မဟာမုနိကေလဇာတီဘုရားကြီးသမိုင်း

မဟာမုနိကေလဇာတီစေတီတော်ကို စတင်တည်ထားခဲ့သည့် မူလဒါယိကာမှာ  ဒုတိယမြန်မာနိုင်င်ငံတော်ကို တည်ထောင်သူ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဖြစ်ပါသည်။စေတီတော်တည်ထားသောကုန်း၏အမည်မှာ ကေလာသကုန်းဟု အမည်တွင်လေသည်။ အဆိုပါကုန်းတော်သည် ရှင်ရဲထွဋ် (ဘုရင့်နောင်) နှင့်မင်းကြီးညို၏သမီးတော်သခင်ကြီးတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ကျင်းပလျှင် ဘုန်းကြီး၍ သက်တော်ရှည်လိမ့်မည်ဟု သာသနာပိုင်ဆရာတော်ဖြစ်သော မြို့ကြီးဆရာတော် ဦးနာရဒက မိန့်ကြားလမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။ဘုရင့်နောင်သည် သက်တော်(၃၅)နှစ်အရွယ် သက္ကရာဇ် (၉၁၂)ခုနှစ်တွင် ကေတုမတီ၌ထီးနန်းတက်ခဲ့သည်။ဘုရင့်နောင်နှင့် မိဖုရားသခင်ကြီးတို့အား သာသနာပိုင်မြို့ကြီးဆရာတော်က မင်း၊ မိဖုရားတို့လက်ထပ်မင်္ဂလာပြုလုပ်ခဲ့သော ကေလာသကုန်းတော်တွင်ဘုရားတည်ပါကအသက်ရှည်၍ ပိုမိုတန်ခိုးကြီးလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ဆရာတော်၏မိန့်မှာချက်အတိုင်း ဘုရင့်နောင်သည် စေတီတော်ကို တည်တော်မူခဲ့ပြီး မဟာမုနိကေလဘုရားဟု ဘွဲ့တော်တွင်ခဲ့ပါသည်။ သက္ကရာဇ် (၉၁၄) ခုနှစ် တော်သလင်းလပြည့်နေ့တွင် တည်ဆောက်ပြီးစီးအောင်မြင်တော်မူခဲ့ပါသည်။

သက္ကရာဇ်(၉၃၂)ခုနှစ်တွင် သီဟိုဠ်ဘုရင်ထံမှရရှိသောဓာတ်တော်များကိုကေတုမတီမြို့ဆီသို့ခမ်းနားစွာပင့်ဆောင်လာပြီး ဌာပနာတည်ကာ ဉာဏ်တော်(၇)တောင်မြင့်သောစေတီအဖြစ် ပြုပြင် တည်ထားတော်မူခဲ့ပါသည်။ စေတီတော်ကိုထီးတော်တင်လှူပူဇော်ပြီး ထီးတော်မှဘိနပ်တော်ထိ ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။ မူလဘွဲ့တော်ဖြစ်သော မဟာမုနိကေလဘုရားမှ မဟာမုနိကေလစေတီဟူ၍ ပြောင်းလဲသမုတ်ခဲ့လေသည်။ 

ဆင်ဖြူများရှင်ဘုရင့်နောင်နတ်ရွာစံတော်မူပြီးနောက်ကေတုမတီဘုရင်သီဟသူ(ခေါ်) မင်းဂေါင် နှင့်မင်းဂေါင်၏သား နတ်သျှင်နောင်၊ ဘုရင့်နောင်၏မြေးတော် အနောက်ဘက်လွန်မင်းတရားကြီးတို့ ကလည်း ဘုရားကြီးအားမွမ်းမံပြင်ဆင်ခြင်း၊ ထီးတော်တင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများပြုလုပ်ခဲ့ ကြပါသည်။

