ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းကြောင်း
တတိယ ဟံသာဝတီခေတ်၏ နှောင်းပိုင်းကာလသည် မြို့စားတစ်ခါ၊ မြို့ဝန် တစ်လှည့်၊ ပြည်သူတင်မြှောက် မင်းတို့ရောက်လည်း အောက်မြန်မာပြည် မုတ္တမ၊ ပုသိမ်၊ ရန်ကုန်၊ ပြည်၊ ဟံသာဝတီ၊ ပဲခူးတို့သည် ၁၈၅၂ ခုနှစ်၊ ဧပြီလ၊ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်၊ သင်္ကြန်ကျသော အခါကတည်းက အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရပါသည်။
ကိုလိုနီလက်အောက်ကျရောက်ခဲ့ရသော ဟံသာဝတီပဲခူး၏ သာသနာတော်ကို မြန်မာဘုရင်တို့ပင် လွတ်လပ်စွာပြုစုနိုင်ခြင်းမရှိခဲ့ပေ။ သာဓကတစ်ရပ်မှာ ၁၂၃၀ ပြည့်နှစ်တွင် ဟံသာဝတီ ပဲခူးရှိ ရွှေမောဓောစေတီတော် ဘုရားလူကြီးဖြစ်သူ ပဲခူးမြို့၊ ညောင်ဝိုင်းရပ်နေ ဦးခွေးပုက မင်းတုန်းမင်းကြီးထံ ဝင်ရောက်ခစား၍ ထီးတာ်သစ်လဲရန် လျှောက်ထားလေရာ မင်းတုန်းမင်းကြီးက ဝမ်းမြောက်ဝမ်းသာ ကုသိုလ်ယူမည်ဟူ၍ ရာမညတိုင်းရှင် အင်္ဂလိပ် အစိုးရမင်းကို စုံစမ်းရာ နယ်ချဲ့အစိုးရ၏ ဝန်ထမ်း၊ ပဲခူးမြို့ဝန်ထောက်က ရွှေမော်ဓောဘုရား ထီးတော် အနည်းငယ်ယိုယွင်းသည်ကို ဆင်းရဲသားကျွန်တော်မျိုးတို့တစ်စု တင်နိုင်အောင် တင်မည်ဟု စည်းဝေးဆဲဖြစ်ကြောင်း ပြန်ကြားသဖြင့် မင်းတုန်းမင်းတရားကြီးသည် ထီးတော် တင်မည့်အရေးကို လျစ်လျူရှုခဲ့ရလေ၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖြစ်လာသမျှ သင်္ခါရတရားတို့သည် ပျက်သည်ချည်းပဲ ဖြစ်ကြောင်း အပ္ပမာဒ မမေ့ရန် ဟောကြားတော်မူခဲ့သည့်အတိုင်းနယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသော ‘နိဗ္ဗာန် ဆင်းတု’ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီး၏ ကံကြမ္မာမှာ တန်ဆောင်းတော်ကြီးများ ပြိုပျက်လျက် သစ်ပင်ခြုံနွယ်တို့ ပေါက်ရောက်ကာ မြေသားတို့ ဖုံးလွှမ်းခြင်းခံခဲ့ရပါလေသည်။ ထိုအခါ ရုပ်ပွားတော်မြတ်ကြီး၏ နေရာသည် တောင်ကုန်း တစ်ခုသဖွယ် ဖြစ်နေပြီး တောတက်သော လှည်းများဖြတ်သန်းရာ လမ်းကြောင်းအသွင် ဖြစ်နေရရှာပါသည်။
ထိုနေရာတွင် နိဗ္ဗာန်ဆင်းတု လျောင်းတော်မူ ရုပ်ပွားတော်မြတ်များရှိသည်ဟု တစ်ဆင့်စကား ကြားဖူးသူများက ရှာဖွေခဲ့သော်လည်း ခြုံနွယ်ပိတ်ပေါင်း မြေကမ္ဗလာတို့က ဖုံးကွယ်ထားသောကြောင့် မတွေ့ခဲ့ကြရပေ။ ထိုအချိန်က နယ်ချဲ့အာဏာပိုင်တို့သည် မိမိတို့နှင့်အလျဉ်းသင့်သူများကို နေရာများပိုင်းခြား အကွက်သတ်မှတ်ကာ ခြံမြေ အိမ်ခြေများအဖြစ် ပေးဝေခဲ့ပါသည်။
ရုပ်ပွားတော်အချက်အလက်များ
ရွှေသာလျောင်းရုပ်ပွားတော်ကြီးသည် ပဲခူးမြို့ အနောက်ဘက်တွင် တည်ရှိသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။
ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံသည့်သမိုင်း
သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ပဲခူးမြို့၊ မီးရထားလမ်းဖောက်လုပ်ရာတွင် လိုအပ်သော အုတ်များကို ဗြိတိသျှအစိုးရက မှာယူခဲ့သည်။ ဗြိတိသျှအစိုးရ၏ ကန်ထရိုက်တာ ‘နာလဘီ’က တူးဖော်ဖျက်၍ ယူဆောင်လေတော့သည်။ ထိုအုတ်များကို သယ်ဆောင်ပေးရသောဗုဒ္ဓဘာသာဝင် လှည်းသမားတို့မှာ ယူကြုံးမရ ဝမ်းနည်းခြင်းများစွာဖြင့် မကျေမနပ် ဖြစ်ကြပြီး မဟာကလျာဏီ ဆရာတော် ရတနဓမ္မထေရ်ကို လျှောက်ထားတိုင်ကြားကြလေတော့သည်။ မဟာကလျာဏီ ဆရာတော် ရတနဓမ္မထေရ်ကလည်း နာလဘီ၏ အပြုအမူများကို ဗြိတိသျှ အစိုးရထံ ကန့်ကွက်ရန် တပည့်များဖြစ်သော ဦးမင်းခေါင်နှင့် ဦးသာခေါင်တို့အား လွှဲအပ်လိုက် လေသည်။