မြတ်စောညီနောင် စေတီတော်မြတ်ကြီး
စာပေလာအထောက်အထားများ
-
သရထည်ညီနောင်ကျောက်စာ
-
ကျောက်စာလေ့လာချက်များ
- ကျမ်းကိုးစာရင်း
- ရတုဧချင်း ကဗျာများ
တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာ
တောင်ငူ(၈) ဆက်မြောက်မင်းဖြစ်သော ပျံချီကြီး (ခ) အစောမြတ်စွာနော်ရထာသည် ကောဇာ သက္ကရာဇ်(၇၃၃)ခုနှစ်၊ တန်ခူးလဆန်း(၇)ရက်နေ့ (၁၁-၃- ၁၃၇၂)နေ့တွင် သရထည်ညီနောင်ဘုရားအား ပြုပြင်ကြောင်းကို ကျောက်စာရေးထိုးခဲ့ပါသည်။ ယခုအခါ ထိုကျောက်စာတွင် မန္တလေးမြိုမဟာမုနိဘုရားကြီး အနောက်ဘက် ကျောက်စာတိုက် တိုင်အမှတ် (၁၆၂)တွင် ထိန်းသိမ်းထားရှိပါသည်။ ကျောက်စာ အပြည့် အစုံမှာ –
ဇေယျတု၊ သက္ကရာဇ်(၇၃၃)ခုနှစ်၊ မာဃသံဝစ္ဆရ၊တန်ခူးလဆန်း(၇)ရက်(၅)နေ့အား၊ တရိုမ်ခံပေါင်းလောင်တလျှိး အစိုးရသော တောင်ငူသခင် အစစ်(စဝ်) မြတ်စွာနော်ရထာ မောင်နှံသူ(၂)ယော်ကား။ မိမိတောင်းသဘုရားဆုကို လိုချင်စွာသင်ကြောင့် တော်ငူ တောင်ငူမြည်သောပြည်၏ အရှေ့ဘနိယ့်သွားလောက်သောအရပ်နှိက်၊ တောင်အဝှမ်းဘမူ လည်းဖြစ်ထသေ လည်းဖြစ်ထသော တဝှန်ရေမျက်ထွက်သော ရေရှင်သွန်းသောလားသို ထင်ရှား အမည်။ သရထည်ဟူ၍လည်း ကြည်စွာပြင်လေသာသော မြစ်၏အဝှမ်းကမ်ထက် နှိက်၊ ဓမ္မာသောကမင်းကြီးသည်။ သရထည်ဘုရား(၂)လုံးစုံကို သည်အံဘွယ် ကိုယ်တ်တည်၏။ ဟူ၍ အရှင်မောင်နှံ (၂)ယော်သဒ္ဒါပေါ်၍ မျက်မှော်ကောင်း၏ ပြုလတ်လျှင် ထပ်လျှင်းသည်ကား။ အချင်းအတောင် (၄ဝ)တည်း၏။ ထိုကောင်းမှုကိုဝ် ပြုတုံချင်ကား။ ရွှယ်အုတ်လေပြု၏။ ထိုအထက်ငွေယ်အုတ်လေပြု၏။ ထိုပကား ရွှယ်မုန်လေဖြစ်၏။ ငိုယ်မုန်လေဖြစ်၏။ ထိုအပကား ရွှယ်ရုပ်ငွေယ်ရုပ်နှင့်ပန်နစ် မွန်၍။ ထိုတကွနက်ပေါင်ရယ်မြေနှင့် ထပ်မြှပ်မပြီးမချင်း သရွတ်ထား၏။ ထို အပကား။ မျက်မွန်အကိုင်သာ ပုလဲသဒ္ဓါနီလါဥဿဘုရား။ မြနှင့်ပတ္တမြားကါး အပြည့်ဘလါးနှင့် တဘလါးလျှင် ထည်လိုက်၏။ ထို၏အပကား ရွှေပေါ် ပန်း လေပူဇော်လိုက်။ ငွေပေါ” ပန်းလည်း ပူဇော်လိုက်၏။ ထို၏အပကား ပတ္တမြား မျက်မွန်ကို ။ ငါဝတ်သော အိမ်တတ်မြောံမွန်နှင်ပြုသည်။
သရထည်ညီနောင်ကျောက်စာသည် ကြောင်းရေ(၁၆)ကြောင်းဖြင့် ရေးထိုးပြီး အင်းဝခေတ် အစောပိုင်းကာလ မြန်မာစာအရေးအသားကိုလေ့လာနိုင်သည့် ကျောက်စာတစ်ချပ်ဖြစ်သည်။ သိုသော် မူလထိုးကျောက်စာမဟုတ်ဘဲဘိုးတော်ဘုရားလက်ထက် တွင်းသင်းတိုက်ဝန်မဟာစည်သူ ကျောက်စာများ စုဆောင်းသောအခါပြန်လည်ဆင့်ထိုးသည့် ကျောက်စာတစ်ချပ်ဖြစ်ကြောင်း တွေ့ရသည်။
တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာလေ့လာချက်
