ကောသလမင်းကြီးအိပ်မက်(၁၆)ချက်
“ကောသလမင်းကြီး(၁)ခုမြောက်အိမ်မက် နှင့် ဘုရားရှင်၏အဖြေ”
နွားနက်ဥသဘကြီးလေးကောင်တို့သည်၊တကောင်နှင့်တကောင် တိုးဝှေ့တိုက်ခိုက်မယောင် အသွင်ပြုပြီး တိုက်ခိုက်ခြင်းမပြုပဲ၊ လွဲဖယ်၍ ထွက်သွားသည့်အိမ်မက်၏ အကျိုးမှာ နောင်ဆုတ်ကပ်ကာလတွင် ရာသီဥတုမမှန် ဖောက်ပြန်လျှက် အရပ်လေးမျက်နှာ၊မိုးခြိမ်းဟန်ပြုပြီးမိုးမရွာခြင်း၊ မိုးကောင်းစွာရွာသွန်းမှုမရှိဘဲမိုးခေါင်ပြီးကောက်ပဲသီးနှံများပျက်စီး၍ ငတ်မွတ်ခြင်းဘေးများဆိုက်ရောက်ကြလတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူသည်။
“ကောသလမင်းကြီး (၂)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
သေးငယ်သော သစ်ပင်ခြုံနွယ်တို့သည် မြေမှပေါက်ခါစ တစ်တောင်၊တစ်ထွာလောက်မျှသာ ရှိသော်လည်း အရွယ်နှင့်မမျှ မလိုက်ဖက်၊မြင်မကောင်းအောင် သီးပွင့်နေကြသည့် အိမ်မက်၏အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌ လူတို့သည် သက်တမ်းတိုလာပြီး အရွယ်နှင့်မမျှ ရာဂစိတ်များ ပြင်းထန်စွာဖြစ်ပေါ်၍အရွယ်မရောက်သေးသော အလွန်ငယ်ကုန်သော သတို့သမီးငယ်များသည် အိမ်ယာထောင်၊ကိုယ်ဝန်ဆောင်၊သားမွေးခြင်းကိစ္စပြုကြလတ္တံဟု ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၃)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
နွားမကြီးတို့သည် အမိဝမ်းမှကျွတ်ကုန်သော မွေးကင်းစ နွားမငယ်ကလေးတို့၏နို့ကိုစို့ကြသည်ကိုမြင်မက်သည့်အိမ်မက်” ၏ အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌သားသမီးတို့သည် ကျေးဇူးရှင် အမိအဖနှင့် ယောက္ခမ လူကြီးသူမများ၊ရိုသေထိုက်သူများအပေါ်တွင် အရိုအသေဂါရဝတရားထားခြင်းများ ပျောက်ကွယ်ကာ၊ ကိုးကွယ်အားထားရာမရှိကြသောကျေးဇူးရှင်မိဘနှစ်ပါးတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ သားသမီးများထံကပ်ရပ်မှီခို၍အောက်ကျို့မျက်မှာငယ်စွာဖြင့် အသက်မွေးကြရလတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူသည်။
“ကောသလမင်းကြီး (၄)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
ထွားကြိုင်းသန်မာသောနွားကြီးတို့အားဖယ်ခွာ၍ နုနယ်သေးငယ်သောနွားငယ်တို့အား လေးလံကြီးမားသောဝန်စည်များကိုသယ်စေရာ နွားငယ်များမသယ်နိုင်ကြဘဲကြောက်ကန်ငြင်းဖယ်၍ ရုန်းကန် ကြရသဖြင့်၊ လှည်းတန်ပိုးအောက်မှောက်လဲပြီးပင်ပန်းဆင်းရဲကြရသည့်အိမ်မက် ၏ အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌အတွေ့အကြုံရင့်ကျက်ပြီး