ပဲခူးမြို့၏အရှေ့တောင်ဘက်ယွန်းယွန်း ဖဲဖောင်တော်ကွင်းအရပ်တွင် အရှေ့သို့ မျက်နှာမူလျက် တောင်ဘက်သို့ ခေါင်းပြူကာ ဂန္ဓကုဋီတိုက်တော်တွင်း ကြည်ညိုသပ္ပါယ်စွာ စံပယ်လျက်ရှိပေသည်။
ဘုရားဖူးများ ကြည်ညိုသဒ္ဓါပွား၍ ဖူးမြော်နိုင်ကြစေရန် လမ်းညွှန်ပြရမည်ဆိုလျှင် ပဲခူးမြို့၊ အရှေ့တောင်ဘက်၊ ပဲခူး-သနပ်ပင်သွား ကားလမ်းမအတိုင်း ပဲခူးဘက်မှသွား၍ ဟင်္သာကုန်း မွန်စံပြရပ်ကွက်ထိပ်မှ ညာဘက်အတိုင်း ကြည့်သွားလျှင် (သမိုင်းဝင်မဟာဗုဒ္ဓရူပ)စိန်သာလျောင်း ဘုရားကြီးသို့ဟု လမ်းညွှန်ထားသော မုခ်ဦးကြီးအား တွေ့မြင်ရပေမည်။ ၎င်းမှ( ၇ )ဖာလုံခွဲခန့် ဝင် လိုက်မည်ဆိုပါက တင့်တယ်စွာ စံပယ်နေသော မဟာဗုဒ္ဓရူပ စိန်သာလျောင်းဘုရားကြီးအား မျက်ဝါးထင်ထင် ဖူးတွေ့မြင်ရပေမည်။အဝင်လမ်း၏ညာဘက်တွင် ရာဇဝင်သမိုင်းအရ ပထမဟံသာဝတီကို တည်ထောင်ခဲ့သော ဗညားဦး၏ မြို့ရိုးဟောင်းပျက်အား ခင်တန်းကုန်းသဖွယ် တွေ့မြင်ရပေမည်။
(မဟာဗုဒ္ဓရူပ) ရုပ်ပွားတော်မြတ်ကြီး၏ တည်နေရာအရပ်သည် ပဲခူးမြို့၏ မြို့ထိပ်၊ မြို့ဦး ဖြစ်ပြီး (ပထမဟံသာဝတီတည်ထောင်သော ဗညားဦးမြို့ဟောင်း၏ တောင်ဘက်မြို့ထိပ်ဖြစ် သည်။)
ဘုရင့်နောင်လက်ထက် တည်ထောင်သော ကမ္ဘောဇသာဒီနန်းတော်ရာ၏ အရှေ့တောင် ယွန်းယွန်းအရပ်ဟုဆိုရပေမည်။ ပထမ ဥဿာ ပဲကူးအစ သမလ၊ ဝိမလ မတိုင်ခင် (တိန်မယ်) မင်းဆက်များ အုပ်စိုးခဲ့သည်ဆို၏။ (တိန်မယ်)ဆိုသည်မှာ ပျူမျိုးနွယ်စုထဲတွင် ပါဝင်သည်။ တိန်မယ်တို့ အုပ်စိုးသည့်အချိန်အခါတွင် မြန်မာသက္ကရာဇ်အား (ကောဇာ)ဖြင့် ဖော်ပြခြင်းမရှိဘဲ (ဒေါဒေါရသ)ဟု ခေါ်တွင်ကြသည်။ ဥပမာ-တိန်မယ်ပြည် ခြောက်ဆယ့်သုံးပါးမြောက်၊ ပျူမင်း (လက်ပန်းချေ)သည် ပဲခူးအနောက်ဘက် ကိုးသောင်းကုန်း၌ ဘိက္ခုနီကျောင်းနှင့်သိမ်ကို“ဒေါဒေါရသသက္ကရာဇ် ၁၁၂ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းတော်မူ၏”ဟု (ဦးသက်တင်)သမိုင်းအရ ဆိုထားပေသည်။
၎င်းတိန်မယ်မင်းတို့လက်ထက်၌ သင်္ဘောဆိပ်သည် ပဲခူးမြို့၏အရှေ့ဘက်အရပ်တွင်ရှိ၏။ ဘုရင့်နောင်လက်ထက်ကျမှသာ ပဲခူးမြစ်သည်အနောက်ဘက်သို့သင်္ဘောဆိပ်ပြောင်းသွားကြောင်း၊ စာဆိုတော် နဝဒေးကြီးက-
“နတ်မျှနေရာသီတရှေ့နောက်
ဆိုက်ရောက်သင်္ဘော
မော်ဒေါဦးစွန်း၊ ကျွန်း၏အချာ၊
ရာဇာရာဇ မြို့များမှန်ကင်း၊
မင်း၏ဘုရား၊ ဟင်္သာဟူသည် ရွှေပြည်အောင်ခန်း”
ဟု ဖွဲ့နွဲ့ခဲ့သည်။