ဇော်ဇော်အောင်
စာတမ်းအကျဉ်း
ဤစာတမ်းသည် တောင်ငူတက္ကသိုလ် သုတေသနဂျာနယ်အတွက် တင်သွင်းသော စာတမ်း ဖြစ်သည်။ တောင်ငူမြို့၏ မြတ်စောညီနောင်ဘုရားကျောက်စာကို အလေ့လာခံပြု၍ မြန်မာစာပေရှုထောင့်မှ လေ့လာတင်ပြထားသည်။ တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာကို စာရှုထောင့်မှ လေ့လာခြင်းဖြင့် ရှေးတောင်ငူခေတ်ကျောက်စာပါ အကြောင်းအရာများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် တောင်ငူခေတ် မြန်မာစာပေအရေးအသားကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။ တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာကို ပုံနှိပ်အက္ခရာ တင်၍လေ့လာထားခြင်းမရှိသေးသောကြောင့် သုတေသနပြုဖော်ထုတ်ရခြင်းဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ တရထည်း သရထည်၊ ပျံချီကြီး၊ အစောမြတ်စွာနော်ရထာ၊ အကြောင်းအရာ၊ ဝါကျဖွဲ့ ဟန်။
နိဒါန်း
ဤစာတမ်းသည် တောင်ငူတက္ကသိုလ် သုတေသနဂျာနယ်အတွက် တင်သွင်းဖတ်ကြားသော စာတမ်း ဖြစ်သည်။ တောင်ငူမြို့အနီးရှိ မြတ်စောညီနောင်ဘုရားခေါ် သရထည်ညီနောင်ဘုရားကျောက်စာကို မြန်မာစာပေရှုထောင့်မှ လေ့လာသော စာတမ်းဖြစ်သည်။
မူရင်းကျောက်စာရေးထိုးသူမှာ မြန်မာသက္ကရာဇ် ၇၂၉ မှ ၇၃၇ ထိ တောင်ငူကိုမင်းပြုသော ပျံချီကြီးမင်းခေါ် အစောမြတ်စွာနော်ရထာမင်း ဇနီးမောင်နှံဖြစ်သည်။ ပျံချီကြီးမင်းသည် သရထည် ဘုရားနှစ်ဆူကို ထပ်၍တည်ထားပြီး ကောင်းမှုကုသိုလ်ပြုသည့်အကြောင်းကို ကျောက်စာတွင် ကြောင်းရေ ၁၆ ကြောင်းဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်။
တောင်ငူ ယခု (ဓညဝတီမြို့ဟောင်း) ကို သက္ကရာဇ် ၆၄၁ ခု ကဆုန်လဆန်း ၉ ရက် အေဒီ (၂၀၊ ဧပြီ၊ ၁၂၇၉)တွင် သဝန်ကြီးမင်းကစတင်တည်ထောင်ခဲ့သည်။ သက္ကရာဇ် (၉၇၄) ခု ဝါခေါင်လ အေဒီ ၁၆၁၂ ခုနှစ်တွင် တောင်ငူပျက်သည်။ ထို ့ကြောင့် စတင်တည်ထောင်ချိန်မှ နှစ်ပေါင်းသုံးရာ ကျော်စည်ပင်ခဲ့သော ဒေသကြီးဖြစ်ပြီး ဒုတိယမြန်မာနိုင်ငံတော်ကို စတင်ထူထောင်ခဲ့ရာ မင်းနေပြည်တော်လည်းဖြစ်သည်။
ထိုသို့သမိုင်းကြောင်းခိုင်မာရှည်ကြာခဲ့ရာ ဒေသတွင် မြန်မာစာပေအမွေအနှစ်များ ပေါ်ထွန်း ဖွံ့ဖြိုးခဲ့သည်။ ရာဇဝင်စကားပြေထဲတွင် ရှေးကျပြီးနှောင်းခေတ်ရာဇဝင်ကျမ်းများက မှီငြမ်းကိုးကား ရသော ရှင်ဉာဏသည်းခံကြီး၏ တောင်ငူရာဇဝင်ကျမ်း၊ တပင်ရွှေထီးဧချင်းသုံးစောင်၊ လှော်ကား သုံးထောင်မှူး၊ နတ်ရှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုနှင့် ရဝေရှင်ထွေးတို့၏ စာများသည် – တောင်ငူဒေသကို အခြေပြု၍ ပေါ်ထွန်းခဲ့သော စာပေများဖြစ်သည်။