သက္ကရာဇ်(၉၇၄)ခုနှစ်၊ နတ်သျှင်နောင်မင်းလက်ထက်တွင် သံလျှင်မြို့စား၊ ပေါ်တူဂီလူမျိုး ငဇင်ကာနှင့် မုတ္တမြို့စားတို့ပူးပေါင်း၍ နတ်သျှင်နောင်အားဖမ်းဆီးသွားစဉ် မြို့ကိုမီးရှို့‌ဖျက်ဆီးခဲ့သဖြင့် ဘုရားကြီး၏တန်ဆောင်း၊ ပြဿဒ်များပါ မီးထဲပါသွားသဖြင့် ပြာပုံအတိဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ကေတုမတီတွင်မင်းဆက်ပြတ်ပြီး ဘုရားကုန်းတော်သည်လည်း တောကြီးအထိဖြစ်ခဲ့ရသည်။
သက္ကရာဇ်(၈၇၂)ခုနှစ်တွင် မင်းကြီးညိုတည်ထောင်ခဲ့သည့် ကေတုမတီမြို့ကို သက္ကရာဇ်(၁၂၁၄) ခုနှစ်တွင်အင်္ဂလိပ်တို့မှ သိမ်းယူခဲ့ပါသည်။ နှစ်ကာလအနည်းငယ်ကြာလာသောအခါ ဘုရားကြီးတည်ရှိ ခဲ့ရာအနီး၌ အိုးအိမ်အဆောက်အဉီးများဖြင့် လူအများနေထိုင်ကာစည်ကားလာခဲ့ပါသည်။

ခေတ်အဆက်ဆက်ပြုပြင်မှုများ

သာသနာသက္ကရာဇ်(၁၂၅၀)ခုနှစ်  

 သာသနာသက္ကရာဇ်(၁၂၅၀)ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၅)ရက်နေ့မှစ၍ ဆရာအေးနှင့် ဒေါ်ခိုင်တို့က ဦးဆောင်ကမထပြုလုပ်ပြီး စေတီပျက်နှင့်ဆင်းတုတော်ကို ငုံကာ ဉာဏ်တော်အတောင်(၄၀)ရှိသော စေတီအဖြစ်တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ဘွဲ့တော်အမည်ကိုလည်း မူလအတိုင်းမဟာမုနိကေလ စေတီဟူ၍ပင် ဘွဲ့တော်တင်ခဲ့ပါသည်။ ဂန္ဓကုဋီတိုက်ကိုလည်းဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

သာသနာသက္ကရာဇ်(၁၃၀၇)ခုနှစ်

သာသနာသက္ကရာဇ်(၁၃၀၇)ခုနှစ်တွင် ဂေါပကဥက္ကဌ ဆရာမျှင်၏ဦးဆောင်မှုဖြင့် မြို့သူမြို့သားစေတနာ ရှင်များမှတန်ဆောင်းပြဿဒ်များကို ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။

သာသနာသက္ကရာဇ်(၁၃၁၂)ခုနှစ်

သာသနာသက္ကရာဇ်(၁၃၁၂)ခုနှစ်တွင် ကြက်တည်ရပ်နေသစ်ကုန်သည် ဉီးမြတ်စံ+ဒေါ်တင့် မိသားစုမှ ထီးတော်ကို လှူဒါန်းခဲ့ကြပါသည်။

သာသနာသက္ကရာဇ်(၁၃၁၇)ခုနှစ်

သာသနာသက္ကရာဇ်(၁၃၁၇)ခုနှစ်တွင်စေတီတော်၏အရှေ့ဘက် ဂန္ဓကုဋီတိုက်ကို တောင်ငူမြို့သူ/မြို့သားများနှင့် ဈေးသူဈေးသားများ မှဆောက်လုပ်လှူဒါန်းခဲ့သည်။

