ဘုန်းတော်တိုးဘုန်းတော်ပွင့် စေတီတော်မြတ်ကြီး
ဘုရားသမိုင်း
ဘုန်းတော်တိုးဘုန်းတော်ပွင့် စေတီတော်မြတ်ကြီးသမိုင်း
မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုသည် ကောဇာသက္ကရာဇ်( ၈၇၂ )ခုတွင် ဒွါရာဝတီမြို့ဟောင်းမှကေတုမတီမြို့သစ်ကို တည်ထောင်စိုးစံခဲ့သည် ။ မြို့လုံခြုံရေးအတွက် ကုန်းတွင်းပိုင်း ကင်းတပ်စခန်းများတည်ဆောက်ခဲ့ရာဂါတ်တဲကျောင်းတည်ရှိရာနေရာ( ယခုမြိုလယ်ဓမ္မရက္ခိတကျောင်း ) အနီးတွင် ကင်းတပ်စခန်းအဖြစ် ပါဝင်ခဲ့သည်။ ရှမ်းပြည်နယ်မှ နွားကုန်သည်များနှင့်သစ်လှည်းများခေတ္တစခန်းချ နေရာလည်းဖြစ်ခဲ့သည်။ သို့ဖြစ်ပါ၍ ၎င်းစခန်းကို ငှက်အော်စခန်းဟု ရှမ်းများကခေါ်ဝေါ်ခဲ့သည်။ အမြင့်အထက်တွင်‘သြတင်ကွင်း သြတင်ကွင်း’ဟု သာယာစွာ အော်မြည်တတ်သော အသံကို အစွဲပြု၍ “အောတတွင်း”စခန်းဟုမြန်မာများကခေါ်ဝေါ်ခြင်းကိုရှမ်းတို့ကငှက်အော်စခန်းဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ “အောတတွင်း”မှအုတ်တွင်းဟူ၍ဖြစ်ပေါ်လာခဲ့သည်။
“အောတတွင်း”စခန်းတွင် မင်းကြီးညိုသည် ၎င်း၏ ဘုန်းလက်ရုံးရည်ကို ရည်ရွယ်ပြီး ဘုန်းများတိုးတက်၊ ဥစ္စာစီးပွားလာဘ်များပွင့်စေ၊ဖူးမြော်သူအပေါင်းရစေကြောင်းဟူသော ချောင်းဦးသံဃရာဇာဆရာတော်၏ဆန္ဒတော်အရဘုန်းတော်တိုး၊ဘုန်းတော်ပွင့်ဘွဲအမည်ဖြင့်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူကို ဗုဒ္ဓဘိသေကအနေကဇာနှင့် ထီးတော်မြတ် တင်လှူပူဇော်ခဲ့သည်။အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ အပြီးတွင် ကင်းတပ်စခန်းဟောင်နေရာသည် ဗြိတိသျှတို့၏ပုလိပ်စခန်း(ဂါတ်တဲ) အဖြစ် ပြောင်းလဲသွားပြီး အုတ်တွင်း ဖြစ်လာကာ မြန်မာပြည် လွတ်လပ်ရေးရသည့် အချိန်အထိဂါတ်တဲစခန်းအဖြစ် အသုံးပြုပြီး ငွေတိုက်လည်း တည်ဆောက်ခဲ့သည်။ယင်းမတိုင်မှီ ကာလများတွင်စေတီတော်နှင့် ရုပ်ပွားတော်များသည် စစ်ဘေးစစ်ဒဏ်နှင့် ရာသီဥတု အနေအထားများကြောင့် နှစ်ပေါင်းများစွာကြာအောင် ခြုံနွယ်ပိတ်ပေါင်းတိုအတွင်း ကိန်းအောင်းပျောက်ကွယ်နေခဲ့သည်။
ထိုနောက် ဘုရားဒါယကာဦးရွှေဝ ၊ ဒေါ်ဆောင်းဇနီးမောင်နှံတိုက မင်္ဂလာအိပ်မက်အရခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းဖယ်ရှားပြီး ရုပ်ပွားတော်နှစ်ဆူကို ရောင်တော်ဖွင့်ကာ ပြုပြင်ခဲ့ကြသည်။စေတီတော်’ကြီးထီးတော်တင်ပွဲကို ကောဇာသက္ကရာဇ် (၁၂၀၀)ပြည့်နှစ်တွင် သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းကြီးလောင်းပွဲနှင့်အတူလှူဒါန်းကျင်းပနိုင်ခဲ့သည်။
