မဟာမုနိကေလဇာတီဘုရားကြီးတွင် ကျင်းပပြုလုပ်သော ပွဲတော်များ

ကဆုန်လ

ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စေတီတော်အနောက်တောင်ထောင့်ရှိ ဗောဓိညောင်ပင်တွင် ကျင်းပပါသည်။ ညောင်ရေလာရောက်သွန်းလောင်းပူဇော်သူများ၊ ဘုရားဖူးလာပြည်သူအပေါင်းတို့အား စတုဒီသာအလှူအဖြစ် ထမင်း အအေး တို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းပါသည်။

 

ဝါဆိုလ၊ဝါခေါင်လ

 ဂေါပကအဖွဲ့နှင့်အကျိုးဆောင်ဝေယျာဝစ္စအဖွဲ့၊ ဓမ္မစကြာအမျိုးသမီးအဖွဲ့တို့သည် ဝါတွင်းသုံးလ ကာလ တနင်္ဂနွေ နေ့တိုင်းတွင် တောင်ငူမြို့တွင်းသို့ ဝတ်အသင်းလှည့်လည်၍ ကုသိုလ်ယူကြပါသည်။

တော်သလင်းလ

စေတီတော်ကြီးကို စတင်တည်ဆောက်ပြီးစီးအောင်မြင်ခဲ့သည် (၉၁၄) ခုနှစ်မှစ၍ ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲကို ယနေ့တိုင်အစဉ်အလာမပျက်စေဘဲ ကျင်းပပြုလုပ်လျက်ရှိပါသည်။ တော်သလင်းလဆန်း (၁၄)ရက်နေ့တွင် အလှူရှင်များမှ သစ်သီးများ၊ မုန့်ဆွမ်းခဲဖွယ် များကို လာရောက်လှူဒါန်းကြပါသည်။ အလှူရှင်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး တောင်ငူရိုးရာ အစားအစာဖြစ်သည့် ချိပ်ဆိုးထမင်းနှင့် တို့ဟူး တို့ကိုလည်းဝေငှပေးပါသည်။ တော်သလင်းလပြည့်နေ့ နံနက်တွင် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းခြင်း၊ အလှူရှင်များလှူဒါန်းထားသော လှူဖွယ်များအား မြတ်စွာဘုရားအားဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပါသည်။

 

သီတင်းကျွတ်လ

သီတင်းကျွတ်လပြည့်နေ့တွင် စေတီတော်မြတ်ကြီးအား ဆီမီးများထွန်းညှိပူဇော်ကြပါသည်။သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင်ဝါတွင်းသုံးလကာလတွင် တနင်္ဂနွေနေ့တိုင်း လှည့်လည်ခဲ့သော ဝတ်အသင်း၏ ဘုံပိတ်အောင်ပွဲလှည့်လည်ပွဲကို ကျင်းပပါသည်။

 

တပို့တွဲလ

 မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့်ကျင်းပပြီး မြတ်စွာဘုရားအားထမနဲဆွမ်း ဆက်ကပ်လှူဒါန်းခြင်း ၊ကုသိုလ်ရှင် အလှူရှင်များနှင့် ဘုရားဖူးများအား ဝေငှပေးကမ်းခြင်းများ ဆောင်ရွက်ကြပါသည်။

တန်ဆောင်မုန်းလ

တန်ဆောင်မုန်းလဆန်း(၂)ရက်နေ့မှ (၆) ရက်နေ့အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပွဲကို ကျင်းပဆောင်ရွက်ပါသည်။ အသံမစဲမဟာပဌာန်းအောင်ပွဲအခမ်းအနားနှင့်အတူ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွါးတော်များကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းကို ကျင်းပပူဇော်ပါသည်။