မယ်ဒက်ကယ်စေတီတော်မြတ်ကြီး
ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းမှုများ
အသစ်ပြန်လည်ပြုပြင်ခြင်းများ
(က) မယ်ဒက်ကယ်စေတီတော်ကြီး
မယ်ဒက်ဆရာတော် ဦးဝိရိယသည် ရဟန်းငယ်ဘဝတွင် တောင်ငူမြို့အရှေ့ဘက် သောက်ရေခပ်ချောင်းဘေး ကျောက်ပါးစပ်ရွာ အရှေ့(၈)မိုင်ခန့်အကွာရှိ ကျောက်ဂူထဲတွင် သီတင်းသုံးတောရဆောက်တည်နေသည်။
ထိုအချိန်တွင် ရေတာရှည်မြို့နယ် သာယာကုန်းရွာနေ အင်္ဂလိပ်သစ်ကုမ္ပဏီမှ ဆင်လုပ်သားခေါင်းဆောင် ဦးထွေးကျော်နှင့် တွေ့ဆုံခဲ့ရသည်။ ဦးထွေးကျော်က သာယာကုန်းရွာမှ ရေတာရှည်သွားရာလမ်း၌ ဘုရားငုတ်တိုတစ်ဆူရှိကြောင်း၊ ၄င်းအနီး၌ကျောင်းဆောက်လုပ်လှူဒါန်းပြီး ဆရာတော်သီတင်းသုံးပါမည့် အကြောင်း လျှောက်ထားသည်။ ဦးထွေးကျော်၏လျှောက်ထားမှုလက်ခံပြီး ကျောင်းထိုင်သီတင်းသုံးတော် မူသည်။
ကျောင်းသင်္ခမ်းအနီးရှိ ပျက်စီးယိုယွင်းနေသည့် ဘုရားပျက်များ၊ ခြုံနွယ်၊ သစ်ပင်များခုတ်ထွင် ရှင်းလင်းရာမှ မယ်ဒက်ညီအစ်မတည်ထားခဲ့သည့်ဘုရား ဖြစ်ကြောင်း ကျောက်စာနှင့်တကွတွေ့ရှိရသည်။ ဆရာတော်နှင့်ဦးထွေးကျော်တို့ ညှိုနှိင်းကြပြီးဘုရားကိုပြန်လည်ပြုပြင်တည်ထားကြသည်။
ထိုနေရာ၌ပင် စေတီတော်ကြီးအားတည်ထားရာ၌
(၁) ၁၂၆၃ခုနှစ် ကဆုန်လဆန်း၁၅ရက်နေ့တွင် အုတ်မြစ်တော်ချသည်။
(၂) ဖိနပ်တော်သည် အရှေ့မှအနောက်(၅၄)တောင် တောင်မှမြောက်(၅၄)တောင် ဉာဏ်တော် အမြင့်မှာ (၅၄)တောင်ရှိပါသည်။
(၃) အရန်စေတီပေါင်း(၁၁၂)ဆူရှိသည်။
(၄) ၁၂၆၅ခု၊ တန်ဆောင်မုန်းလတွင် အောင်မြင်စွာပြီးစီးသည်။
(ခ) ပြည်လုံးချမ်းသာဘုရားကြီး
မယ်ဒက်ဆရာတော်သည် ၁၂၈၁ခုနှစ်၊ သာသနာတော်(၅ဝဝဝ)နှင့်ကိုက်ညီမှုရှိစေရန် ကြေးပိဿာချိန်(၅၀၀၀)ရှိ ကြေးသွန်းဆင်းတုတော်တစ်ဆူတည်ထားသည်။ထိုဘုရားအား ပြည်လုံးချမ်းသာ ဘုရား ဟုဘွဲ့တော်ကပ်လှူသည်။
(ဂ) အောင်တော်မူဘုရား
ပြည်လုံးချမ်းသာဘုရားသွန်းလုပ် အောင်မြင်သည့်အတွက် ကြေးသွန်းသည့်နေရာမှပင် ဆင်းတုတော်ဘုရားတည်ထား၏။ ထိုဘုရားအား အောင်တော်မူဘူရားဟု ဘွဲ့တော်ကပ်လှူခဲ့သည်။
(ဃ) သိမ်တော်ကြီး
ရဟန်းသံဃာတော်များ၊ ကံကြီးကံငယ်ဆောင်ရန် စေတီကြီးအရှေ့မြောက်နေရာ၌ ဦးကံရေ ဆောက်လုပ်လှူဒါန်းခဲ့သည့် သိမ်တော်ကြီးရှိသည်။ သိမ်တော်ကြီးယိုယွင်းလာသောအခါ ပြည်မြို့မှ ဦးဖိုးထိုက်၊ဇနီးဒေါ်ကျင်မေတို့က ပြန်လည်ပြုပြင်ခဲ့သည်။
(င) စောင်းတန်းကြီး
မယ်ဒက်ဆရာတော်သည် အခန်းပေါင်း(၇၄)ခန်း ပါဝင်သည့် စေတီတော်ကြီးနှင့် တောင်ဘက် ပြည်လုံးချမ်းသာဘုရားကြီးအား ဆက်သွယ်သွားလာလွယ်ကူစေရန် စောင်းတန်းကြီးလည်း တည်ဆောက် ခဲ့သည်။
(စ) ဗောဓိပင်များစိုက်ပျိုးခြင်း
