ပြန်လည်ပြုပြင်ထိန်းသိမ်းမှုအစ ပထမ
(မဟာဗုဒ္ဓရူပ)စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီးသည် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့်ဖုံးအုပ် ၍ ခင်တန်းသဖွယ် တည်ရှိနေခဲ့ရာမှ မြန်မာသက္ကရာဇ်-၁၂၇၁ ခုနှစ်၊ ခရစ်သက္ကရာဇ်-၁၉၀၉ခုနှစ် တွင် အိုးဘိုရွာသူကြီး ဦးအောင်မင်းနှင့် ဦးပိုတို့ခေါင်းဆောင်ပြီး ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်း ခဲ့ရာ ရှေးဟောင်းရုပ်ပွားတော်အမြတ်ကြီး၏ အုတ်ရိုးများပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်၍ အိုးဘို ရွာသူကြီး ဦးအောင်မင်းကပင်ခေါင်းဆောင်၍ စိုင်တီ၊ ကတွင်းခြံ၊ တောင်သူစု၊ မုက္ကလ၊ ကမနတ် ရွာများစုပေါင်းကာ ယနေ့ဖူးမြင်နေရသော ရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်ဖော်ထုတ် ခဲ့ကြသည်။ ပဲခူးမြို့၏အနောက်ဘက်တွင် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး တည်ရှိနေပြီး ဖြစ်၍ ဤရုပ်ပွားတော်မြတ်ကြီးအား “စိန်သာလျောင်း ရုပ်ပွားတော်မြတ်” ဘွဲ့အမည်ပေး၍ ခေါ်တွင်ခဲ့ကြသည်။ စင်စစ်မူလအမည်နာမကား မဟာဗုဒ္ဓရူပ ရုပ်ပွားတော်ပင်ဖြစ်လေသည်။
ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းမှုများ
မဟာဗုဒ္ဓရူပ ရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ဖော်ထုတ်ပြုပြင်၍ စိန်သာလျောင်း ရုပ်ပွားတော်မြတ်ကြီးဟု ဘွဲ့အမည်သစ်ဖြင့် ပေါ်ပေါက်လာခဲ့ပြီးနောက် နှစ်ပေါင်း(၂၀)ကျော်ကြာမျှ ဘုရားကိုယ်တော်ကြီးမှာ နေပူပူ မိုးရွာရွာ ရာသီဉတုသုံးပါကို အံတု၍ အမိုးအကာမဲ့ သီတင်းသုံးနေခဲ့ရသည်။ဤသို့ဖြင့် လွင်တီးခေါင်းတွင် ဒုက္ကရစရိယကျင့်၍ ပင်ပန်းဆင်းရဲစွာသီသင်းသုံးနေရသည် ကို (၁၂၉၃)ခုနှစ်တွင် အရေးပိုင်ရုံးဝန်ထောက် (ဦးဖြူ)ဦးဆောင်သော အမှုထမ်းများ ပါဝင်သည့် မဟာဒုက်အသင်းမှ ပြန်လည်ရှင်းလင်းပြုပြင်ပြီး အမိုးအကာ သံတန်တောင်ဆောက် လုပ်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
ရွှေသာလျောင်းကဲ့သို့သော သံတန်ဆောင်မျိုးဖြင့် စိန်သာလျောင် ရုပ်ပွားတော်အားစံမြန်းစေရန် ပထမမြောက် ဉက္ကဌ ဦးဖြူ၊ ဒုတိယမြောက် ဉက္ကဌ ဦးဘကျော်၊ တတိယမြောက် ဉက္ကဌ ဦးသောင်းညွှန့်တို့နှင့် အဖွဲ့ဝင်များကြိုးပမ်းကြသဖြင့် (၁၃၀၆)ခုနှစ်တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သည်။
သို့သော် သံတိုင်များ၏အင်အားနည်းပြီး သံ၊ ထုတ်၊ ယောက်နှင့် သွပ်အလေးချိန်ကများ သောကြောင့် နောက်တစ်နှစ်ကဆုန်လဆန်း(၇)ရက် အင်္ဂါနေ့တွင် လေပြင်းတိုက်ခတ်ရာဝယ် သံတန်ဆောင်းတော်ကြီး ပြိုလဲပျက်စီးသွားခဲ့ရသည်။
ကောက်ကွေးပျက်စီးသွားသော တန်းဆောင်းတော်၏ သံထည်ပစ္စည်းများအား ထုခွဲရောင်းချ၍ ၁၃၃၃ ခုနှစ်တွင် နဖူးသင်းကျစ်မှီအုံးများကို မှန်စီရွှေချပေးခဲ့သည်။ ထို့ပြင် ရင်ပြင်တော် ကျောက်စရစ်အင်္ဂတေခင်းခဲ့သည်မှာ (၁၃၃၄)ခုနှစ်တွင်ဖြစ်သည်။
ဘုရားမျက်နှာစာရှေ့တွင် စေတီပျက်ကုန်းပေါ်၍ စေတီငယ်တစ်ဆူတည်ခဲ့သည်။ ရုပ်ပွား တော်ကြီးအား (၁၃၄၆)ခုနှစ်တွင် တောင်သူစုကျေးရွာမှ လျှပ်စစ်ဓာတ်ကြိုးများသွယ်တန်၍ မီးပူဇော်ခဲ့သည်။
ဘုရားမျက်နှာတော်ရှေ့တွင်တည်ရှိသော စေတီပျက်သည် ရှင်စောပုဘုရင်မကြီးမှ (ဇိန ဗိမာန်) အမည်ဘွဲ့တော်ဖြင့် နောက်ဆုံးမွမ်းမံ၍ ဉာဏ်တော်မြှင့်တင်ခဲ့သော စေတီပျက်ဖြစ် ကြောင်းသိရှိရသည်။