‌ ရွှေဆံတော်ဘုရားသမိုင်း

စတင်တည်ထားပူဇော်ခဲ့သည့်သမိုင်းကြောင်း

ရှေးအခါသမယက နာမပြည့်လှိုင်း၊ ဇေယျာဝနတိုင်း ဟူ၍ သမိုင်းမှတ်ဆောင်၊ မော်ကွန်းထောင်အပ်သော၊ တောင်ငူမြို့အဝင် အပါရပ်ဌာနာသည်ကား၊ ငါတို့မြတ်စွာဘုရား အလောင်းတော် ကြက်မင်းညီနောင် ဖြစ်စဉ်အခါက လှည့်လည်ပျော်ပါး ကျက်စားရာ ဌာနကြီး ဖြစ်ခဲ့ဖူးပေသည်။ဂေါတမရှင်တော် ပွင့်တော်မူပြီးနောက် သုနာပရန္တတိုင်းခေါ်ရာ မြန်မာပြည်တွင် စူဠပုဏ် မဟာပုဏ် ကုန်သည်ညီနောင်တို့ သဒ္ဒါဟုန်ကြူလန်း၍ လှူဒါန်းတော်မူသော နံ့သာကျောင်းကို ထေရ်ပေါင်းငါးရာ၊ နောက်တော်ပါနှင့် မြတ်စွာအရှင်သည် သာသနာတော် စည်ကားစေခြင်း အလို့ငှာ ကြွလာခံတော်မူပါသတည်း။ဘုရားသခင်သည် ရှင်အာန္ဒာ၊ ရှင်သီဝလိ၊ ရှင်ဂဝံပတိထေရ် တိုနှင့် ဒေသစာရိ လှည့်လည်တော်မူ၍ ထိုဇေယျဝနတိုင်းသို့ ရောက်တော်မူရာ အာသာဝတီမည်သော ပေါင်းလောင်းမြစ်ကို ကူးတော်မူပြီးမှ အရှေ့သို့ ကြွတော်ပြန်၍ အင်တိုင်းတောတွင် ရပ်တော်မူလေ၏။ ထိုနေရာတွင် အရှင်သီဝလိသည် ခြေတော်ရာတစ်ဆူကို ထားတော်မူခဲ့၏။

ထိုမှသာ အနောက်သို့ ဘုရားရှင်ကြွတော်မူပြန်၍ ခြေတော်ဆေးလိုသော နှလုံးတော်ရှိလျှင် ချောင်းမြောင်းက ထွက်သည့်ရေဖြင့် ခြေတော်ကို ဆေးတော်မူ၏။ ယင်းနေရာကို ခြေတော်ဆေးချောင်း တွင်၏။ ထိုခြေတော်ဆေးချောင်း၌ ဘုရားရှင်ပြုံးတော်မူခဲ့သည်ကို အစွဲပြု၍လည်း ပြုံးချောင်း တွင်ပြန်၏။ နောင်သောအခါကာလ  နရပတိစည်သူမင်းသည် ရေကြောင်း လှည့်လည်တော်မူရာဝယ် ယင်းချောင်းအရပ်သို့ ရောက်၍ ဤရေ၏ ကြည်ဟန်ကား မြတရထည်တည်းဟု မိန်တော်မူသည်ကို အစွဲပြု၍ တရထည်ချောင်းဟု ခေါ်ကြပြန်၏။ ယင်းချောင်းကမ်းပါးထက်၌ရှိသော ဘုရားစေတီညီနောင်တို့ကိုလည်း တရထည်ညီနောင်ဘုရားတွင်၏။ နောင်သော် သရထည်ဘုရားညီနောင်ဟု ခေါ်စမှတ်ပြုကြကုန်သည်။