ဥဿာ-ပဲကူး တည်စ သမလ၊ ဝိမလခေတ် အေဒီ (၈၂၅-၁၀၅၇)၊ ပထမဟံသာဝတီတည်စ ဗညားဦးခေတ် (အေဒီ ၁၃၅၃-၁၅၃၉)မှ အခြေအနေများနှင့် တွက်ဆကြည့်မည်ဆိုလျှင် အဆိုပါ ရုပ်ပွားတော်ကြီး တည်ရာနေရာသည် တိုင်းတစ်ပါးနိုင်ငံများမှ ရောင်းဝယ်ဖောက်ကားသော လှေ၊ သင်္ဘောများ၊ ကုန်သည်လှေကြီးများဆိုက်ကပ်ရာ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ခဲ့သည်။
အရှေ့တောင်ဘက် မုတ္တမပင်လယ်ကွေ့နှင့် ဆက်စပ်စီးဝင်နေသော စစ်တောင်းမြစ်ဝှမ်းမှ သည် တစ်ဆက်တည်း ဝင်ထွက်သွားလာနိုင်သော ရေလမ်းကြောင်းများရှိခဲ့ခြင်းကြောင့် လှေဆိပ် ကြီးများတည်ရာဌာန ဖြစ်ခဲ့သည်။
ရှေးမှတ်တမ်းများအဆိုအရ (သင်္ဘောဘုရား (သို့) ကျိုက်ကလွန်ပွန်းဘုရား)တည်ရှိရာ အရပ်တွင် (ဇွဲကပင်လှေဆိပ်)၊ စိန်သာလျောင်းဘုရားတည်ရှိရာအရပ်တွင် (မဟာဗုဒ္ဓရူပဆိပ်)၊ ကတွင်းခြံရွာတည်ရှိရာအရပ်တွင် (မိချောင်းဆိပ်)တို့ရှိသည်ဟု ဆိုသဖြင့် ရှေးဟံသာဝတီခေတ်၏ ကြီးကျယ်ခမ်းနားမှုကို တွက်ဆနိုင်ပေသည်။
မြေပြင်အနေအထားအရ စိန်သာလျောင်းဘုရားဝန်းကျင်တွင် ရှေးနှစ်ပေါင်းငါးရာကျော် တစ်ထောင်ဝန်းကျင်ခန့်က ပင်လယ်နှင့်ဆက်စပ်နေသော မြစ်ကြောင်းများတည်ရှိရာအရပ်ဖြစ် ကြောင်း မှတ်ယူနိုင်ပါသည်။
ထို့ပြင် ဘုရားကြီး၏အနီးပတ်ဝန်းကျင်တွင် ပြိုပျက်နေသော စေတီငုတ်တိုများ၊စေတီကုန်း များလည်း အများအပြားတွေ့နိုင်သည်။
(၁၉၁၃)ခုဝန်းကျင်က (စတီးဝတ်)သည်ဗညားဦးဟံသာဝတီမြို့ဟောင်းတဝိုက်၊ ဖဲဖောင်တော် ကွင်းတဝိုက်နှင့် စိန်သာလျောင်းဘုရားအနီး တောင်သူစုရွာ ဝန်းကျင်တဝိုက်တွင် စေတီဟောင်းများကို တူးဖော်၍ ရှေးဟောင်းအဖိုးတန်အမွေအနှစ်၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများနှင့် ဟံသာဝတီခေတ်ယဉ်ကျေးမှုဆိုင်ရာ အထည်ပစ္စည်းများကို တူးဖော်ရရှိခဲ့သည်။
ဘုရားရုပ်ပွားတော်မြတ်ကြီးသည် တောင်ဘက်အရပ်ကို ဦးခေါင်းပြုပြီး အရှေ့အရပ်သို့ မျက်နှာမူလျက်ရှိသည်။ ခြေရင်းတောင်ဘက်တွင် ဗညားဦး၊ ဟံသာဝတီမြို့ဟောင်း၏ မြို့ရိုးတန်း ရှိသည်။ ထိုခေတ်အခါက ဟံသာဝတီသို့ ဝင်ရောက်လာသော လှေသင်္ဘောများသည် ဘုရား၏ မျက်နှာတော်အား ဦးတိုက်ဖူးမြော်၍ ဝင်ရောက်ကြရပေမည်။ ကလျာဏီသိမ်တော်ကြီး သိမ်သမုတ်ရန်အတွက် သီဟိုဠ်ကျွန်းတွင်ရှိသော သီရိလင်္ကာနိုင်ငံ၊ ကလျာဏီမြစ်တွင် သိက္ခာသစ်တင်၍ ပြန်ကြွလာသော သံဃာတော်တို့အား ဓမ္မစေတီမင်းကြီး သည် ကြီးစွာသောအခမ်းအနားကို ပြင်ဆင်လျက် ဤဗုဒ္ဓရူပဆိပ်မှ ကြိုဆိုခဲ့သည်။ ၎င်းသံဃာတော်မထေရ်မြတ်တို့အား ဤဆိပ်ကမ်းမှပင် တစ်ညဉ့်တာ သီတင်းသုံးစေပြီးမှ မြို့တွင်းမှ ကြွစေသည်ဟုဆိုထားသဖြင့် ဤဝန်းကျင်တွင် ကျောင်းကန်တို့ ခမ်းနားကြီးကျယ်စွာ တည်ရှိနေခဲ့မည်ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်ကြီးများ လျောင်းတော်မူတည်ထားကိုးကွယ်သည့်ပုံစံကို ကြည့်၍