ဆရာတော်သည်၁၂၈၇ခုနှစ်၌ သီဟိုဠ်ပြည် အနုရာဓရှေးဟောင်းမြို့သို့ ဒါယကာများစေလွှတ်၍ ဗောဓိသီးများရယူခဲ့သည်။၁၂၈၇ သီတင်းကျွတ်လပြည့်တွင် အောင်မြေကို မဇ္ဈိမဒေသ၊ သတ္တဌာနသို့ စေလွှတ်ယူစေပြန်သည်။ ၁၂၉ဝခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်စိုက်ပျိုးသောအခါ မယ်ဒက်စေတီတော်ကြီး၏ အင်္ဂါထောင့်တွင် စိုက်ပျိုးပြီးနောက် ကေတုမတီတောင်ငူမြို့၊ ရွှေဆံတော်ဘုရားကြီး၌တစ်ပင် မြတ်စောညီနောင်တွင်တစ်ပင် ရန်ကုန်မြို့ရွှေတိဂုံဘုရားကြီး၏အင်္ဂါထောင့်တွင်တစ်ပင် ရေတာရှည်မြို့ ဓာတ်တော်ဘုရားကြီးတွင်တစ်ပင် စသည်ဖြင့် အခြားမြို့ရွာတို့တွင်လည်း စေလွှတ်စိုက်ပျိုးခဲ့သည်။
ဂေါပကများ၏ဆောင်ရွက်ချက်များ
(၁) ဆရာတော်ကြီး တည်ထားခဲ့သည့် စေတီတော်ကြီး၏ထီးတော်မှာ နှစ်တစ်ရာသက်တမ်း ပြည့်ချိန်တွင် ပျက်စီးယိုယွင်းလာသောကြောင့် ထီးတော်သစ်ပြန်လည်တင်လှူခြင်း။ (၂၀၀၅ ခု မေလ၂၂)(၁၃၆၇ခုနှစ် ကဆုန်လပြည့်)
(၂) စေတီကြီး ငှက်ပျောဖူး ခေါင်းလောင်းတော် ရွှေသင်္ကန်းကပ်လှူခြင်း။(၂၀၁၆-၂၀၁ရ)
(၃) စေတီကြီး ငှက်ပျောဖူး ခေါင်းလောင်းတော် ရွှေသင်္ကန်းကပ်လှူခြင်း။(၂၀၁၈-၂၀၁၉)
(၄) ဘုရားဝန်းအတွင်း ကတ္တရာလမ်းခင်းခြင်း။ (၂၀၁၅-၂၀၁၆)
(၅) ဘုရားရင်ပြင်တော် ကျောက်ပြားခင်းခြင်း။ (၂၀၁၅-၂၀၁၆)
(၆) သမိုင်းပြတိုက် အသစ်တည်ဆောက်ခြင်း။ (၂၀၁၇-၂၀၁၈)
(၇) စေတီတော်ကြီးမှ ပြည်လုံးချမ်းသာဘုရားသို့ ဆက်သွယ်သည့် အခန်းပေါင်း(၇၄)ခန်းပါ သံထည်စောင်းတန်းကြီးအားပြန်လည်ပြုပြင် ခြင်း။ (၂၀၁၉-၂၀၂၀)
(၈) ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘုရားသို့လျှပ်စစ်မီး သွယ်တန်ခြင်း။(၂၀၁၈-၂၀၁၉)
(၉) လက်ရှိ ထီးတော်ကြီးအား ရွှေသင်္ကန်းပြန်လည်ကပ်လှူခြင်း လုံးတော်ပြည့်ဆေးသုတ်ခြင်း အရံစေတီများပြုပြင်ခြင်း ဆေးသုတ်ခြင်း ကာရံထားသည့်သံပန်းများ ဂြိုလ်တိုင်များ ပြုပြင်မွမ်းမံခြင်း။ (၂၀၂၀-၂၀၂၁) (အလှူရှင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တောင်ငူမြို့ ရွှေဥဒေါင်းဆေးလိပ်ခုံကုမ္ပဏီမှ လှူဒါန်းသည်။)
(၁၀) ပြည်လုံးချမ်းသာ ဘုရားကြီး၏ အမိုးများ မျက်နှာကျက်များ တိုင်လုံးများအား အလှူရှင်များနှင့် ပန်းကမ္ဘာစတိုးမိသားစုတို့မှ ပြုပြင်လှူဒါန်းခြင်း။ (၂၀၂၁-၂၀၂၂)
(၁၁) ယိုယွင်းပျက်စီးနေသည့် ကန်တော်ကြီး ပြန်လည်တူးဖော်ခြင်း ရေလယ်နဂါးရုံဘုရား တည်ထားခြင်း ကန်ဘောင်များနှင့် လျှောက်လမ်းများတည်ဆောက်ခြင်း။ (ယခုလက်ရှိ မယ်ဒက်ကယ်ဆရာတော် ဦးပုနိတမှ ဦးဆောင်တည်ဆောက်ခြင်း (၂ဝ၂၂-၂ဝ၂၃ ) )
(၁၂) ယခင်မယ်ဒက်ကယ်ဆရာတော် ဦးသံဝရ တည်ထားခဲ့သည့် ကိုးနဝင်းစေတီတော်အား ပြုပြင်ခြင်း အုတ်တံတိုင်းကာခြင်း မူလဆရာတော်သီတင်းသုံးရာ ကျောင်းဝန်းကြီးအတွင်း ကွန်ကရစ် ခင်းခြင်း။( ယခုလက်ရှိ မယ်ဒက်ကယ်ဆရာတော်ဦးပုနိတမှ ဦးဆောင်တည်ဆောက်ခြင်း (၂ဝ၂၂-၂၀၂၃) )