ကေလဇာတီဘုရားရှိ နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များ၏ သမိုင်းကြောင်းများ

ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားလက်ထက် မြန်မာသက္ကရာဇ် ၉၁၄ ခုနှစ် တော်သလင်းလပြည့်နေ့တွင် ကေလဇာတီဘုရားကို တည်တော်မူခဲ့ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများကိုပါ ဘုရားတွင် စံမြန်းတော်မူခဲ့ပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများသည် ပုံတော်မှာ ပုံစံတူဖြစ်ပြီး ခုနှစ်ရက်သားသမီးများ၏ နေ့နံအလိုက် သစ်သားများအား အသုံးပြု၍ ထုဆစ်ပူဇော်ထားပါသည်။

အစဉ်အလာကြီးမား၊ တန်ခိုးကြီးမားပြီး ဆုတောင်းပြည့်သော ဆင်းတုတော်များဖြစ်ပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများအား အကြိမ်ကြိမ် ဖျက်ဆီးခံရ၊ အခိုးခံရသော်လည်း ယနေ့ထက်တိုင် သပ္ပါယ်စွာ စံမြန်း၍ မြို့သူ၊ မြို့သားများမှ ကြည်ညိုစွာ ပူဇော်နေကြကြောင်း တွေ့ရှိရပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများအား မြန်မာသက္ကရာဇ် (၁၂၉၄) ခုမှစ၍ နှစ်စဉ် တော်သလင်းလဆန်း  (၁၃) ရက်နေ့ ရောက်တိုင်း မြို့တွင်းသို့ လှည့်လည် အပူဇော်ခံလေ့ရှိပါသည်။ လှည့်လည်အပူဇော်ခံသည့် ညမတိုင်မီ မြို့သူမြို့သားများ၊ အသင်းအဖွဲ့များမှ မိမိတို့မဲကျရာ ဘုရားတစ်ဆူကို အလိုရှိရာ အရပ်သို့ ပင့်ဆောင် ဆွမ်းကပ်ကြ ပါသည်။ လဆန်း (၁၃) ရက်နေ့တွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံပြီး တော်သလင်းလပြည့်နေ့ နံနက် (၂)နာရီ အချိန်မှစ၍ အဖွဲ့အသီးသီးမှ ပင့်ဆောင်ထားသည့် ဘုရားကိုယ်တော်မြတ်ကြီးကို ထမ်းဆောင်၍ အရပ်ရပ်သို့ အာရုံဆွမ်းခံထွက်ကြ ပါသည်။ ထိုသို့ နှစ်စဉ်မပျက်မကွက် လှည့်လည်အပူဇော်ခံခဲ့သည်မှာ မြန်မာသက္ကရာဇ် (၁၂၉၄) မှ စ၍ ယခု မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်တွင် (၉၂)ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ မီးခခြင်း

ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်များပြန်ဝင်လာသည့်အချိန်တွင် ကုလားစစ်သားများ ပါဝင်သည့်အင်္ဂလိပ်စစ်တပ်များ ကေလဇာတီဘုရားမှာ တပ်စွဲထားခဲ့ပါသည်။ ထိုအချိန်က နှစ်ကျိပ်ရှစ်ဆူဘုရားများမှာ မှန်စီရွှေချ အဆင့် ရုပ်ပွားတာ် များသာဖြစ်ပါသည်။ ထိုရုပ်ပွားတော်များအား တပ်စွဲထားသည့် စစ်တပ်မှ မီးပုံကြီးပေါ်တင်၍ မီးရှို့ခဲ့ပါသည်။ တောင်ငူမြို့မှ ဦးလှမောင်မှ ဘုရားများ မီးရှို့နေသည်ကို တွေ့ရှိပြီး မခံမရပ်နိုင်ဖြစ်ကာ ဘုရားများအား ဝင်လုခဲ့ပါသည်။ မီးပုံထဲမှ ဘုရားတစ်ဆူက ရရှိပြီး ထွက်ပြေးခဲ့ရာ နောက်မှ စစ်သားများ ပြေးလိုက်လာခဲ့ပါသည်။ နောက်မှ လိုက်လာသည့် စစ်သား(၆)ဦးနှင့် ဦးလှမောင်တို့ လုံးထွေး သတ်ပုတ်ခဲ့ကြပြီး ဘုရားကို အရယူပြေးကာ ဦးလှမောင် လွတ်မြောက်သွားခဲ့ပါသည်။ ၎င်းဘုရားအား ဦးလှမောင် မိသားစုမှ အစဉ်အဆက် ကိုးကွယ်ခဲ့ကြပါသည်။ ကျန်ဘုရားမှာ မီးခခဲ့ပါသည်။၎င်း ဦးလှမောင်မိသားစု ကိုးကွယ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားဆင်းတုတော်များ၏ ပုံတော်အတိုင်း၊ ဉာဏ်တော်များအတိုင်း ယခုလက်ရှိဘုရားများကို ပြန်လည်ထုလုပ်ကိုးကွယ်ခဲ့ကြပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ အခိုးခံရခြင်း