သာသနာသက္ကရာဇ်(၁၃၇၅)ခု

သာသနာသက္ကရာဇ်(၁၃၇၅)ခု၊ ခရစ်နှစ်(၂၀၁၃)ခုနှစ်တွင် CB ဘဏ်ဥက္ကဌကြီးဉီးခင်မောင်အေးမိသားစုမှ ဉာဏ်တော်အမြင့်(၈၁)ပေမြင့်သော စေတီတော်အဖြစ်ပြုပြင်လှူဒါန်းပူဇော်ခဲ့ပါသည်။ ထို့ပြင် စေတီတော် မြတ်ကြီးအား ထီးတော်သစ်တင်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းခြင်း၊ မုခ်ဦးများတည်ဆောက်လှူဒါန်းခြင်းဖြင့်များစွာသော လှူဒါန်းမှုများဖြင့် ပူဇော်ခဲ့ပါသည်။

ဌာပနာတည်ထားခြင်း

သက္ကရာဇ်(၉၁၄)ခုတွင် တည်ထားပြီးစီးခဲ့သော မဟာမုနိကေလဘုရား၏ ဌာပနာကို အောက်ပါအတိုင်းပြုလုပ်စီမံခဲ့ကြပါသည်၊၊
ဘုရင့်နောင်မင်းကြီးသည် ဌာပနာတိုက်တည်ရန်အတွက်တောင်ငူမြို့အရှေ့ဘက်(၇)မိုင် အကွာတွင်ရှိသော ကျောက်တောင်မှ သလင်းကျောက်ကို အဝန်း(၁၀)တောင်ပတ်လည် ဒုတညှိ ကျောက်ပြားများနှင့် အလျားနှစ်ထောင့်ထွာ၊ ဒုတတောင်ရှိ ထွန်သွားပုံသဏ္ဌာန်တစ်ဖက်ထူ တစ်ဖက်ပါးကျောက်တုံး၊ ကျောက်ပြားများကို ပြုလုပ်စေသည်၊၊ဌာပနာတိုက်ဇောက်(၁၂)တောင်၊ အကျယ်(၁၀)တောင်တူးစေသည်၊၊ ပထမကျောက်ပြား(၃)ချပ်ခင်းသည်၊၊ ၎င်းအပေါ်မှအလားတူ သံပြား၊ ကြေးပြား၊ ငွေပြား၊ ရွှေပြားခင်းသည်။အထူးအပါးမညီညွတ်သော ကျောက်ပြားများကို အထူအပေါ်မှထား၍ ပတ်လည်တွင် စိုက်စေသည်။ ဝန်းဝိုင်းသောကျောက်ပြားများကို ဖုံးအုပ်လိုက် သည့်အတွက် အိုးနှင့်အဖုံးအုပ်သကဲ့သို့ဖြစ်စေသည်။

ဤနည်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်ပြီး
ပထမထပ်တွင် – ဘီလူး၊ ဂုမ္ဘာန်၊ နဂါးတို့၏ ငွေရုပ်
ဒုတိယထပ်တွင် – ဘုရင်တပင်ရွှေထီးနားထွင်းရာ ဟံသာဝတီသို့ ဘုရင့်နောင်နှင့်အတူလိုက်သွား သည့်သူရဲကောင်းမြင်းသည်တော်တို့၏ ရွှေရုပ်၊ ငွေရုပ်
တတိယထပ်တွင် – ရွှေတော်၊ မျိုးတော်တို့ ငွေရုပ်၊ ကြေးရုပ်
စတုတ္ထထပ်တွင် – ဘုရင့်နောင်နှင့်မိဖုရားသခင်ကြီး၊ ခမည်းတော်၊ မယ်တော်များ၏ ရွှေရုပ်၊ ငွေရုပ်၏
ပဉ္စမထပ်တွင်    – နတ်၊ သိကြား၊ ဗြဟ္မာတို့၏ငွေရုပ်
ဆဌမထပ်တွင်   – သာသနာပိုင်ဆရာတော်ဦးနာရဒ၏ ရွှေရုပ်
သတ္တမထပ်တွင်  – မင်းကြီးညိုနန်းဦးဘုရားဆောင်တွင်ကိုးကွယ်တော်မူထားသောပုလဲအဆင်း ဆန်ကျိုးစေ့ပမာဏရှိမြတ်စွာဘုရားလက်ယာလက်ရုံးတော်၏ ဓာတ်တော်(၂)ဆူအနက် မိဖုရား သခင်ကြီးထံတွင်ရှိသော ဓာတ်တော်မြတ်တစ်ဆူ။ ဘုရင့်နောင်ပြည်၊ ပုဂံမြို့များကို သိမ်းသွင်းစဉ်ကရလာသော ဘုရားရှင်၏ဓာတ်တော်များကို တစ်ထွာခန့်ရှိပတ္တမြားနီကြုပ်တွင် ထည့်သွင်း လျက် ရတနာ(၇)ပါးခြယ်လှယ်ထားသော ရွှေအချိန်(၃၀)ကျပ်သားရှိ ပန်းကလပ်ပေါ်တွင် ဓာတ်တော် ကြုပ်ကိုတင်သည်။ ထို့နောက် ရွှေကွန်ယက်အုပ်ပြီး ရွှေအုတ်၊ ငွေအုတ်၊ သံအုတ်၊ ကျောက်အုတ် တို့ဖြင့် ဖုံးဖိသည်။ ပုလဲ၊ နီလာ၊ ဂေါ်မုတ်၊ ဉဿဖယား၊ စိန်ကျောက်တို့ကို ကြဲဖြန့်တော်မူပြီး ဌာပနာ တိုက်ပိတ်တော်မူသည်။
ရွှေအချိန်(၂၅)ကျပ်သားခန့်ရှိရွှေဆင်းတုတော်တစ်ဆူကိုလည်း ထုလုပ်၍ တန်ဆောင်ပြသာဒ် ဆောက်လုပ်ပြီးကိုးကွယ်တော်မူခဲ့သည်။

