ကဆုန်လတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ၊ဈေးပွဲတော်များကို ကျင်းပပါသည်။ပွဲတော်ရက်- ကဆုန်လပြည့်နေ့ကို မူတည်ပြီး ရှေ့(၇)ရက် နောက်(၇) ရက်ယူ၍ (၁၅) ရက်တိုင်တိုင် ကျင်းပပါသည်။
ဝါဆိုလတွင် ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်ရှိ ကိုးခန်းဂန္ဓဝင်သိမ်တော်ကြီးတွင် ဝါတွင်းကာလ တရားဓမ္မသဘင်အား တောင်ငူမြို့ပေါ်ရှိ ဂေါစကံ ဆရာတော်ကြီးများမှ သီတင်းကျွတ်လပြည့်နေ့အထိ အပတ်စဉ် ဥပုသ်နေ့တိုင်း ဟောကြားချီးမြင့်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် သံဃာ့ပဝါရဏာပွဲတော်အား ဩဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူလျက်ရွှေဆံတော်စေတီဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဉ်အစဉ်အလာမပျက် ဆောင်ရွက်ကြပါသည်။ရွှေဆံတော်စေတီတော်ကြီး၏ရင်ပြင်တော်ပေါ်တွင်လည်း ဆီမီးကိုးထောင် ပူဇော်ကြပါသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင်စေတီတော်ကြီး၏ဂေါပကအဖွဲ့မှကြီးမှူး၍ ဘုရားဖူးပြည်သူများ စုပေါင်းကာ ဆီမီးများထွန်းညှိပူဇော်ကြပါသည်။
ပြာသိုလတွင်ဆေးပဌာန်းပွဲကိုပြာသိုလဆန်း(၁၁)ရက်မှလပြည့်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပပါသည်။
တပို့တွဲလပြည့်နေ့တွင် စေတီတော်ကြီး၏ဂေါပကအဖွဲ့မှ ကြီးမှူး၍ ထမနဲပွဲများကျင်းပ၍ ဆွမ်းတော်ကပ်လှူခြင်း၊ ဘုရားဖူးပြည်သူများအား ထမနဲများ ဝေငှခြင်းများဆောင်ရွက်ကြပါသည်။
တပေါင်းလပြည့်နေ့တွင်တပေါင်းပွဲအထိမ်းအမှတ်အဖြစ် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပါသည်။