(၁) ဖလသမာပတ်ဝင်စားပုံ
(၂) ကျိန်းစက်တော်မူပုံ
(၃) မင်းပရိသတ်တိုအား ဧည့်ခံမိန့်ကြားတော်မူပုံ
(၄) ပရိနိဗ္ဗာန်စံဝင်တော်မူပုံဟူ၍ အမည်လေးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။
ဦးခေါင်းပြုရာအရပ်နှင့် သီတင်းသုံးဟန်အနေအထားကိုလိုက်၍
(၁) ရွှေသာလျောင်းပုံတော်
(၂) ပေါင်းလဲပုံတော်
(၃) နေရမာန်ပုံတော်
(၄) ပရိနိဗ္ဗာန်ပုံတော် ဟူ၍ အမည်နာမ (၄) မျိုးခွဲခြားကြလေသည်။
သိုဖြစ်၍
“အရှေ့ပေါင်းလဲ၊ တောင်လွှသာလျောင်း၊
နောက်စောင်းနေရမာန်၊ မြောက်မှာ ပရိနိဗ္ဗာန်”
ဟူ၍ ရှေးပညာရှိကြီးများ မိန့်ကြားခဲ့ကြသည်။
လျောင်းတော်မူပုံတော်များ၏ ဘွဲ့အမည်တော်များ ကွဲပြားခြားနားမှုရှိစေရန် သတ်မှတ် ခေါ်ဆိုကြခြင်းဖြစ်ပေရာ သိသာထင်ရှားသည့် အမှတ်လက္ခဏာအနေဖြင့် ခေါင်းတော်ကို လက်တော်ဖြင့်ထောက်၍ အုံးတော်ကိုမှီခုလျက် သမာပတ်ဝင်စားတော်မူဟန်သည် သက်တော်ထင်ရှား ရှိနေသည့် သီတင်းသုံးနေပုံဟု ဆိုသင့်ပြီး အုံးတော်ပေါ်တွင် ဦးခေါင်းချလက်တော်နှစ်ဖက်ကို လျောင်းနေသည့် ကိုယ်ခန္ဓာဘေးတွင် အလျားလိုက်မြှောင်၍ ချထားပါက ပရိနိဗ္ဗာန်စံဝင်သည့် ပုံတော်များဖြစ်သည်။ ဦးခေါင်းတော်ပြုရာအရပ် ခြားနား၍ အခေါ်အဝေါ် မည်သို့ပင် ခြားနားစေ ကာမူ၊ လျောင်းတော်မူပုံ၊ ပေါင်းလဲပုံ၊ နေရမာန်ပုံ၊ ပရိနိဗ္ဗာန်ပုံတော်များပင်ဖြစ်သည်။
လျောင်းတော်မူအနေအထားများဟူသည် မည်သည့်ဘက်သို့ ဦးခေါင်းမူသည်ဖြစ်စေ၊ လက်ျာနံစောင်းဖြင့်သာ လဲလျောင်းသီတင်းသုံးပါသည်ဟု “ကိုးကွယ်မှုအကျိုးကျေးဇူး”စာအုပ် တွင် အကျယ်တဝင့် ရေးသားထားသည်ကို လေ့လာတွေ့ရှိရသည်။
ဟံသာဝတီသည် ရာမညတိုင်း မွန်ယဉ်ကျေးမှုသက်ဝင်ရာ အချက်အချာနေရာဌာနဖြစ် သည်။
ရုပ်ပွားတော်မြတ်ကြီးသည် တောင်ဘက်သို့ ဦးခေါင်းပြုတော်မူပြီး အရှေ့ဘက်သို့ မျက်နှာ လှည့်၍ (ဗညားဦး)၏ ဟံသာဝတီမြို့တော် မြို့ဟောင်းဘက်သို့ ခြေဆင်းတည်နေပုံအနေအထား ကြောင့် (ရှင်ပင်ပေါင်းလဲ)ဟူသော အမည်နာမဖြင့် ဘွဲ့အမည်တပ်ခဲ့သည်ဟု ဆိုရပေသည်။
ပဲခူးမြို့ ယခင် ပဲကူးမြို့ စေတီပေါင်း(၅၈)ဆူ သမိုင်းအကျဉ်းချုပ်ရေးသားပြုစုခဲ့သော သမိုင်း ကထိကဟောင်း ဦးသက်တင်၏အဆိုအရ စိန်သာလျောင်းဘုရား၏ မူလဒါယကာများမှာ ပုဂံ စောနစ်မင်းနှင့် ပဲကူးဘုရင်ခံ ဒုတိယမိဂါဒိပ္ပတို့ဖြစ်ကြသည်။
ယင်းပုဂံဘုရင်၏ နန်းစံခုနှစ်များမှာ ကောဇာသက္ကရာဇ် ၆၆၂ မှ ၆၉၃ ထိဖြစ်သည်။ ပဲကူး တိုင်းစားသည် ၆၆၃ မှ ၆၇၃ အထိ ပဲခူးကိုစား၏။ သို့ဖြစ်၍စိန်သာလျောင်းကို ၆၆၃ ခုနှစ်နှင့် ၆၇၃ ခုနှစ်အတွင်း (ခရစ်သက္ကရာဇ် ၉၉၄ မှ ၁၀၀၄)ဟု တွက်ချက်ရပါမည်။
