်ကြ၍ ပြုပြင်မှုမရှိပဲ သက္ကရာဇ် (၈၉၉)ခုနှစ် မင်းတရားရွှေထီးလက်ထက်တွင် အလုပ်အကျွေးတို့ ပြန်လည်ဖြည့်စွက်ခဲ့သည်။

သက္ကရာဇ်(၉၂၆) ခုနှစ် ငလျင်ကြောင့် ရွှေဂူကြီးဘုရားပြိုရာ ဘုရင့်နောင်မင်းတရားကြီ:က ဆက်လက်ပြုပြင်ခဲ့သည်။

သက္ကရာဇ်(၉၂၆) ခုနှစ်တွင် ခရစ်ယန်ဘာသာပေါ်တူဂီ ကပ္ပီတန်မဆင်ဂါသည် ရွှေဂူကြီးနှင့် အခြားဗုဒ္ဓဘာသာ အဆောက်အဦများ ဖျက်ဆီးခဲ့သည်။

သက္ကရာဇ် (၉၇၄) ခုနှစ်တွင် အနောက်ဘက်လွန်မင်းက တန်ဆောင်းပျက်ကို ပြုပြင်ပေးခဲ့သည်။

သက္ကရာဇ် (၁၁၂၁) ခုနှစ် ဝါခေါင်လတွင် အလောင်းမင်းတရားကြီ:သည် ရွှေဂူကြီ:ဘုရားသို့ ဦးတိုက်သည်။

သက္ကရာဇ် (၁၁၅၄) ခုနှစ်တွင် ဟံသာ၀တီမြို့မသူကြီး ဘယကျော်သူသည် ရွှေဂူကြီ: အုတ်ထီးတော် ပျက်ကျသည်ကို အသစ်ပြန်တည်ပေးခဲ့သည်။

သက္ကရာဇ်(၁၁၅၉) ခုနှစ်တွင် ဇိုင်ကနိမ်မြို့သူကြီး ဦးရွှေဘိသည် ရွှေဂူကြီ:စေတီနှင့် အနီးစေတီများကို ထုံးသင်္ကန်းလှူခဲ့သည်။

သက္ကရာဇ်(၁၂၅၀) ခုနှစ်တွင် ငလျင်ကြောင့် ရွှေဂူကြီ:ဘုရား အက်ကွဲ၍ ပြိုကျရာ ဗုဒ္ဓဂါယာစေတီတော်အားလုံး ပျက်စီးခဲ့ရသည်။

ထိန်းသိမ်းမှု

ရွှေဂူကြီးဘုရားဂေါပကအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။