ခရစ်နှစ်(၁၉၆၃)ခုနှစ်သို့ ရောက်သောအခါ ဂါတ်တဲကျောင်းဆရာတော် ဘဒ္ဒန္တတေဇပါလမှ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော မြတ်စွာဘုရား(၄)ဆူတို့အား ရည်မှန်းသမှုပြု၍ ရုပ်ပွားတော် နှစ်ဆူ ထပ်မံထုလုပ်ကိုးကွယ်ခဲ့ပါသည်။ ဘွဲ့တော်ကိုလည်း ဘုန်းတော်တင့်၊ ဘုန်းတော်မြင့်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ထိုရုပ်ပွားတော်(၄)ဆူသည် မြို့လယ်ခေါင်မှ အနောက်အရပ်သို့ မျက်နှာပြုကာ စံတော်မူခဲ့ကြ ပါသည်။ နောင်ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး(လမ်းဟောင်း)သည် ဘုရားရှင်(၄)ဆူ နောက်ကျောမှ ဖြတ်ကာ ဖောက်လုပ်ခဲ့ပါသည်။ ထိုဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရား(၄)ဆူမျက်နှာမူရာရှေ့တွင် ဗျက်(၄)ပေရှိ မှန်စီရွှေချ အုတ်တိုင်တော် (၄)လုံးခံ၍အထက်တွင် ဉာဏ်တော်(၃၈)ပေရှိ စေတီတော်တည်ကာ ရုပ်ပွားတော်(၄)ဆူအပါအဝင် ဂန္ဓကုဋီတည်ဆောက်ပြီး ရန်ကုန်-မန္တလေးပြည်ထောင်စုကားလမ်း(လမ်းဟောင်း)နှင့် တောင်ငူ- ပေါက်ခေါင်း-ပြည် ဗျူဟာလမ်းတောင့် ဆုံရာမြို့လယ်ခေါင်အရပ်တွင် ယခုအချိန်အထိ သပ္ပါယ်စွာ အပူဇော်ခံခဲ့ကြပါသည်။ခရစ်နှစ် (၂၀၀၇)ခုနှစ်တွင်ဂါတ်တဲကျောင်းဆရာတော်ဘဒ္ဒန္တပညာဝံသလက်ထက်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမှ ဦးစီးကာ ဖေါ်ပြပါရုပ်ပွားတော်မြတ်(၄)ဆူသည် ရန်ကုန်-မန္တလေးပြည်ထောင်စုကားလမ်း(လမ်းဟောင်း)အား ကျောပေးစံပ္ပါယ်နေခြင်း မြို့၏အရှေ့ဘက်ခြမ်းအား ကျောပေးထားခြင်းကို အကြောင်းပြုလျှက် ဉာဏ်တော်(၈)ပေအမြင့်ရှိ မုဒြာ(၄)မျိုးဖြင့်ထိုင်တော်မူ ရုပ်ပွားတော်(၄)ဆူအားအရပ်(၄)မျက်နှာ တူရှုကာ အရပ်မျက်နှာအစုံမှ သတ္တဝါအနန္တချမ်းမြေ့ သာယာစေခြင်းငှာ မူလကရုပ်ပွားတော်(၄)ဆူ၏ရှေ့ရှိ စေတီတော်ကြီး၏ အောက်ထပ်မှ မှန်စီရွှေချ ( ၄) တိုင်၏ လေးမျက်နှာအတွင်းသို့ ပင့်ဆောင်ပြောင်းရွှေ့ပြုပြင်ခြင်းအပါအဝင် လုပ်ငန်းစဉ်ကြီးအား ဘက်စုံမွမ်းမံပြုပြင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။ခရစ်နှစ် (၂၀၀၈)ခုနှစ် မတ်လ(၃၀)ရက်တနင်္ဂနွေနေ့ နံနက်(၉)နာရီ ( ၉ )မိနစ်တွင်တောင်ပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကိုကိုနှင့်ဇနီးဒေါ်စပ်နွမ်းခွပ်ဆန်၊ အမှတ်(၈၀၈)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ကိုကိုဝင်းနှင့်ဇနီးဒေါ်အေးအေး အုတ်တွင်းမြို့ ကြယ်နီဆေးပေါ့လိပ်ရုံပိုင်ရှင်ဦးခင်မောင်ဝင်းနှင့်ဇနီး သိရီသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့တိုနှင့်အတူ အလှူရှင်အပေါင်းတို့က ဗုဒ္ဓဘိသေကရေစက်သွန်းချထီးတော်တင်လှူကြပြီး ဘုန်းတော်တိုး ၊ ဘုန်းတော်ပွင့် ၊ ဘုန်းတော်တင့် ၊ ဘုန်းတော်မြင့်ဘုရားကြီး ဘက်စုံမွမ်းမံတည်ဆောက်ခဲ့ခြင်းကို ပြီးမြောက်အောင်မြင်စေခဲ့ပါသည်။