ထိုသို့ ကြွမြန်းလာတော်မူရာဝယ် အဟိုရှေးခါ နုစဉ်စွာဝယ် ဇာတိကုက္ကဋကြက်မင်း၏ ဘဝကို သုံးလူ့အရှင် မြင်တော်မူ၍ ယခုမြတ်စောညီနောင် ရှေးယခင်ခေါ် သရထည်းဘုရား စေတီတော်ြမတ်တို့တည်ရာ ကုန်းထိပ်တွင် ခေတ္တကွန်းထောက် ကြွရောက်တော်မူပြီး ပြုံးတော်မူသဖြင့် အရှင်အာနန္ဒာ မေးလျှောက်ရာတွင် ယခင်ရှေးယခင် ကြက်ညီနောင်ဘဝတွင် ဤဒေသ ဤနေရာများ၌ ကျက်စား ပျော်ပါးတော်မူခဲ့ဖူးဟန် အတိတ်ကို ဗျာဒိတ်မြွတ်ကြားတော်မူ၍…

“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသော သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်တွင်  ဇမ္ဗူဒီပါတိုင်းအားလုံးကို သိမ်းကျုံးစိုးအုပ် မင်းလုပ်တော်မူသော သိရိဓမ္မာသောကရာဇာသည် ငါဘုရား၏ လက်ရုံးတော်ဓာတ်၊ အောက်မေးတော်ဓာတ်တို့နှင့် မွေမြတ်ရှစ်ဆူတို့ကို ကြည်ဖြူသဒ္ဓါ သာသနာစီးပွားများအံ့စေသောငှာ တည်ထား ကိုးကွယ်လတ္တံ့” ဟူ၍ မိန့်တော်မူသတည်း။

ထိုသို့ဗျာဒိတ်စကား မြွက်ကြားဖူးချက်အတိုင်း၊ သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်တွင် သီရိဓမ္မာသောကရာဇာသည် ဇေယျဝန နာမပြည့်လှိုင်း ဤသည်တိုင်း၌ မဆိုင်းမလတ် အောက်မေးတော်ဓာတ်နှင့် လက်ရုံးတော်ဓာတ်မွေမြတ် ရှစ်ဆူတို့ကို ဌာပနာတော်မူရာဖြစ်သော သရထည်ညီနောင်နှင့် ကျောက်ဆောက်မုဌော ညီနောင်တို့ကို တည်ဆောက်ကိုးကွယ်တော်မူပါသတည်း။

ဆံတော်ရောက်လာခြင်း

သက္ကရာဇ် ၉၃၀ ပြည့်နှစ် ဝါဆိုလတွင် သိန်းဃိုဌ်ပြည်ကို စိုးပိုင်တော်မူသော သိန်းဃိုဌ်မင်း ဓမ္မပါလသည် ငါတို့ ဂေါတမမြတ်စွာဘုရားသခင်အား စတုမဟရာဇ် နတ်မင်းကြီးလေးပါးတို့ လှူအပ်သောအနားလေးရစ်ရှိ မြသပိတ်တော်နှင့်တကွ ဆံတော်ပွါးရှစ်ဆူကို သင်္ဘောတွင်တင်လျက် ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးထံ ဆက်သရန် ရောက်ရှိလာလေသည်။ မြသပိတ်တော်နှင့် ဆံတော်ပွားရှစ်ဆူတို့သည် ဟံသာဝတီသို့ရောက်တော်မူလျှင် ဘုရင်မင်းမြတ်သည် နဝရက်ကိုးပါး ခြယ်လှယ်သော စံကျောင်းတော်တွင် ထားတော်မူ၍ ဆံတော်ရှစ်ဆူအနက် လေးဆူသောဆံတော်များကို ဘုရင့်နောင်မင်းမြတ်သည် ညီတော်ပြည်မင်း၊ အင်းဝမင်း၊ မုတ္တမမင်းနှင့်တကွ တောင်ငူဘုရင် မင်းခေါင်ထံသို့ တည်ထားကိုးကွယ်တော်မူကြရန် ဆံတော် တစ်ဆူကျစီ ပေးသနားတော်မူသည်။တောင်ငူဘုရင် သီဟသူရမဟာဓမ္မရာဇာဘွဲ့ခံ ညီတော်ဘုရင်မင်းခေါင်သည် ဆံတော်မြတ်ကိုကြိုလင့်၍ စံနန်းတော်၏ အရှေ့စွယ်တော်ကျောင်း၌ထား၍ ပူဇော်ကိုးကွယ်တော်မူသည်။ ထိုသို့စွယ်တော်ကျောင်းသို့ တင်သည့်ည၌ပင် ဆံတော်ရှင်မှ ပြိုးပြိုးပြက်ပြက်သော ရောင်ခြည်တော်များ ထွန်းတောက်ခဲ့သည်ကို နန်းတွင်းသူများ ဖူးမြော်ကြရကုန်သည်။တောင်ငူဘုရင် သီဟသူရမဟာဓမ္မရာဇာသည် ရွှေဆံတော်မြတ်ကိုတည်ထား ကိုးကွယ်တော်မူလိုသဖြင့် ပြသာဒ်ကျောင်း ဆရာတော်၊ ထီးလှိုင်ဆရာတော်တို့အား ရွှေနန်းတော်သို့ ပင့်ဖိတ်တိုင်ပင်တော်မူရာဝယ် ဆရာတော်များက ယခုသိင်္ခသူမင်း၏ အရိုးအိုးတည်ထားရာအရပ်သည် မင်းတရား၏နံတော်မှ တေဇအရပ်တွင်ဖြစ်သည်။ ခမည်းတော်၏ အရိုးအိုးကို ပူဇော်သည်မှာလည်း တန်ခိုးတေဇာတော် ထွန်းတောက်ရာပင်ဖြစ်သည်။