သက္ကရာဇ်(၉၁၄)ခုနှစ်၊ တော်သလင်းလပြည့်နေ့တွင်အထမြောက်အောင်မြင်ပြီး မဟာမုနိ ကေလဘုရားဟု ဘွဲ့တော်သမုတ်ခဲ့သည်။
သက္ကရာဇ်(၉၃၂)ခုနှစ်တွင် သီဟိုဠ်ဘုရင်ထံမှ ရရှိလာသောဓာတ်တော်များနှင့်အတူ မူလတည် ထားခဲ့သည့် ရွှေချိန်(၂၅)ကျပ်သားခန့်ရှိရွှေဆင်းတုတော်သည် နောင်ဆုတ်ကပ်တွင် မသမာသူလူတို့ ဖျက်ဆီးမည်ကိုထင်တော်မူ၍ဌာပနာတည်ကာ ဉာဏ်တော်(၇)တောင်အမြင့်ရှိစေတီကိုတည်ထား တော်မူခဲ့သည်။
မူလဘွဲ့တော် မဟာမုနိကေလဘုရားမှ မဟာမုနိကေလစေတီဟူ၍ ပြောင်းလဲ၍သမုတ်တော် မူခဲ့သည်။
သက္ကရာဇ်(၁၂၅၀)ခုနှစ်တွင် ဆရာအေးနှင့်ဒေါ်ခိုင်တို့မှဦးဆောင်၍ စေတီပျက်နှင့် ဆင်းတုတော်ကိုငုံ၍ စေတီပျက်အတွင်းမှရရှိသော ကြေးပုရပိုက်တွင်ပါရှိသော ဘွဲ့တော်အတိုင်း မဟာမုနိ ကေလစေတီဟု ဘွဲ့တော်သမုတ်ပြီးဉာဏ်တော်အတောင်(၄၀)ရှိစေတီအဖြစ်တည်ထားပြီး(၇)ရက်သားသမီးတို့၏ ကုသိုလ်ဖြစ်သော ဓာတ်တော်၊ ရွှေ၊‌ ငွေ၊ကျောက်သံပတ္တမြားတို့ကို ဌာပနာတည်ထား ခဲ့ကြပါသည်။
သက္ကရာဇ်(၁၃၇၅)ခုနှစ်တွင် CB ဘဏ်ဥက္ကဌကြီး ဦးခင်မောင်အေးမိသားစုမှ ဉာဏ်တော် အမြင့်(၈၁)ပေမြင့်သောစေတီအဖြစ် ပြုပြင်တည်ထားပြီး (၇)ရက်သားသမီးတို့ကုသိုလ်ဖြစ်သော ဓာတ်တော်များ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတို့ကို ဌာပနာတည်ထားခဲ့ပါသည်။