၁၃၀၆ ခုတွင် ကျိုက်ဒေးရုံကျောင်းပေတိုတစ်စောင်၌ (ပဂေါတောင်သူစုတွင် ဉာဏ်တော် အတောင်တစ်ရာရှိသော ရှင်ပင်ပေါင်းလှဲရုပ်ပွားကို ဒုတိယမြောက်မိဂါဒိပ္ပမင်းငယ်နှင့် ပုဂံစောနစ် မင်း တို့တည်ကြ၏) ဟုတွေ့ခဲ့ရသည်။ စိန်သာလျောင်းသည် ဉာဏ်တော်အတောင် တစ်ရာရှိ၍ ရှင်ပင်ပေါင်းလှဲရုပ်ပွားဟု ယူဆရပေမည်။
ဤရှင်ပင်ပေါင်းလှဲဆင်းတုကို ကလျာဏီကျောက်စာ၌ ပါဠိလို(မဟာဗုဒ္ဓရူပ)ဟု ရေးထိုးခဲ့ သည်။
သက္ကရာဇ်(၁၁၂၉)ခုတွင် ပြန်လည်ရေးသားပြီးသော ကျိုက်ဒေးရုံစာပေ၌မူ ရှင်ပင်ပေါင်းလှဲ ဟုပင် ရေးသားခဲ့သည်။
ဓမ္မစေတီမင်းခေတ်တွင် ရွှေသာလျောင်းကို ကုသိနာရုံဘုရားဟုခေါ်သည်။ ထိုရုပ်ပွားတော် ၏အလျားမှာ အတောင်သုံးဆယ်သာရှိလေသည်။ မဟာဗုဒ္ဓရူပဟု ခေါ်ဆိုနိုင်လောက်အောင် ဉာဏ်တော်မရှည်ပေ။ ကုသိနာရုံဟုခေါ်သော ရွှေသာလျောင်း၏အရှေ့ဘက်တွင် ပဲကူးချောင်း သည်လည်း လှေ/သင်္ဘောဆိပ်တည်ရာသည် ပဲကူးအရှေ့ဘက်၌သာထိုခေတ်တွင်ရှိ၏။ ဘုရင့် နောင်မင်းလက်ထက်ကျမှ ပဲကူးမြို့ အနောက်ဘက်သို့ မြစ်ကြောင်းပြောင်းလဲသွားသည်ဆို၏။
ထို့ကြောင့် စိန်သာလျောင်းဘုရားဝန်ကျင်းတွင် ယခင်ကလှေသင်္ဘောများ ဆိုက်ကပ်ရပ် နားရာ (မဟာဗုဒ္ဓရူပ)ဆိပ်ရှိသည်ဆိုသည်မှာ သေချာလောက်ပေသည်။
စိန်သာလျောင်းရုပ်ပွားတော်ကြီးသည် ပထမဟံသာဝတီခေတ်တွင် ”မဟာဗုဒ္ဓရူပဘုရား ရုပ်ပွားတော်” အမည်ဖြင့် ထင်ရှားတည်ရှိနေသည်။ အထောက်အထားအဖြစ် ဓမ္မစေတီမင်း (ခရစ်-၁၄၇၂-၁၄၉၂)၏ ကလျာဏီ(မွန်)ကျောက်စာနှင့် ကလျာဏီ(ပါဠိ)ကျောက်စာတို့အရ အခိုင်အမာတွေ့ ရှိရသည်။ ဓမ္မစေတီမင်းသည် မိမိပြုသမျှကောင်းမှု ဘုရားစေတီ၊ ဂူ၊ ပုထိုး၊ သိမ်၊ ကျောင်းနှင့် ရုပ်ပွားတော်တို့အတွက် ပါဠိဘာသာနှင့် မွန်ဘာသာတို့ဖြင့် ကမ္မငါကျောက်စာများ ရေးထိုးမှတ်တမ်းတင်ခဲ့သည်။ ယင်းကျောက်စာများအနက် ကလျာဏီကျောက်စာသည် သမိုင်း တွင် အံ့ဩချီးကျူးဂုဏ်ယူဖွယ်မှတ်တမ်းဖြစ်သကဲ့သို့ ဟံသာဝတီခေတ်၏ သာသနာရေး၊ ဘာသာရေး၊ ထွန်းကားမှု သမိုင်းကြေးမှုံတစ်ချပ်အဖြစ်လည်း တန်ဖိုးထားမှတ်ယူနိုင်ပေသည်။
ဓမ္မစေတီမင်း(၁၄၇၂-၁၄၉၂)သည် စာပေပရိယတ္တိကျွမ်းကျင်နှံ့စပ်၍ သာသနာတော်အပေါ် ၌ လွန်စွာသဒ္ဓါယုံကြည်သည့်မင်းဖြစ်သည့်အလျောက် မိမိနန်းတက်စကာလတွင် သံဃာဂိုဏ်းများ အမျိုးမျိုးကွဲပြားနေသည်ကိုမနှစ်မြို့ဘဲ သာသနာအပေါ်၌သန့်ရှင်းမှုမရှိဟု ယုံမှားသံသယရှိခဲ့သည်။