ပညာဥာဏ်အမြော်အမြင်ရှိသော ပညာရှိများကိုမခန့်ထား အသုံးမပြုပဲအပယ်ခံထားပြီးအသိလိမ္မာပညာဥာဏ်နဲ၍စဥ်းစားဆင်ခြင်ဥာဏ်ချွတ်ယွင်းသူတို့အား ရာထူးစည်းစိမ်ဥစ္စာများပေး၍ချီးမြှင့်မြှောက်စားသဖြင့် မင်းမှုကိစ္စများကို ကျေပွန်အောင် မထမ်းဆောင်နိုင်တဲ့ မှန်ကန်စွာ ဆောင်ရွက်ရမည့် မင်းမှုတာဝန်ကို စွန့်ပစ်ကြကုန်လတ္တံ့ ဟု ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၅)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
မျက်နှာနှစ်ဖက်ရှိသောမြင်းတစ်ကောင်သည်၊ နှစ်ဖက်နံပါးတို့၌ရှိသော မုယောဆန်နှင့်မြက်တို့ကို ခံတွင်းနှစ်ဖက်ဖြင့်စားသောက်သည်ကို မြင်မက်သည့်အိမ်မက်” ၏ အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌ တရားမစောင့်ကိုယ်မဖြောင့် ကိုယ်နှုတ် အကျင့်တရားယုတ်ကန်းသောသူတို့ကိုသာ တရားဆုံးဖြတ်ရာဌာနတွင် ခန့်အပ်ကြလတ္တံ၊တရားကိုမလိုက် မကောင်းသောစရိုက်ဖြင့်အဂတိလိုက်စားလျှက် လာဘ်ပေးလာဘ်ယူကာ တံစိုးလက်ဆောင်စားပြီး အမှုကိုမတော်မတရားဆုံးဖြတ်ကြလတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၆)ခုမြောက်အိမ်မက်နှင့်ဘုရားရှင်၏အဖြေ”
“အဖိုးအနဂ္ဃတစ်သိန်းထိုက်တန်သော ရွှေခွကခအတွင်းသို့ ကျင်ငယ်စွန့်ပါလော့ဟု မြေခွေးအားပေးရာ ထိုမြေခွေးက ရွှေခွက်အတွင်းသို့ ကျင်ငယ်စွန့်သည့်အိမ်မက်” ၏အကျိုးမှာနောင်ဆုတ်ကပ်ကာလ၌ တရားမစောင့်သောမင်းတို့သည် အမျိုးဇာတ်ကောင်းသူတို့အား စည်းစိမ်ဥစ္စာမပေးပဲအမျိုးမမြတ်သူ ယုတ်ညံ့သူတို့ကိုသာ ပေးကမ်းချီးမြှောက်ကြလတ္တံ၊အမျိုးမြတ်သူတို့က သူယုတ်များကိုမှီ၍ အသက်မွေးမှဖြစ်တော့မည်ဟုအကြံဖြစ်ကာ အမျိုးမမြတ်ယုတ်ညံ့သူတို့ထံ အမျိုးကောင်းသား သမီးတို့အားပေးဆက်၍ပေါင်းသင်းဆက်ဆံအိမ်ထောင်သမှုပြုကြလတ္တံဟုဘုရားရှင် ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၇)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
“ကြိုးလွန်ကိုကျစ်နေသောယောကျ်ားထိုင်နေသောအင်းပျဥ်တော်အောက်သို့ ကျစ်ပြီးတိုင်းတွဲကျနေသော ကြိုးလွန်စအား မြေခွေးမက ခိုး၍စားနေသည့်အိမ်မက်” ၏အကျိုးမှာ နောက်ဆုတ်ကပ်ကာလ၌ မိန်းမတို့သည် မြင့်မြတ်သောကိုယ်ကျင့်တရားကို ဖျက်စီးကာ ယောက်ျားအပေါ်၌၎င်း သေရည်သေရက်အပေါ်၌၎င်း အဝတ်တန်ဆာအပေါ်၌၎င်း လှည့်လည်သွားလာရာ၌၎င်း ပစ္စညဥစ္စာအပေါ်၌၎င်း လျှပ်ပေါ်လော်လီခြင်း ရှိကြကုန်လတ္တံ၊ယုတ်မာသောအကျင့်ကို ကျင့်ကြကုန်ပြီး၊ အိမ်မှုကိစ္စဂရုမစိုက်၊ရာဂကြူးသောစိတ်ဖြင့်လင်ငယ်၊လင်မြောင်တို့ဖြင့် ဖောက်ပြန်ကျူးလွန်မှုပြုကြလတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၈)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