 ထိုအရပ်ကုန်းမြင့်တွင် ဘုရားရှင်၏ဆံတော်ကို ဌာပနာ၍ တည်ရသော် ဇမ္ဗူဒီပါ တောင်ကျွန်းလုံးကို စိုးမိုးနိုင်မည့် ဘုန်းသမ္ဘာတော်များ ထွန်းတောက်လိမ့်မည်ဟု အကြံပေးသည့်အတိုင်း သက္ကရာဇ် ၉၃၂ခုနှစ်၊ တန်ဆောင်မုန်းလတွင် ယခုဆံတော်ရှင်ကုန်းကို စတင်မြေညှိစေ၍မြေမှသည်အထက် (၁၈)တောင် အမြင့်သို့ အရောက်မြေဖို့တော်မူသည်။ အုတ်ဖိုကုန်းခေါ် ယခုအိုးကုန်းအရပ်တွင် ဆံတော်ရှင်ဘုရားအတွက် အုတ်များကို ဖုတ်ကြလေသည်။

ဆံတော်ရှင်ဘုရားကိုတည်တော်မူခြင်း

သီဟသူရမဟာဓမ္မရာဇာဘွဲ့ခံ ဘုရင်မင်းခေါင် မင်းမြတ်သည်ကောဇာသက္ကရာဇ် ၉၃၂ခုနှစ်၊တပေါင်းလပြည့် နေ့တွင် ဆံတော်ရှင်ဘုရားကို ရွှေအုတ်၊ ငွေအုတ်တို့ဖြင့်အုတ်မြစ် ချတော်မူသည်။ ထိုနှစ်သည်ကား ဘုရင့်နောင်မင်းတရားကြီးသည် ယိုးဒယားတစ်ပြည်လုံးကို သိမ်းကျုံးအောင်မြင်တော်မူ၍ နေပြည်တော်သို့ ပြန်ရောက်ရှိလာချိန်ပင်ဖြစ်သည်။ တောင်ငူဘုရင် ညီတော်မင်းခေါင်သည်လည်း နောင်တော်ဘုရင်နှင့်အတူတကွ စစ်စခန်းမှ ပြန်တော်မူလာပြီးနောက် ဆံတော်ရှင်ဘုရားကို စတင်တည်တော်မူသောအချိန်ပင်ဖြစ်လေသည်။ သက္ကရာဇ် ၉၃၄ ခုနှစ်တွင် အောက်ပစ္စယံ ၃ ဆင့်ကိုတည်ဆောက်ပြီး၍ ၉၃၅ ခုနှစ်၊ တန်ခူးလတွင် သပိတ်မှောက်ကိုတက်၍ပြုလုပ်ရသည်။ သက္ကရာဇ် ၉၃၅ ခုနှစ်တွင် သပိတ်မှောက်အထိပြီး၍ ဌာပနာတိုက်ကို စီရင်ပြီးမင်းညီမင်းသားမှူးမတ် ကလန်အပေါင်းတို့ သဒ္ဓါတရားထက်သန်စွာလျှင် ပူဇော်နိုင်ရန် ဌာပနာတိုက်ကို ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ် လပြည့်နေ့အထိ ဖွင့်လှစ်ထား၍ ဌာပနာများကို လက်ခံတော်မူသည်။ထိုဌာပနာများတွင် တပင်ရွှေထီးမင်း၏ ပုံတူ ကြေးရုပ်တု၊ ရွှေသားရုပ်တု၊ ခမည်းတော် မင်းရဲသိင်္ခသူ၏ ရွှေရုပ်တု၊မယ်တော် မိဖုရားကြီး၏ ရွှေရုပ်တု၊တောင်ငူဘုရင် မင်းခေါင်နှင့် မိဖုရားခေါင်ကြီး၏ ရွှေရုပ်တု၊သားတော် သမီးတော်များ၏ ရွှေရုပ်တုတော်များကို သွန်းလုပ်ဌာပနာတော်မူသည်။ ထိုမှတပါး ကြေးစေတီကြီး၊ ကြေးစေတီငယ်၊ ယင်းကြေးစေတီတော်တို့ အတွင်းတွင် ဓာတ်တော်အပြည့်နှင့် မင်းတရားရွှေထီး၏ ဦးခေါင်းပုံးတော် ဖန်ဘူးတစ်ခုအတွင်း ရွှေသားဆင်းတုနှစ်ဆူ၊ မိုးကြိုး ဆင်းတုတစ်ဆူ၊ ရွှေစေတီတစ်ဆူ၊ စိန်ဆင်းတု တစ်ဆူ၊ ကျောက်နီ ပတ္တမြားခြယ်ထားသောရွှေကြုတ်တစ်ခု၊ ၎င်းအတွင်း၌ ပြိုးပြိုးပြက်ပြက် သော ဓါတ်တော်များပါသည်။

ဓါတ်တော်များထည့်ထားသော ပုလင်းငယ်တစ်ခု၊ ဌာပနာတိုက် တစ်ဖက်စွန်းတွင်ငွေဆင်းတုရုပ်ပွါးတော်တစ်ဆူ၊ငွေဗောဓိပင် ၊ ဖန်ဘူးကြီးအတွင်းကြေးစေတီနှစ်ထပ်၊ ငွေစေတီနှစ်ထပ်အတွင်း၌ရွှေစေတီတစ်ထပ်နှင့်ယင်းအတွင်း၌ပုလဲအဆင်းရှိသော ဓါတ်တော်များနှင့် အလယ်တွင် ဆံတော်ထည့်ထားဟန်တူသော ပတ္တမြားကြုတ်၊ ကြွေအိုးငယ်နှင့် ထည့်ထားသော ရဟန္တာ ဓါတ်တော်များ၊ မင်းတရားရွှေထီး သို့မဟုတ် ဘုရင့်နောင်၏ကြေးရုပ်တုတစ်ခု စေတီတွင် ရွှေကြာမှောက်ကြာလန်ပါသော စိန်ဖူးတစ်ခု၊ ထို့နောက်တန်းတွင် စိန်ဖူးကြီးတစ်ခု ၊စိန်ဖူးငယ်တစ်ခု၊ စိန်ဆင်းတုတစ်ဆူ ၊ ရွှေကလပ်နှင့်ပူဇော်ထားသော ငွေဆင်းတုတစ်ဆူ၊ နှစ်ကျိပ်ရှစ်ဆူဘုရားများပါ သွန်းလုပ်ထားသော ကြေးစေတီတော်ကြီးတစ်ဆူ ၊ သိန်းဃိုဌ်ကျွန်းမှ ရသောဆံတော်ဓါတ်ကို မူပတ္တမြားဖြင့် စီခြယ်ထားသော ကြုတ်အတွင်း၌ ထည့်သွင်းထားဟန်တူသည်။ ဓါတ်တော်များ၏ စုစုပေါင်းမှာ ဆန်တစ်ကွမ်းစား(၂ ပြည်ခန့်) ရှိပါသည်။