သို့အတွက်ကြောင့် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)ရှိ မဟာဝိဟာရအနွယ် သံဃာတော်တို့ထံ သွားရောက်၍ ကလျာဏီမြစ်၊ ဥဒကုက္ခေပသိမ်၌ သန့်စင်သောရဟန်းအသစ်ကို ခံယူရန် သင်္ဘော (၂)စင်းဖြင့် သံဃာတော်များ စေလွှတ်ခဲ့သည်။
ဓမ္မစေတီမင်းကြီးသည် ပင်လယ်သမုဒ္ဒရာကိုဖြတ်၍ ကောင်းစွာပြန်လည်ရောက်ရှိလာသော သံဃာတော်တို့အား ခရစ်သက္ကရာဇ် (၁၄၇၆)၊ စက်တင်ဘာလ၊ (၂၅)ရက်နေ့တွင် ကြီးစွာသောမင်းပရိသတ်၊ လူပရိသတ်တို့ဖြင့် ခမ်းနားစွာဂုဏ်ပြုကြိုဆို၍ မဟာဗုဒ္ဓရူပဆိပ်တွင် တစ်ညတာရပ်နားသီတင်းသုံးစေခဲ့သည်။
သို့ဖြစ်၍ ယနေ့စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် ပထမဟံသာဝတီခေတ် ကောင်းစားစဉ်၌ပင် အခါအားလျော်စွာစည်ကားလှပသော မဟာဗုဒ္ဓရူပဆိပ်ကမ်း တည်ရှိရာ နေရာဖြစ်ကြောင်း လေ့လာသိရှိရပေသည်။
စိန်သာလျောင်းဘုရားကြီးသည် လွင်တီးခေါင်၌ ဒုက္ကရစရိယကျင့်ကာ နှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ရာမှ ဂန္ဓကုဋိတိုက်တော်ကြီးဘွားကနဲပေါ်ထွန်းလာရန် အကြောင်းအရင်း ခံပါရမီရှင်ကား (အင်းဝဒေါ်ကြည်)ခေါ် (ဆရာမကြီးဒေါ်ကြည်)ပင်ဖြစ်သည်။ ဒေါ်ကြည်ကို အကြားအမြင်ဆရာမကြီး အင်းဝဒေါ်ကြည်ဟု လူသိများကြသည်။ သူမ၏ ထူးခြားချက်ကား အခြားဗေဒင်ဟောဆရာများကဲ့သို့တွက်ချက်၍ ဟောခြင်းမဟုတ်၊ လက္ခဏာကြည့်၍ဟောခြင်း လည်းမဟုတ်၊ မိမိ၏မျက်စိအာရုံတွင် နိမိတ်ပြပေါ်လာသည်များကို ဟောချက်ချ၍ ပြောခြင်းဖြစ် သည်။
ဒေါ်ကြည် ၏ ပြောပြချက်အရ မိမိအား သာသနာပြုရန် တာဝန်(၃)ရပ်ပေးခဲ့သည်ဆို၏။ ပထမအချက်ကား မူလပထမဟင်္သာကုန်းဟောင်းကို ဖော်ထုတ်၍ဘုရားတည်ရမည်ဖြစ်သည်။
မိမိခေါင်းစွဲပုဂ္ဂိုလ်၏အိပ်မက်ပေးချက်အရ မူလပထမဟင်္သာကုန်းဟောင်းကို ရှာဖွေပြီးနောက် ၁၃၄၆ ခုနှစ်တွင် စတင်ပြုပြင်၍ ၁၃၄၈ ခုနှစ်တွင် နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဣန္ဓာစာရ ပဲခူးမြို့မဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ထီးတော်တင်လှူခဲ့ပါသည်။
ဒုတိယအချက်ကား စိန်သာလျောင်းဘုရားကြီးအား အမိုးသံတန်ဆောင်း စံကျောင်းတော် ကြီး ဆောက်လှူရန်ဖြစ်သည်။
အမေရိကားနိုင်ငံသို့ရောက်ရှိစဉ် မိမိ၏ဟောပြောချက်များကို သက်ဝင်ယုံကြည်မှုဖြစ် သော လော့စ်အိန်ဂျလိစ်နယ်မှ ဦးစိုးသန်း+ဒေါ်စိန်ကြည် တို့မှ အမေရိကန်ဒေါ်လာ(၁ဝဝဝဝိ/-) (တစ်သောင်းတိတိ)အား ရှေးဦးစွာ စတင်မတည်ခဲ့ရာမှ စိန်သာလျောင်း သံတန်ဆောင်းတော်ကြီး ဖြစ်ပေါ်ရန် အကြောင်းဖန်လာတော့သည်။