“ရေလုံးဝမရှိသောအိုးငယ်များကို ခြံရံ၍ရေပြည့်လျှံနေသောအိုးကြီးတစ်လုံးရှိရာ အရပ်လေးမျက်နှာမှ လူများသည် ရေအိုးတို့ကိုရွက်လာကြပြီး ရေပြည့်နေသောအိုးကြီးထဲသို့သာ ရေများလောင်းထဲ့၍ အောက်သို့လျှံကြကုန်သော်လည်း ရေမရှိသောအိုးများသို့သွန်းလောင်းသူတစ်စုံတစ်ဦးမျှမရှိသောအိမ်မက်” ၏ အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌ ပြည်သူပြည်သားများသည် မိမိတို့အမှုကိစ္စများကို စွန့်ပစ်ကြရကာ လုပ်ကိုင်သမျှပစ္စည်းဥစ္စာများကို မင်းဘဏ္ဍာသို့သာဖြည့်စီးပေးရသဖြင့် ပင်ပန်းဆင်းရဲကြီးစွာဖြစ်လတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၉)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
“အလွန်တရာနက်သော ရေကန်ကြီး၏အလယ်တွင် အံ့သြဖွယ်ရာရေများ နောက်ကျိနေပြီး သားငှက်တိရိစ္ဆာန်များ သက်ဆင်းသောက်သုံးရာရေကန်အစပ်ရှိရေတို့မှာ ကြည်လင်နေသည်ကိုမြင်မက်သောအိမ်မက်” ၏အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌ စိတ်နှလုံးမဖြောင့် တရားမစောင့်သောမင်းတို့သည် “ဆန္ဒအဂတိ၊ဒေါသအဂတိ၊ဘယာအဂတိ၊မောဟအဂတိ” တို့ကိုလိုက်စားကြလတ္တံ၊ တိုင်းသူပြည်သားအပေါင်းတို့သည် အခွန်အတုပ်ပေးဆက်ခြင်းငှာမတတ်နိုင်၍ မြို့ရွာ ဇနပုဒ်တို့အားစွန့်ခွာပြီးရပ်စွန်ပြည်နားသို့ ပြောင်းရွှေ့ထွက်ပြေးကြရလတ္တံ ဟုဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး (၁၀)ခုမြောက်အိမ်မက်နှင့် ဘုရားရှင်၏အဖြေ”
“အိုးတစ်လုံးနှင့် ထမင်းချက်ရာတွင် ထမင်းတအိုးထဲမှာပင်တပိုင်းမှာပျော့၍တပိုင်းမှာနူးနပ်ခြင်းမရှိ၊ကျန်တစ်ပိုင်းမှာ ကောင်းစွာနူးနပ်ကျက်နေသည့်အိမ်မက်” ၏အကျိုးမှာ နောင်ဆုတ်ကပ်ကာလ၌ မင်း၊အမတ်တို့သည်လည်းကောင်း၊နိဂုံးဇနပုဒ်နေသူတို့သည်လည်းကောင်း၊ ရဟန်းပုဏ္ဏားမှအစပြု၍တိုင်းသူပြည်သား လူအများတို့သည် စာရိတ္တချွတ်ယွင်းပြီး မကောင်းမှု၌ မွေ့လျော်သူများဖြစ်ကြလတ္တံ၊မိုးလေဝသမှန်ကုန်မှုမရှိဘဲ မိုးကွက်ကြားရွာလတ္တံ၊ မိုးမှန်သဖြင့်ကောက်ပဲသီးနှံတို့ဖြစ်ထွန်းသည်ရှိသကဲ့သို့မိုးများလွန်းသဖြင့်လည်းကောင်း၊မိုးခေါင်လွန်းသဖြင့်လည်းကောင်း၊ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံးကြကုန်လတ္တံ့ ဟုဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး(၁၁)ခုမြောက် အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနံ့သာနှစ်အား