ဘုန်းတော်တိုး၊ဘုန်းတော်ပွင့်စေတီတော်မြတ်ကြီးသည် တောင်ငူ့၏ တောင်ဘက်(၁၀)မိုင်၊ ဖြူးမြို့၏ မြောက်ဘက်(၂၄)မိုင်ခန့်၊ ရန်ကုန်-မန္တလေးလမ်း(လမ်းဟောင်း) နှင့် တောင်ငူ-ပေါက်ခေါင်း-ပြည်လမ်း-လမ်းဆုံတွင် တည်ရှိပါသည်။ ဘုန်းတော်တိုး၊ဘုန်းတော်ပွင့် စေတီတော်မြတ်ကြီး၏ ပရဝဏ်မှာ တောင်နှင့်မြောက် (၁၄၄)ပေ၊ အရှေ့-အနောက်(၁၆၀)ပေ၊ ဧရိယာ စတုရန်းပေ (၂၃၀၄၀)ရှိပါသည်။
မဟာသီရိဇေယျသူရဘွဲ့ခံမင်းကြီးညိုသည်ကောဇာသက္ကရာဇ်(၈၇၂)ခုတွင် ဒွာရာဝတီမြို့ ဟောင်းမှ ကေတုမတီမြို့သစ်ကို တည်ထောင်စိုးစံခဲ့ပြီး မြို့လုံခြုံရေးအတွက် ကုန်းတွင်းပိုင်း ကင်းတပ်စခန်းများ တည်ဆောက်ခဲ့ရာ ဂါတ်တဲကျောင်းတည်ရှိရာနေရာ (ယခုမြို့လယ်ဓမ္မရက္ခိတကျောင်း) အနီးတွင် ကင်းတပ်စခန်းအဖြစ်ပါဝင်ခဲ့ကြောင်း ရှမ်းပြည်နယ်မှ နွားကုန်သည်များနှင့် သစ်လှည်းများ ခေတ္တစခန်းချရာနေရာလည်းဖြစ်ခဲ့ပြီး ၎င်းစခန်းကိုငှက်အော်စခန်းဟုရှမ်းများကခေါ်ဝေါ်ခဲ့ပါကြောင်း အမြင့်အထက်တွင် “ဩတင်ကွင်း ဩတင်ကွင်း” ဟု သာယာစွာ အော်မြည်တတ် သောအသံကို အစွဲပြု၍ “အောတတွင်း” စခန်းဟု မြန်မာများက ခေါ်ဝေါ်ခြင်းကို ရှမ်းတို့က ငှက်အော်စခန်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး “အောတတွင်း” မှ အုတ်တွင်းဟူ၍ ဖြစ်ပေါ်လာခဲ့သည်။