ပထမပွဲဦးထွက် အလှူတော်ငွေပေးအပ်ပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင်ပြုလုပ်ရာ အတွင်းရေးမှူး(၁)နှင့် ပဲခူးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌကိုယ်တိုင် တက်ရောက်လက်ခံခဲ့ပါသည်။
ဒုတိယအကြိမ်အလှူတော်ငွေပေးအပ်ပွဲအား (၉.၁၂.၁၉၉၇)ခုနှစ်တွင် စိန်သာလျောင်း ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်မင်္ဂလာမဏ္ဍပ်တွင် ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဦးစိန်သိန်း မိသားစုမှ ဒေါ်လာ(၅ဝဝဝ)ကျပ် ထပ်မံလှူဒါန်း၍ ၄င်အလှူတော် ငွေများကို အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် လက်ခံရယူပြီး ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာများခေါ်ဆိုခဲ့သည်။ ဘုရားပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပထမ ဝတ္တကမြေမှာ (၁.၉၃)ဧကသာရှိခဲ့ရာမှ (၃၅.၁၂)ဧကအထိ တိုးချဲ့သတ်မှတ်ခဲ့သည်။
စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ စံကျောင်းတော်သံတန်ဆောင်းကြီးကို နိုင်ငံတော် သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်များ၏ ဦးဆောင်ဦးရွက်ဖြင့် ဆရာမကြီး ဒေါ်ကြည် နှင့် တပည့်သားသမီးများ၊ သဒ္ဓါကြည်လင်ပါရမီရှင်များ စုပေါင်းကာ (၄.၃.၁၉၉၈)၊ ၁၃၅၉ ခု၊ တပေါင်းလဆန်း(၇)ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် မြေသန့် မင်္ဂလာကို သံဃာတော်(၁ဝ၈)ပါးတို့ဖြင့်လည်းကောင်း၊ ၁၃၅၉ ခုနှစ်၊ တပေါင်းလဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့ (၈.၃.၁၉၉၈) နံနက်(၉)နာရီ မင်္ဂလာအချိန်တွင် နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်များ ဦးဆောင်လျှက် ပန္နက်တင်မင်္ဂလာကိုလည်းကောင်း စည်းကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့သည်။
ပန္နက်တင်မင်္ဂလာဆင်ယင်ကျင်းပပြီးသည်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အထူးအဖွဲ့ (၅)ဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများစတင်အကောင်အထည်ဖော်ရန် (၂၄.၃.၁၉၉၈)နေ့တွင် စတင်တာဝန်ပေး အပ်ခဲ့သည်။
စံကျောင်းတော်သံတန်ဆောင်းကြီး၏ အုတ်မြစ်တော်စီမင်္ဂလာကို ၁၃၅၉ ခုနှစ်၊ နှောင်းတန်ခူး လဆန်း(၁၄)ရက်၊ (၁ဝ.၄.၁၉၉၈)သောကြာနေ့ နံနက်မြန်မာစံတော်ချိန်(၉)နာရီအချိန်တွင် ဆင်ယင် ကျင်းပခဲ့သည်။ ထုထည်ပမာဏကြီးမားလှသည့် သံထည်ကွန်ကရစ်လုပ်ငန်းများဖြင့် (၁ဝ)လ (၁၁)လအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းကြောင့် နှစ်ပေါင်းရာချီ၍ ညှိးငယ်စွာ ဒုက္ကရစရိယ ကျင့်နေရသော ရုပ်ပွားတော်ကြီးသည် ပွင့်ချိန်ရောက်၍ တန်ခိုးရောင်ဝါတောက်ပလာခဲ့ရပေသည်။
