(က) ဗုဒ္ဓဗျာဒိတော်ပေးခြင်းမှ အစပြုခဲ့သည့် သမိုင်းနောက်ခံ
မဟာဗုဒ္ဓရူပစိန်သာလျောင်းဘုရားကြီး၏သမိုင်းကို အစပြုလေ့လာမည်ဆိုပါက မြတ်ဗုဒ္ဓ ဗျာဒိတော်ပေးခဲ့သည်မှ အစပြုရပေမည်။ပဲခူး-ဟံသာဝတီမြို့တည်ရာအရပ်သည် ဘုရားရှင်ဗျာဒိတ်တော်နှင့်အညီ ပေါ်ထွန်းလာခဲ့ ကြောင်း၊ စစ်ကဲဦးရွှေနော်၏ မွန်ရာဇဝင်နှင့် စေတီတော်သမိုင်းပေါင်းချုပ်အရ အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။မြတ်ဗုဒ္ဓရှင်သည် (၈)ဝါမြောက် မဟာသက္ကရာဇ်(၁၁၁)ခုနှစ်တွင် ရဟန္တာပေါင်း ငါးရာခြံရံ လျက် ဒေသစာရီကြွချီတော်မူ၏။ပထမဦးစွာ မာလာယုကျွန်းသို့ကြွတော်မူ၍ တစ်ဖန်လှည့်လည်၍ ဒေသအသီးသီးသို့ တစ်ဆင့်ပြီးတစ်ဆင့် ကြွချီတော်မူခဲ့ပြီးနောက် မွန်ပြည်နယ်၊ ရာမညတိုင်း သုဝဏ္ဏဘူမိသို့ ကြွတော်မူ၏။
သုဝဏ္ဏဘူမိ(ခ)သထုံမှတစ်ဆင့် ယခု ပဲခူးမြို့ဖြစ်လာမည် (သို့မဟုတ်) ဥဿာ ပဲကူးမှသည် ဟံသာဝတီနေပြည်တော်ဖြစ်လာမည့် ကျွန်း သောင်ပေါ်ထွန်းနေသည့် အငူစွန်းသို့ ရောက်သဖြင့် ခေတ္တရပ်တော်မူ၏။ကျန်ရှိနေရာများသည် ရေပြင်များဖုံးလွှမ်းနေသည်ဟု သမိုင်းများက ဆိုပါသည်။ ဟင်္သာ ငှက်များ ပျော်မြူးရာကျက်စားရာ နေရာဒေသဟုလည်းဆို၏။၎င်းပေါ်ထွန်းနေသော ကျွန်းအငူစွန်းလေးပေါ်တွင် ဟင်္သာဖိုကအောက်၊ ဟင်္သာမက ဟင်္သာဖို၏ကျောကုန်းထက်တွင် နားနေသည်ကို မြတ်စွာဘုရားမြင်တော်မူ၍ ပြုံးတော်မူ၏။ထိုသို့ မြတ်စွာဘုရားပြုံးတော်မူသည်ကို ညီဖြစ်သူ အာနန္ဒာမှ တောင်းပန်လျှောက်ထား သော် ငါ ပရိနိဗ္ဗာန်စံလွန်ပြီးနောက် ငါ၏ဆံတော်မြတ်ကို အရှေ့အရပ်မှ မင်းညီမင်းသားညီနောင် တို့ လာရောက်ပူဇော်ဌာပနာပြီး ထီးနန်းတိုင်းပြည်ကြီးစိုက်ထူလိမ့်မည်။ဤဒေသသည် ဟင်္သာငှက်များ မြူးတူးပျော်ပါးရာနေရာဒေသဖြစ်ခြင်းကြောင့် နောင်အခါ ဟံသာဝတီနေပြည်တော်ကြီးဖြစ်လတ္တံ့ဟု ဗျာဒိတ်တော်ထားခဲ့သည်ဟူသော စကားအရ (ဟံသာဝတီ)ပဲခူးသည် ဗျာဒိတ်တော်နှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိရပေသည်။
(၂) ပဲခူးဟုအမည်တွင်လာမည့် ဟံသာဝတီ
“မင်းမူရှေးက၊ တည်ထောင်စသား၊ သမလကုမ္မာ၊ သည်နောက်မှာတုံ၊ ဝံသာဆင့်ပွါး၊ သားသားမြေးမြစ်၊ ဆယ့်ခုနစ်တွင် နှောင်းမြစ်တိဿ၊ ပြည်တည်တို့ကို ခုနစ်ရာ့သုံးဆယ်၊ တစ်ခု ကယ်တွင် နေ့နှယ်ဖြူဆွ၊ မြောင်မုခ်ဝနှင့်၊ မုတ္တမစောမှူး ဗညားဦးလျှင်၊ ပြကျူးတည်ပြန့်၊ ဆယ့် တစ်ကုန်” (ပုလိပ်စားဧချင်း)