ပထမအကြိမ်အခိုးခံရခြင်း

မြန်မာသက္ကရာဇ် ၁၃၂၁ ခုခန့်တွင် ‌ ကေလဇာတီဘုရားမှ နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်(၁၇)ဆူ ပထမအကြိမ် အခိုးခံခဲ့ရပါသည်။ အခိုးခံရသည့် နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များအား (၁၁)ရပ်ကွက်၊ စံပယ်ဦးလမ်းမှ အိမ်တစ်အိမ်၏ လှေကားထစ်အောက်မှ ဆင်းတုတော်များအားလုံး ပြန်လည်တွေ့ရှိခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ဂုန်နီအိတ် များဖြင့်ထုပ်၍ လှေကားထစ်အတွင်းထိုးထည့်ထားသော်လည်း တန်ခိုးတော်ကြောင့် ပျက်စီးခြင်းမရှိဘဲ အချိန်မီ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ်အခိုးခံရခြင်း

မြန်မာသက္ကရာဇ် ၁၃၃၄ ခု ခန့်တွင် ကေလဇာတီဘုရားမှ နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များမှ (၂၁)ဆူ ဒုတိယအကြိမ် အခိုးခံခဲ့ရပါသည်။ ဖြစ်စဉ်အကျဉ်းချုပ်မှာ ကေလဇာတီဘုရား ဂန္ဓကုဋီတိုက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများစံမြန်းစဉ် မနက် (၅) နာရီခန့်တွင် ဘုရားကို စောင့်ရှောက်နေသော စကားမပြောတတ်သည့် ဦးတင်ရွှေမှ ဘုရားဝေယျာဝစ္စ လူငယ်အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ကြည်အား လာရောက်နှိုး၍ ဘုရားများ အခိုးခံရကြောင်း အကြောင်းကြားခဲ့ပါသည်။  လူငယ်အဖွဲ့မှ လာရောက်စစ်ဆေးရာ ဂန္ဓကုဋီတိုက်အဝင်တွင် ခြေရာနှစ်ခုတွေ့ရှိပြီး တံခါးသော့အား သံဖြတ်လွှဖြင့် တိုက်ဖွင့်ထား ပြီး ဘုရားဆင်းတုတော် (၂၁) ဆူပျောက်ဆုံးနေသည်ကို တွေ့ရှိရပါသည်။ တွေ့ရှိသည့် ခြေရာအား တိုင်းတာ မှတ်သား၍ စုံစမ်းခဲ့ကြပါသည်။ မနက် ၁၀ နာရီခန့်တွင် တောင်ငူမြောက်ဖက် သင်္ချိုင်း အနီးနေထိုင်သူ ပြည်သူတစ်ဦးမှ သတင်းလာပေးပါသည်။ ည ၂ နာရီလောက်တွင် ပူလို့အိပ်မပျော်ချိန် ဂုန်နီအိတ်နှင့် ထုပ်ထားသော အိတ်တစ်အိတ် အား ထမ်း၍ လူတစ်ဦး ခပ်သုတ်သုတ်လျှောက်လာပါသည်။ ၎င်းတို့ရှေ့ရောက်စဉ် ထိုသူသည်နောက်ချေးပုံကို တက်နင်းမိပြီး လဲသွားရာ မသင်္ကာသဖြင့် ဘုရားအား