ရက်တက်ပုပ်ရည်၊ပုန်းရည်တို့ဖြင့် လဲလှယ်၍ရောင်းစားသည့် အိပ်မက်၏အကျိုးမှာ ငါဘုရားရှင်၏ သာသနာတော် ဆုတ်ယုတ်သောနောင်ကာလတွင် လျှပ်ပေါ်လော်လီကြကုန်သော အလဇ္ဇီရဟန်းတို့ ပေါများလာလတ္တံ့၊ လေးဖြာသော ပစ္စည်းတို့ကို တပ်မက်သည်ဖြစ်၍ အသင်္ခအမြတ်လှစွာသော နိဗ္ဗာန်ရောက်ကြောင်းတရားများကို ကောင်းစွာရှေးရှု ဟောပြောခြင်းငှာ မတတ်နိုင်ကြကုန်၊ ငါဘုရားရှင်၏ အဖိုးထိုက်သော အမြိုက်တရားတို့ကို လေးလီပစ္စယ အမိသအကျိုးငှာ ရက်တက်ပုပ်ရည်၊ပုန်းရည်တို့ဖြင့် လဲလှယ်၍ရောင်းစားသကဲ့သို့ ဖြစ်ကုန်လတ္တံ့ဟု ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး(၁၂)ခုမြောက်အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
ပကတိအားဖြင့် ပေါ့ပါးသည့် ဗူးတောင်းတို့သည် ရေမြုပ်သွားသည်ကို မြင်မက်ခြင်းအိပ်မက်၏ အကျိုးမှာ နောင်ဆုပ်ကပ်ကာလ၌ တရားမစောင့်သောမင်းတို့သည် အမျိုးနှင့်ပြည့်စုံသူ သူတော်ကောင်းတို့အား စည်းစိမ်ဥစ္စာ ပေးအပ်ချီးမြှင့်ခြင်းမပြုကြပဲ အမျိုးမမြတ်အကျင့်ယုတ်သူများကိုသာ ပေးကမ်းချီးမြှင့်ခြင်းပြုကြလတ္တံ့၊ သီလရှိကုန်သော လဇ္ဇီရဟန်းတို့၏ကောင်းမြတ်သောစကားများသည် မတည်တံ့ဖြစ်လတ္တံ့၊ သီလမရှိသော အလဇ္ဇီရဟန်တို့၏ စကားသာလျှင် အနှစ်အသားကျ၍ မတုန်မလှုပ်ကောင်းစွာတည်သည်ဖြစ်လတ္တံ့ဟု ဘုရားရှင်ဖြေကြားတော်မူခဲ့သည်
“ကောသလမင်းကြီး (၁၃)ခုမြောက် အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
လွန်စွာကြီးမားသော အိမ်ပမာဏခန့်၊ တောင်လုံးပမာဏခန့်ရှိ ကျောက်ဖျာကြီးသည် လှေကဲ့သို့ ရေပြင်ပေါ်တွင် ပေါလောမျောနေသည်ကို မြင်မက်သော အိပ်မက်၏အကျိုးမှာ နောင်ဆုပ်ကပ်ကာလတွင် အမျိုးမမြတ်သောသူတို့သည် ဣဿရိယ ဌာနန္တရ ပိုင်သလွှမ်းမိုး အစိုးရသည် ဖြစ်ကုန်ကြလတ္တံ့၊ သီလရှိကြသော လဇ္ဇီပုဂ္ဂိုလ်ရဟန်းတော်မြတ်တို့အား ကြည်ညိုအလေးအမြတ်ပြုအပ်သည်ဟုသဘောမထားကြဘဲ သူတော်ကောင်းစကားသည် ပရိတ်သတ်ဗိုလ်ပုံအလယ်တွင်တည်တံ့ခိုင်မြဲခြင်းမရှိ အပေါ်ယံ အပရိကဖြစ်၍ ပျောက်ကွယ်လတ္တံ့၊ အမျိုးကောင်းသားတို့ စကားပြောဆိုကြသည်ရှိသော် အမျိုးမမြတ်သူတို့က ကဲ့ရဲ့သမှုပြုကြလတ္တံ့ဟု ဘုရားရှင် ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး(၁၄)ခုမြောက် အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
