ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံသည့်သမိုင်း
ဦးမင်းခေါင်နှင့် ဦးသာခေါင်တို့လည်း ဗြိတိသျှအစိုးရထံ နာလဘီ၏ အပြုအမူကို ကန့်ကွက်စာတင်ကြသောအခါ ပဲခူးအရေးပိုင်မင်းလည်း မနေသာတော့၍ နာလဘီ ဖြိုဖျက်ယူ ထားသော အုတ်များကို ပြန်ပေးစေသည်။ ဆက်လက်၍ ပဲခူးအရေးပိုင်သည် အုတ်ဖို ဆရာတော် ဦးယောက်အား နိဗ္ဗာန်ဆင်းတုနှင့် ပရိဝုဏ်အတွင်း မြေကို အုပ်ထိန်းရန်အပ်နှင်းခဲ့ လေသည်။ ထိုအခါ အုတ်ဖိုဆရာတော် ဦးယောက်နှင့် မဟာကလျာဏီ ဆရာတော် ရတနဓမ္မထေရ် တို့၏ တပည့်ဒါယကာများသည် နိဗ္ဗာန်ဆင်းတုတော်နှင့် တံတိုင်းအတွင်း ဖုံးလွှမ်းနေသော ခြုံနွယ် ပိတ်ပေါင်း သစ်ပင်ဝါးပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြပါသည်။
နိဗ္ဗာန်ဆင်းတု လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပေါ်ထွန်းလာသော အခါ အင်္ဂတေများ ကွာလျက် အုတ်ရိုးပေါ်နေသည်မှအပ များစွာပျက်စီးခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
ပေါ်ပေါက်လာသော ဆင်းတုတော်ကြီးအား အုတ်ဖိုဆရာတော် ဦးယောက်နှင့် ကလျာဏီဆရာတော် ရတနဓမ္မထေရ်တို့အား အမှူးထားလျက် ဦးမင်းခေါင်၊ ဦးသာခေါင်၊ ဦးလှဘော်၊ ဦးဘိုးအေးတို့သည် ရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်၊ လည်ပင်းတော်၊ အုံးတော်များကို အင်္ဂတေသစ်တင်ခြင်း၊ မျက်နှာတော်ကိုဖွင့်ရန် ဆေးဖြူတင်ခြင်းစသော ကောင်းမှုတို့ကို ပြုခဲ့ပါသည်။ ထိုသို့ကောင်းမှုပြုရန်အတွက် တစ်ယောက်လျှင် ငွေငါးရာကျပ်စီစုကာ စုစုပေါင်း ငွေနှစ်ထောင်ကျပ်ကို အကုန်ခံကုသိုလ်ပြုကြပါသည်။ သက္ကရာဇ် ၁၂၅၃ ခု၊ နတ်တော်လပြည့်၊ အင်္ဂါနေ့မှ လပြည့်ကျော်(၂)ရက်၊ ကြာသပတေးနေ့အထိ ပွဲတော်ခံကာ မျက်နှာတော်ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုနှစ်မှစ၍ ရွှေသာလျောင်း ပွဲတော်ကို နှစ်စဉ် နတ်တော် လပြည့်နေ့၌ ကျင်းပသော အစဉ်အလာ ဖြစ်ခဲ့ပါသည်။
‘ရွှေသာလျောင်း’ ဟူသော ဘွဲ့မည်သစ်ကို ထိုအခါ ပြန်လည်ပွင့်ထွန်းတော်မူမှ ကလျာဏီဆရာတော် ရတနဓမ္မထေရ်နှင့် အုတ်ဖိုဆရာတော် ဦးယောက်တို့က ညှိနှိုင်း တိုင်ပင်၍ ပေးတော်မူခဲ့ခြင်းဖြစ်ပေသည်။ရုပ်ပွားတော်မြတ်ကြီး၏ ကြွင်းကျန်သောအုတ်ရိုးများကို ၁၂၅၄ ခု၊ တော်သလင်း လဆန်း(၁) ရက်၊ တနင်္လာနေ့မှ နတ်တော်လပြည့်နေ့၊ စနေနေ့အထိ ဦးမင်းခေါင်အမှူးရှိသော ပဲခူးမြို့သူ မြို့သားများက အင်္ဂတေအသစ် ကပ်လှူခဲ့ကြပါသည်။
၁၂၅၅ ခုနှစ်၊ သလွန်တော်ကြီးကို အင်္ဂတေကိုင်ပြီး ၁၂၅၆ ခုနှစ်တွင် အုတ်ခုံတော် ကြီးကိုဖော်၍ ပြုပြင်ကြကြောင်း၊ ထိုသို့ပြုပြင်ရာမှ အရှေ့ဘက်မျက်နှာ လှေခါး၏ မြောက် ဘက်တွင် ဘုရားသမိုင်း ကျောက်စာတိုင် နှစ်တိုင် ပေါ်လာကြောင်း သိရှိရပါသည်။ ကျောက်စာ တိုင်မှ ကျောက်စာကို ကလျာဏီဆရာတော်က ဖတ်ကြားပေးရာတွင် သက္ကရာဇ် ၆၆၃ ခုနှစ် တွင် မိဂါဒိပ္ပမင်းငယ်လှသည် ပင်းယသီဟသူမင်းအတွက် တည်သည်ဟု ဖြစ်ပါသည်။