လာရောက်သတင်းပို့ခြင်းဖြစ်ပါသည်ဟု သတင်းပေးပို့ခဲ့ပါသည်။ ဘုရားမှတာဝန်ရှိသူများ က ချော်လဲသည့်နေရာသို့သွားကြည့်ရာ တိုင်းထားသည့်ခြေရာနှင့် ချော်လဲသူ၏ခြေရာမှာ အတိုင်းအတာတူညီနေ ပါသည်။ သို့ဖြစ်၍ ဘုရားဝေယျာဝစ္စအဖွဲ့မှ ပျောက်ဆုံးသွားသော ဘုရား (၂၁) ဆူသည် သင်္ချိုင်းအတွင်းပင် ရှိသည်ဟု တွေးတောမိခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ဘုရားဂေါပကများနှင့် လူငယ်အဖွဲ့များမှ ငွေလှံသင်္ချိုင်းအား ည(၈)နာရီ၊ မြောက်သင်္ချိုင်းအား ည(၉)နာရီ တွင် ဝင်ရောက်ရှာဖွေမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ ရှာဖွေမည်ဟု ဆုံးဖြတ်ထားသည့် အချိန်မတိုင်မီ မြောက်သင်္ချိုင်းအား ည (၈)နာရီခန့်တွင် အဖွဲ့ (၅)ဖွဲ့ ဖွဲ့၍ ဝိုင်းထားကြစဉ် ည (၈း၃၀) တွင် ၎င်းသင်္ချိုင်းမှ ဆိုက်ကားတစ်စီးသည် အထုပ်နှစ်ထုပ်အား ရှေ့တစ်ထုပ်၊ နောက်တစ်ထုပ် တင်၍ ထွက်လာခြင်းကို မြောက်သင်္ချိုင်း သံလမ်းအရှေ့ဖက် အထွက်တွင် တွေ့ရှိခဲ့ပါသည်။ လူငယ်များမှ ဝိုင်းထားသောအခါ ဆိုက်ကားပေါ်မှသူက ဓားဖြင့် ခုခံတိုက်ခိုက်ခဲ့ပါသည်။ လူငယ်များက လောက်လေးများဖြင့် ဝိုင်းပစ်ခဲ့ရာ အဆိုပါသူသည် ထွက်ပြေးသွားခဲ့ပါသည်။ အထုပ်များကို ဖြေကြည့်ရာ ရုပ်ပွားတော် (၂၁)ဆူလုံး ပြန်ရရှိ ခဲ့ပါသည်။ ထွက်ပြေးသူကို မမိခဲ့သဖြင့် ဆိုက်ကားပိုင်ရှင် အား အရေးယူခဲ့ပါသည်။

ထူးခြားဖြစ်စဉ်များ

နှစ်ကျိပ်ရှစ်ဆူဘုရားများလှည့်လည်အပူဇော်ခံသည့်အခါ တရုတ်အသင်းမှ ပင့်ဆောင်ပူဇော်သည့် ရုပ်ပွားတော် အမှတ် (၁၇)အား ပလ္လင်အမြင့်ပူဇော်ထားပါသည်။ လှဉ့်လည်ပူဇော်စဉ်တွင် ရုပ်ပွားတာ် အောက်ပြုတ်ကျခဲ့ပါသည်။ ထိုသို့ ပြုတ်ကျခဲ့သောလည်း မြေပြင်အထိ မကျဘဲ ပူဇော်နေကြသည့် ပြည်သူတစ်ဦး၏ ရင်ခွင်ထဲသို့ ပြုတ်ကျခဲ့ပါသည်။ ပျက်စီးခြင်းမရှိဘဲ ပြန်လည်ပင့်ဆောင်နိုင်ခဲ့ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားတစ်ဆူအား ပင့်ဆောင်သည့် ကားမှာ မီးလောင်ခဲ့သော်လည်း ဘုရားဆင်းတုတော်အား ထိခိုက်ခြင်းမရှိ ပြန်လည်ရရှိခဲ့ပါသည်။