ကေလသကုန်းတော်

မဟာမုနိကေလဇာတီဘုရားတည်ထားတော်မူသော ကေလာသကုန်းတော်သည် ရှေးယခင် နှစ်ပေါင်းများစွာက တောင်ဖြစ်ခဲ့သည်၊၊ကေလာသကုန်းတော်သည် ရှင်ရဲထွဋ်(ဘုရင့်နောင်)နှင့်မိဘုရားသခင်ကြီးတို့ လက်ထပ်ထိမ်းမြား မင်္ဂလာ ပွဲကျင်းပပြုလုပ်ရန်အတွက် သာသနာပိုင်မြို့ကြီးဆရာတော်မှလမ်းညွှန်မိန့်ကြားသော နေရာ လည်းဖြစ်သည်၊၊ မြို့ကြီးဆရာတော်သည် ဘုရင့်နောင်နှင့် မိဖုရားသခင်ကြီးတို့ လက်ထပ်ပွဲကျင်းပရာ ကေလာသကုန်းတော်၌ဘုရားတည်ထားကိုးကွယ်ပါက အသက်ရှည်ပြီး ဘုန်းတန်ခိုးကြီးမားလိမ့်မည်ဟု မိန့်ကြားတော်မူရာမှ မဟာမုနိကေလဘုရားကို တည်ထားကိုးကွယ်ခဲ့သော ကုန်းတော် ဖြစ်သည်၊၊

ကေလာမုနိဘုရားကုန်းတော်မှရောင်ခြည်တော်ကွန့်မြူးခြင်း

တစ်ညသောအခါတွင် ဘုရားကုန်းတော်ရှိရာနေရာမှရောင်ခြည်တော်များကွန့်မြူးနေသည်ကို ရပ်ကွက်နေပြည်သူများ ဖူးမြော်မြင်တွေ့ခဲ့ကြရသည်။ နောက်နေ့များတွင် ချုံနွယ်သစ်ပင်များကို ရှင်းလင်းရှာဖွေကြရာ စေတီပျက်နှင့်စေတီပျက်အတွင်းမှ ရွှေအညှိများတက်နေသော ဆေးဓာတ်လုံး တစ်လုံးကိုင်ထားသည့် ရုပ်ပွားတော်တစ်ဆူ၊ ကြေးပုရပိုက်တို့ကိုဖူးမြင်ခဲ့ရသည်။ရုပ်တုတော်သည် ရွှေဆင်းတုတော်ဖြစ်ကြောင်း ပုရပိုက်မှတ်တမ်းအရသိရှိရသည်။ နောက်(၇) ရက်အကြာတွင် ဘုရားကြီးပြုပြင်ရန်အတွက် စည်းဝေးတိုင်ပင်နေကြစဉ် ဘုရားကုန်းတော်ဘက်မှ ဆူဆူညံညံအသံများ ကြား၍သွားရောက်ကြည့်ရှုကြရာ ဓား၊ ပေါက်တူး တူရွင်းများဖြင့် လူ(၂)ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြရသည်။ ဆေးဓာတ်လုံးကိုင်ထားသော ရုပ်ထုတော်မှာလည်း လက်တစ်ဖက်မြေသို့ပြုတ်ကျလျက်အနေအထားဖြင့် အနီးအနားတွင် တွေ့ရှိခဲ့ရသည်။ထိုအချိန်မှ ဘုရားကြီးသည် နတ်ကောင်းနတ်မြတ်များစောင့်ရှောက်သည်၊ တန်ခိုးကြီးသည်ဟု လူအများမှ ပြောဆိုကြပြီး အရပ်ရပ်မှလူအများအပြားလာရောက်ဖူးမြော်ကြလေသည်။