မှတ်ချက်။   ။ဤဖော်ပြပါစာရင်းမှာ ၁၂၉၃ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်တွင် မြေငလျင်တုန်လှုပ်ပြီး  ဘုရားကြီး၏သပိတ်မှောက်မှသည် ထက်ပိုင်းပြတ်ကျိုး၍ အောက်သို့ကျလာရာ၌ ဌာပနာတိုက်အတွင်း ကစဉ့်ကလျားဖြစ်နေစဉ် ဌာပနာများ၏စာရင်းကို ဘုရားလူကြီး ကောက်ယူထားချက်မှ ဖော်ပြအပ်ပါသည်။

သက္ကရာဇ် (၉၃၅)ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဌာပနာတိုက် ကို ဖွင့်ထားပါသည်။ ထိုနေ့၊ထိုရက် ဌာပနာတိုက်ဖွင့်ထားကြောင်းဌာပနာတိုက်ကိုလူအများဖူးမြော်၍ထည့်သွင်းပါဝင်နိုင်အောင်ဖွင့်လှစ်ထားလိမ့်မည်ဟုအဘယ်ကြောင့်ဤသို့ခန့်မှန်းနိုင်ပါသနည်းဟူမူ (၁၂၉၃)ခုနှစ်ဘုရားကြီးပြိုပျက်စဉ်အခါကဌာပနာတိုက်အတွင်းမှနှစ်ကျိပ်ရှစ်ဆူကြေးဘုရားပုံတော်နှင့်အတူ ၎င်းဘုရားပုံတော် အောက်ဘက် ခြေရင်း၌  ကိုးရာသုံးဆယ်ငါးနှစ်၊ တော်သလင်းလဆန်း(၂) ရက် ၊အင်္ဂါနေ့ ဘုရားအစ်မစောပိန် ကောင်းမှု ရတနာသုံးပါးဟူသော စာတမ်းကိုတွေ့ရသောကြောင့် ဖြစ်ပါသတည်း။ ထို့ကြောင့်ပင်လျှင် ထိုရက်သည် ဌာပနာတိုက် ပိတ်လုနီးရက် ဖြစ်သည်ဟုယူဆရပါသည်။ဆံတော်ရှင်ဘုရားကို သက္ကရာဇ် ၉၃၂ ခုနှစ်၊တပေါင်းလပြည့်နေ့တွင် အုတ်မြစ်ချတော်မူသည်။ ၉၃၅ ခုနှစ်အထိ လုပ်သားပြည်သူအများ ဌာပနာထည့်သွင်းပူဇော်နိုင်ရန် ဌာပနာတိုက်ကိုဖွင့်ထားပေးသည်။၉၃၉ခုနှစ်တွင်ကြာမှောက်ကြာလှန်သို့တက်သည်။ဌာပနာတိုက်ကိုလည်းပိတ်သည်။သက္ကရာဇ် ၉၄၀ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၈) ရက်နေ့တွင် ဆံတော်ရှင်ဘုရားသို့ ထီးတင်လှူတော်မူသည်။ (မှန်နန်းရာဇဝင် တတိယတွဲ)။ဘုရားကြီး၏ လေးပြင်လေးရပ်တွင်လည်း ခြိမ့်ခြိမ့်သဲမျှ ဇာတ်၊ အငြိမ့်၊ ရုပ်စုံ ပွဲများကို ကျင်းပပြုလုပ်ပါသည်။ ပြာသာဒ်ကျောင်းဆရာတော်အမှူးပြုသော သံဃာတော် (၁၀၀၀)တို့ကိုလည်းဆွမ်း၊ သင်္ကန်းများ ကပ်လှူပူဇော်မူ၍ သီဟသူရမဟာဓမ္မရာဇာမင်းမြတ် ကိုယ်တော်တိုင် ရေစက်သွန်းချတော်မူသည်။သက္ကရာဇ်(၉၄၀)ခုနှစ်တွင် ထီးတင်တော်မူသော တောင်ငူဘုရင် သီဟသူရမဟာဓမ္မရာဇာ၏ ကုသိုလ်တော် ဆံတော်ရှင်ဘုရား၏ လုံးပတ်တော်မှာ သံတောင် (၁၅၄၀)အဝန်းရှိသည်။ ဉာဏ်တော်အရပ် သံတောင် (၁၂၀)မြင့်သည်။ သံတောင် ကိုးတောင်ရှိ စေတီရံ (၂၀)ရှိသည်။ မဟာရံ တံတိုင်း၏အမြင့်မှာသံတောင် (၁၀)ရှိသည်။ အောက်ပန်းတင်ခုံ အရှေ့မှ အနောက်သို့တာပေါင်း (၄၀)၊ တောင်မှ မြောက်သို့တာပေါင်း (၄၀)စီရှိသည်။ တာဝန်းမှာ တာပေါင်း (၁၆၀)ရှိသည်။ 