မြတ်စွာဘုရားသခင် ဗျာဒိတ်တော်ပေးပြီးနောက် နှစ်ပေါင်း(၉၀၀)အကြာတွင် လက်ဝါး တစ်အုပ်စာ ပေါ်ထွက်လာသောကုန်းမြေသည် ထီးနန်းစိုက်ထူခဲ့ရာ မင်းနေပြည်တော်ကြီး ဖြစ်လာ ခဲ့သည်။
အိန္ဒိယတိုင်းရင်းသားကုန်သည်တို့ ရေကြောင်းခရီးသွားလာရာမှ ၎င်းပေါ်ထွက်နေသော ကုန်းမြေကို ပထမဦးစွာတွေ့ရှိခဲ့ကြ၍ ၎င်းတို့နယ်မြေအဖြစ် အမှတ်အသားပြုခဲ့ကြသည်။သို့ဖြစ်၍ ရှေးဦးမွန်ရာဇဝင်များတွင် ဟံသာဝတီကုန်းမြေအတွက် သူပိုင်ငါပိုင် အငြင်းပွားခဲ့ပုံများကို တခမ်း တနား မှတ်တမ်းပြုစုခဲ့ကြသည်။
ပဲနောက်ကိုးတင်း၊ သံကောက်ကိုးဇင်း၊ လင်ပန်း ၉ ချပ်တို့သည် အဆိုပါဟံသာဝတီကုန်း မြေကိုသူပိုင်ငါပိုင်ဦးခဲ့ကြသည့် သမိုင်းဖော်ပြချက်အထောက်အထားများပင်ဖြစ်သည်။ နောက်ဆုံး မှရောက်လာသော မွန်လူမျိုးတို့မှ ပဲနောက်ကိုးတင်းအား အောက်ဆုံးမှခိုး၍ မြှုပ်ခဲ့သောကြောင့် ပဲခိုးဟု အမည်တွင်ရာမှ ကာလရွေ့လျောလာသောအခါ ပဲကူးမှတစ်ဆင့် ပဲခူးဖြစ်လာသည်ဟု လည်း ဆို၏။
(ဂ)ဥဿာပဲကူးအစ သမလဝိမလ
(ဥဿာ ပဲခူးကို) စတင်တည်ထောင်ခဲ့ကြသည့် သမလ ဝိမလညီနောင်တို့သည်သုဝဏ္ဏဘူမိ သထုံမင်း၏ အနွယ်ဘက်များဖြစ်ကြသည်။ မွန်ရာဇဝင်ကြီးအရ သီလနဂါးမင်းနှင့် ဝိမလဒေဝီတို့မှ မွေးဖွားခဲ့သည့် အမွှာညီနောင် မင်းသားများဖြစ်ကြသည်။ ထိုမင်းသားညီနောင်တို့အား ဘိုးတော် (ထောပရ)ရသေ့ကြီးမှ ဟံသာဝတီကုန်းမြေပေါ်ထွန်းရာအနောက်အရပ်သို့သွားရောက်၍ မြို့ပြ တည်ထောင်ရန် မိန့်ကြားခဲ့ခြင်းကြောင့် မင်းသားညီနောင်တို့သည် နောက်ပါအခြွေအရံ(၁၇) ယောက်တိုဖြင့် ဟံသာဝတီကုန်းမြေသို့ ရောက်ရှိခဲ့ကြပြီး မြတ်စွာဘုရားဗျာဒိတ်ထားရာ ရွှေဟင်္သာ မောင်နှံတို့ ကျက်စားခဲ့သည့်နေရာ၌ မြို့ပြတည်ထောင်ရန် ရွေးချယ်ခဲ့ကြသည်။
ဤအရပ်သည် မြတ်စွာဘုရားဗျာဒိတ်တော်အရ နောင်တွင်သာသနာတော်ပွင့်လင်းစည်ပင် မည်ကို သိတော်မူသော ဘိုးတော်သိကြားမင်းသည် လွဲမှားသော မိစ္ဆာအယူဝါဒများလွှမ်းမိုးမည်ကို စိုးရိမ်သောကြောင့် (ငါရတီ)သူအိုလက်သမား အယောင်ဆောင်လျက် မင်းသားညီနောင်တို့အား အကူအညီပေးခဲ့သဖြင့် ပြိုင်ဘက်မျိုးနွယ်စုများအပေါ် အနိုင်ရခဲ့လေသည်။
သို့ဖြစ်၍ မင်းသားညီနောင်တို့သည် ဟင်္သာမောင်နှံတို့ နားခိုမြူးတူးရာ ကုန်းမြေတွင် ဘိုးတော်သိကြားမင်း၏အကူအညီဖြင့် သာသနာနှစ်(၁၃၆၉)ခုနှစ်၊ ခရစ်သက္ကရာဇ်(၈၂၅)တွင် မြို့ အင်္ဂါ(၇)ပါးနှင့်ပြည့်စုံသည့် ဥဿာ ပဲကူးဟူသော အမည်မော်ကွန်းဖြင့် ထီးသစ်နန်းသစ်ထူထောင် ခဲ့လေသည်။