သေးငယ်သော ဖားမငယ်က ကြီးမားလှသော မြွေဟောက်ကြီးအား ကြာရိုးကြာစွယ်ကို ဖြတ်တောက်သည့်အလား ကိုက်ခဲဝါးမြိုသည့် မြင်ကွင်းအိပ်မက်၏ အကျိုးမှာ နောင်ဆုပ်ကပ်ကာလတွင် လူတို့သည်တရားမစောင့် အကျင့်သီလပျက်ယွင်းဖောက်ပြန်ခြင်း၊ လိမ်ညာစကားဆိုခြင်း၊ သူတပါးပစ္စည်းခိုးယူခြင်း၊ သူတပါးအိမ်ယာကျူးလွန်ခြင်း၊ အရက်သေစာသောက်သုံးခြင်း စသည့်ပျက်စီးခြင်းလောကသို့ရောက်လိမ့်မည်၊ အရွယ်ငယ်သော အမျိုးသမီးငယ်များ ကြွယ်ဝချမ်းသာသော သက်ကြားအိုအဘိုးကြီးများနှင့် ပေါင်းသင်းဆက်ဆံမှုပြုကြပြီး လင်အိုကြီးများကို ကျွန်အစေအပါးများကဲ့သို့ သဘောထားက မယားခပ်ငယ်ငယ်ကလေးတို့ကနိုင်ထက်ကလူပြုကြမည်၊ ယင်းမှာဆိုးရွားညစ်ညမ်းသည့်နိမိတ်ဖြစ်ကြောင်း ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး(၁၅)ခုမြောက်အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
မည်းနက်နေသောကျီးယုတ်အား ရွှေဟင်္သာများ ခြံရံနေပုံ အိပ်မက်၏အကျိုးမှာ နောင်ဆုပ်ကပ်ကာလတွင် အင်အားသတ္တိကင်းမဲ့ကုန်သော မင်းတို့သည် မိမိတိုင်းပြည်စည်းစိမ်တို့ ပျက်စီးရမည့်အခြေအနေအား ကြောက်ရွံ့ရှာကြကုန်သည်ဖြစ်လတ္တံ့၊ ထိုအခါ မိမိနှင့်အမျိုးဇာတ်တူကြကုန်သော အမျိုးကောင်းသားနှင့်သူတော်ကောင်းတို့အား စည်းစိမ်ဥစ္စာအစိုးရခြင်းအရာကို မပေးဘဲ ဥပေက္ခာပြုကြပြီး အမျိုးယုတ်သူများကိုသာ ချီးမြောက်ကြလတ္တံ့၊ ထိုအခါ အမျိုးကောင်းသားတို့သည် ကိုးကွယ်ရာမဲ့ဖြစ်ပြီး ရွှေဟင်္သာအပေါင်းတို့က ယုတ်မာသောကျီးငှက်ထံတွင် ခစားကြရသကဲ့သို့ အမျိုးယုတ်သူတို့ထံတွင်သာ ခစားခြံရံကြကုန်သည်ဖြစ်လတ္တံ့ဟု ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။
“ကောသလမင်းကြီး(၁၆)ခုမြောက်အိပ်မက်နှင့် ဘုရားရှင်၏အဖြေ”
အသားစား ခြင်္သေ့၊ကျားသစ် သတ္တဝါတို့အား ဆိတ်က လျှင်မြန်သော အဟုန်ဖြင့် ခုန်အုပ်ကာ ကျွတ်ကျွတ်မြည်အောင် ကိုက်ခဲဝါးမြိုစားသောက်သည့် အိပ်မက်၏အကျိုးမှာ နောင်ဆုပ်ကပ်ကာလတွင် လဇ္ဇီရဟန်းတို့အား အလဇ္ဇီရဟန်းတို့က၎င်း၊ အမျိုးမြတ်သူ ဇာတိဂုဏ်ပြည့်စုံသူတို့အား အမျိုးယုတ်သူတို့က၎င်း၊ အလိုရှိတိုင်း နှိပ်စက်ညှင်းပမ်းကြပေလိမ့်မည်၊ ဆိတ်၏ရန်ကိုစိုးရိမ်ကာ ပြေးအောင်ပုန်းခိုရသည့် ခြင်္သေ့ ကျားသစ်ပမာ ဖြစ်ကြပေလိမ့်မည်၊ မင်းနှင့်အကျွမ်းဝင်သော အမျိုးဇာတ်နိမ့်ပါးသူတို့သည် ဘုန်းတန်ခိုးကြီးမားပြီးအစိုးရကြလတ္တံ့၊ အမျိုးမြတ်သူတို့မှာ စိတ်နှလုံးမချမ်းမြေ့ပဲ ညှိုးငယ်ပူဆာလျက်ဆင်းရဲခြင်း၊ ဂုဏ်အင်သိမ်ငယ်ခြင်းများဖြင့် မထင်မရှားနေကြရလတ္တံ့၊ မင်းအားကိုးဖြင့်သူယုတ်မာများက သူတော်ကောင်းများကို ညှင်းပမ်းနှိပ်စက်ကြလိမ့်မည်ဟု ဘုရားရှင်ဖြေကြားတော်မူခဲ့ပါသည်။