ဘုရားကြီး၏အနောက်မြောက်ထောင့်တွင် မဟာဗောဓိညောင်ပင်ကိုစိုက်သည်။ ဘုရားကြီး၏ ပတ်ဝန်းကျင်တွင် ချယားပင်အများကို စိုက်သည်။ ဘုရားကြီး၏ အရှေ့တောင်ထောင့် ၊အရှေ့မြောက်ထောင့်၊ အနောက်တောင်ထောင့် ၊ အနောက်မြောက်ထောင့် အရပ် တို့တွင် ရေတွင်းလေးတွင်း ကို တူးတော်မူသည်။ ဘုရားကြီး၏ လေးမျက်နှာ မုဒ်အထွက်တို့တွင် ဇရပ်ကြီးလေးဆောင်ကို ဆောက်လုပ်ထားသည်။ မြို့အရှေ့ဘက် ၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် မြို့ရိုးအတွင်းတွင် ပြာသာဒ် ကျောင်းတော်ကြီးလေးဆောင်ကို ဆောက်လုပ်၍ ကျမ်းတတ် အကျော်ဆရာတော်များ တင်လှူတော်မူသည် ။ဘုရားကြီး တည်ပြီးသော သက္ကရာဇ် ၉၄၀ ခုနှစ်မှသည် နောက်ဆုံး ပြိုပျက်သော ၁၂၉၃ ခုနှစ်အတွင်း ယင်းဘုရားကြီးသည်သုံးကြိမ်တိုင်တိုင် ပြိုပျက်၍ အသစ် ထပ်မံငုံ၍ တည်ထားကြောင်းကို အတွင်းအုတ်ရိုး သုံးထပ်နှင့် ခန့်မှန်းကြည့်ခြင်းအားဖြင့် သိရှိနိုင်ပေသည်။.

ဆံတော်ရှင်ဘုရားကုန်းတော်နှင့် သိင်္ခသူမင်း၏ အရိုးအိုးဂူ ဘုရင်မင်းကြီးညို

ဘုရင်မင်းကြီးညိုသည် ကေတုမတီ တောင်ငူမြို့ကို တည်ထောင် ဖန်ဆင်းသည့် အချိန်ကာလ ယခု ရွှေဆံတော်ဘုရား တည်ရှိရာ ကုန်းမြေသည် မို့မောက်သော ကုန်းမြေပြင်အဖြစ် တည်ရှိနေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး၏ ခမည်းတော် တောင်ငူဘုရင် မင်းရဲသိင်္ခသူ သည် သက္ကရာဇ် ၉၁ဝ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ ဘုရင့်နောင်သည် တောင်ငူနန်းကို ဆက်ခံစိုးစံသော ညီတော်မင်းခေါင်နှင့် တိုင်ပင်တော် မူပြီးလျှင် ခမည်းတော် သိင်္ခသူမင်း၏ အရိုးအိုးဂူတစ်ခုကို ယခု ရွှေဆံ တော် ဘုရားတည်သည့် ကုန်းတော်ပေါ်တွင် တည်ထား ကိုးကွယ်တော် မူခဲ့လေသည်။