တောင်ငူရာဇဝင် အကျဉ်းချုပ်

မင်းကြီးညိုသည် သက္ကရာဇ် ၈၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် နေ့တွင် ‘ကေတုမတီ’ခေါ် တောင်ငူမြို့ကို တည်တော်မူသည်။ တည် တော်မူရာ၌ ကြာအင်းကို အတွင်းသို့သွင်း၍ တည်တော်မူသည်။ ယင်း ကြာအင်း ဟူသည်ကား စံပယ်ကျွန်း၊ ငှက်ပျောကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်းဟူသော ကျွန်းကြီးလေးကျွန်း အပါအဝင်ဖြစ်သည့် လေးကျွန်း ကန်တော်ကို ဆိုလိုသတည်း။ ထိုသို့ မြို့ကိုတည်ရာ၌ မြို့အရှေ့မှသည် အနောက်သို့ တာပေါင်း (၇ဝဝ)၊ မြို့တောင်မှသည် မြောက်သို့ တာပေါင်း (၁ဝဝဝ) ဖွဲ့လျက် မြို့၏အကျယ်အဝန်းကို သတ်မှတ်၍ မြို့၏ အရှေ့ မြောက်ထောင့်ရှိ မဟာရံရွှေကျောင်းကြီးနှင့် တစ်ပြိုင်တည်း ပန္နက်ရိုက်၍ တည်တော်မူသည်။

ကေတုမတီမြို့ကို ဝန်းရံနေသော မြစ်များကား အရှေ့ဘက်တွင် ပေါင်းလောင်းမြစ်၊ တောင်ဘက်တွင် လက်ျာရစ် ကွေ့ဝိုက်စီးဆင်းနေ သော ခပေါင်းမြစ်၊ အနောက်ဘက်တွင် မြို့ကို ဝိုက်လည်စီးဆင်းနေသော ပုပ်ပဲ(ပန်းဘဲ)ချောင်း၊ မြောက်ဘက်တွင်မူ ဆွာချောင်းက ရစ်ပတ်ဝန်းရံ စီးဆင်းနေသည်။ မြို့၏ အရှေ့တောင်ဘက်တွင် တရထည်းချောင်းကား စီးဆင်းနေလျက် မြတ်စွာဘုရားသည် ကြက်မင်းညီနောင် ဖြစ်စဉ်အခါက စံပျော်ရာ သရထည်းဘုရား ညီနောင်နှစ်ဆူတို့သည် မြအရောင်ဖြင့် ညို့မှိုင်း ဝေဆာလျက် ရှိကြကုန်သည်ဟူ၍ နတ်သျှင်နောင် ကိုယ်တော်တိုင်က တောင်ငူကေတုမတီ၏ ဝန်းကျင်ကို အောက်ပါ လေးဆစ်ကဗျာဖြင့် ဖွဲ့ဆိုသွားဖူးလေသည်။

“ထောင့်တိုင်း ငယ်စပ်ယှဉ်၊ မြက်ခပေါင်း၊ ပေါင်းလောင်း လက်ယာကွေ့၊ နန်းမြေစံတည်၊ ပန်းပဲကဝိုက်လည်၊ မြောက်ဆီက ဆွာဖုံး၊ကြက်ညွန်းညီနောင်နှင့်၊ တရထည် မြရည်ကစို့တယ် လွမ်းဖို့ မဆုံး” မြို့၏လေးမျက်နှာတွင် မြို့တံခါး (၂ဝ) နှင့် သိမ် (၂ဝ) တို့ကို လည်း တစ်ပြိုင်နက် တည်တော်မူသည်။