သို့ဖြစ်၍ အလျား(၂၃၅)ပေ၊ အနံ(၇၅)ပေ၊ အမြင့်(၈၆)ပေရှိ သံတန်ဆောင်းတော်ကြီးသည် အချိန်တိုအတွင်း ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ခဲ့ရပါသည်။
သံတန်ဆောင်းတော်ကြီး တည်ဆောက်ရေးဦးစီးကော်မတီ၏ စဉ်ဆက်မပြတ် ကြပ်မတ် လမ်းညွှန်ကွပ်ကဲမှုတို့ကြောင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ရှိခဲ့ပါသည်။
မင်္ဂလာရက်မြတ်ဖြစ်သော မြန်မာနှစ် ၁၃၆၄ ခုနှစ်၊ တန်ခူးလဆန်း (၆)ရက်၊ ခရစ်နှစ် (၂ဝဝ၂၃)ခုနှစ်၊ ဧပြီလ(၁၈)ရက်၊ မြန်မာစံတော်ချိန် နေတက်(၁၁)နာရီ၊ (၇)မိနစ်၊ (၉)စက္ကန့် မင်္ဂလာ အချိန် တော်တွင် ပဲခူးမြို့၊ ဓမ္မာလင်္ကာရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိသုဒ္ဓ ၏ ဩဝါဒကိုခံယူကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တင်အေး မှ ဦးဆောင်၍ အာဏာပိုင်အဖွဲ့အစည်းများ၊ ပါရမီရှင်အလှူရှင်များ စုပေါင်းကာ သံတန်းဆောင်းတော်ကြီးအား ဖွင့်လှစ်နိုင်ခဲ့ပေသည်။
ဇိနဗိမာန်စေတီတော်၏သမိုင်းကြောင်းကို လေ့လာမည်ဆိုလျှင် (ဆရာမကြီး ဒေါ်ကြည်) ကပင် စရပေမည်။ မိမိသာသနာပြုရန် တာဝန်(၃)ရပ်မှာ (၁)ပထမမူလဟင်္သာကုန်း၊ (၂)ဒုတိယ စိန်သာလျောင်း သံတန်ဆောင်းတော်ကြီး၊ (၃)တတိယ ဇိနဗိမာန်စေတီတော်အား ပြန်လည်ပြုပြင်၍ ထီးတော် အသစ်တင်လှူရန်ဖြစ်သည်ဆို၏။
သမိုင်းပါမောက္ခ ဦးသက်တင် ရေးသားပြုစုသော (၅၈)ဆူသမိုင်းတွင် ၁၂၉၃ ခုနှစ်၌ အရေး ပိုင်မင်း ဦးဖြူ ဦးဆောင်သော မဟာဒုက်အဖွဲမှ ဘုရားကြီး၏ မျက်နှာစာကုန်းမြေပေါ်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူတည်ခဲ့သည်ဟု ဆိုထားလေသည်။
သိုသော် (၁၉၈၆-၈၇)ခန့်က ဗူးဆရာတော်ဦးဆောင်သော သာသနာပြုအဖွဲမှ ယင်း ကိုးတောင်ပြည့်စေတီကိုငုံ၍ စေတီးကြီးတစ်ဆူ မွမ်းမံတည်ထားခဲ့သည်။ ယင်းစေတီတော်ကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် အပြီးသတ်နိုင်ခြင်း မရှိခဲ့ပေ။
၄င်းတစ်ပိုင်းတစ်စစေတီကြီးအား ဓမ္မာလင်္ကာရကျောင်းဆရာတော်ဘုရားကြီး ဦးဝိသုန္ဓ မှ ပုံသဏ္ဍာန်တင့်တယ်ခြင်း မရှိသောကြောင့် အပြင်မှမွမ်းမံထားသည်များကို ဖယ်ရှားလိုက်သော် ရှေးယခင်မင်းအဆက်ဆက်မှ တည်ထားကိုးကွယ်ခဲ့သော စေတီဟောင်းကြီးကို ခေါင်းလုံပုံသဏ္ဍာန်မှ စ၍ မပျက်မစီးအကောင်းပကတိအတိုင်း ပေါ်ထွက်လာသည်ကို တွေ့ရှိရသည်။
၎င်းစေတီဟောင်းကြီးသည် ပထမဟံသာ၀တီခေတ်မတိုင်မီ တိမ်မယ်ပျူမင်းများ အုပ်စိုးစဉ် အခါက တည်ထားကိုးကွယ်ခဲ့သော ရှေးကျသည့် သမိုင်းဝင်စေတီပျက်ကြီးဖြစ်ကြောင်းကို ၎င်းစေတီတည်ရာတွင် အသုံးပြုခဲ့သောအုတ်ချပ်များကို လေ့လာဆန်းစစ်ကြည့်ပါက အထင် အရှားသိနိုင်ပေကြောင်း ခန့်မှန်းတွက်ချက်ရသည်။
နဂိုမူလပထမ ပါရမီဓာတ်ခံလည်းရှိ၊ အတိတ်ပဌာန်းဆက်ကလည်း နှိုးဆော်ခြင်းက တစ်ကြောင်း၊ (ဦးတင်အောင်+ဆရာမကြီး ဒေါ်ကြည်)တိုမှာ ထိုရှေးစေတီအဟောင်းကြီးအား မိမိတိုပြုပြင်ထိုက်သောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၍ မွမ်းမံပြင်ဆင်ရန် စိတ်အားထက်သန် ခဲ့ကြသည်။
ထိုကြောင့် ဩဝါဒစရိယဆရာတော်ကြီး တစ်ဆူဖြစ်သော ဓမ္မာလင်္ကာရ ဆရာတော် ဦးဝိသုဒ္ဓ အား ပြုပြင်ခွင့်ပေးပါရန်လျှောက်ထား၍ ဆရာတော်ဘုရားကြီး၏ ခွင့်ပြုမိန့်ကိုရယူကာ (ရှေးဟောင်းသုတေသနနှင့်စာကြည့်တိုက်ဦးစီးဌာန)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စေတီတော် ကြီးအား အဆင့်ဆင့်ပြန်လည်ဖော်ထုတ်ခဲ့ကြသည်။
(စေတီတော်ကြီးစတင်တူးဖော်ခြင်းလုပ်ငန်းအား ဩဝါဒချုပ်ဆရာတော်ဘုရားကြီးတစ်ဆူဖြစ်သော ပဲခူးမြို့ ဓမ္မာလင်္ကာရကျောင်းတိုက် သဒ္ဓါဓိကပါရမီရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိသုဒ္ဓဆရာတော်ကြီးထံမှ (၂၁.၆.၂၀၁၂) နေ့တွင် ခွင့်ပြုချက်ရယူခဲ့သည်။)
စေတီတော်ကြီး အဆင့်ဆင့်ဖော်ထုတ်ရာတွင် ဘေးမှ နံရံဒေါင်းများပေါ်ထွက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ရှေးတိန်မယ်ပျူမင်းများလက်ထက်မှစ၍ ဟံသာဝတီခေတ် ရှင်စောပု ဘုရင်မကြီး လက်ထက်တိုင် အဆင့်ဆင့်ငုံ၍ မွမ်းမံပြုပြင်သွားဟန်တူပေသည်။ နောက်ဆုံး အောက်ခြေတွင် ပေါ်ထွက်လာသော နံရံအုတ်တံတိုင်းအားကြည့်ခြင်းအားဖြင့် ရှင်စောပု ဘုရင်မကြီးမှ နောက်ဆုံးမွမ်းမံပြုပြင်၍ ဇိနဗိမာန်ဘွဲတော်ကို ဆက်ကပ်ခဲ့ကြောင်း တွက်ဆရပေ သည်။
မည်သို့ပင်ဆိုကာမူ စေတီတော်ကြီးအား နောက်ဆုံးဖော်ထုတ်၍ ပြုပြင်မွမ်းမံခဲ့သော ဒါယကာများမှာ( ဦးတင်အောင်+ဆရာမကြီး ဒေါ်ကြည် )နှင့် တပည့်သားတစ်စုတို့သာဖြစ်သည်။
စေတီတော်ကြီးအား ခေါင်းလောင်းပုံ သပိတ်အမှောက်အထက်မှ ငှက်ပျောဖူးတိုင်အောင် ဖြည့်စွက်ပြုပြင်ခြင်း၊ အောက်ခြေပစ္စယံများထိတိုင် ဖော်ထုတ်မွမ်းမံခြင်းများ ပြုလုပ်ခဲ့ပြီးခဲ့သည့် နောက် (၂၄.၁၁.၂ဝ၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ထီးတော်အသစ် ပြန်လည်တင်လှူနိုင် ခဲ့သည်။
ထီးတော်တင်လှူပွဲကို ပဲခူးတိုင်းသာသနာရေးဝန်ကြီးနှင့် သာသနာရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကျေးရွာရပ်မိရပ်ဖများဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။