ထိုမျှသာမက တောင်ငူမင်းတို ့သည် သာသနာတော်တည်တံ့ထွန်းကားစေရေးအတွက် ဘုရား စေတီပုထိုးများတည်ထားကိုးကွယ်ပြီး အဆင့်ဆင့်မွမ်းမံပြုပြင်ခဲ့ကြသည်။ သို့သော် ထိုကဲ့သို့လက်ထောက်ကထိက၊ မြန်မာစာဌာန၊ တောင်ငူတက္ကသိုလ်အိုးများတည်ထားကုသိုလ်ပြုခြင်း၊ မွမ်းမံပြင်ဆင်သည့်အကြောင်းနှင့်စပ်လျဉ်းသည့် ကျောက်စာ စေတီပုထိုးမျာ မှတ်တမ်း တွေ့ရှိရမှုမှာ မရှိသလောက်ရှားပါးလှသည်။
ဤကျောက်စာသည် တောင်ငူမင်းတို့၏ ကုသိုလ်ကောင်းမှုနှင့် ပတ်သက်၍ ရေးထိုးသည့် ကျောက် ာက်စာတစ်ချပ်ဖြစ်ပြီး အထူးသဖြင့် တောင်ငူဒေသရှိ သရထည် ညီနောင်ဘုရားကိုပြုပြင်သည့်ကျောက်စာဖြစ်ခြင်းကြောင့် သမိုင်းတန်ဖိုးမှာ အလွန်တန်ဖိုးကြီးမားသည့် ကျောက်စာဖြစ်သည်။
ပျံချီကြီးမင်းသည် သက္ကရာဇ် ၇၃၃ ခု တန်ခူးလတွင် သရထည်ညီနောင်ဘုရားကို ပြုပြင် ကျောက်စာတွင် ရေးထိုးထားသည်။ နှစ်ပေါင်း ၆၄၈ နှစ် သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်းတွေ့ရသည်။ ပျံချီကြီးမင်းသည် ပုဂံရွှေစည်းခုံ၌လည်း ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့သည်။
သရထည်ဘုရားကျောက်စာကို မြတ်စောညီနောင်ဘုရားတွင်မတွေ့ရှိရပေ။ ဘိုးတော်ဘုရားက တွင်းသင်းမင်းကြီးကို ရာဇဝင်သစ်ရေးစေသောအခါ အရပ်ရပ်က ကျောက်စာသံပိုင်းတို့ကို နေပြည်တော်သို့ ယူဆောင်စေသောကြောင့် တောင်ငူတွင်မရှိတော့ဘဲ အမရပူရသို ့ ရောက်ကြောင်းယူဆနိုင်ဖွယ်ရှိပါသည်။ သက္ကရာဇ် ၇၃၃၊ န-၁၆၂ ဆင့်ထိုးတောင်ငူသရထည်ညီနောင်ဘုရားကျောက်စာ ဟုမှတ်တမ်းတင်ထားသည်ကိုတွေ့ရပါသည်။
သရထည်ညီနောင်ဘုရားကျောက်စာကို မန္တလေးမဟာမုနိဘုရား အနောက်ဘက် ကျောက်စာ ရုံ၊တိုင်အမှတ် ၁၆၂ တွင်တွေ့နိုင်ကြောင်း ဒေါ်အုန်းကြည် (မြန်မာ့သမိုင်းအဖွဲ့ဝင်) တည်းဖြတ်သည့် မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (သတ္တမတွဲ) စာအုပ်တွင် တွေ့ရသည်။ ဤကျောက်စာကို အလေ့လာခံပြု၍ တိမ်မြှုပ်နေသော တောင်ငူခေတ်မြန်မာစာပေနှင့် သမိုင်းအထောက်အထားများ စာတမ်းအနေဖြင့်တင်ပြလိုခြင်းဖြစ်ပါသည်။
မြတ်စောညီနောင်စေတီတော် သို ့မဟုတ် တရထည်ညီနောင်ဘုရား
နောင်တော်စေတီညီတော်စေတီ
မြတ်စောညီနောင်စေတီတော်ကို ပုဂံခေတ်မတိုင်မီကပင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း ဘုရား သမိုင်းအရ သိရသည်။ မူရင်းဒါယကာမှာ သီရိဓမ္မာသောကမင်းကြီးဖြစ်သည်။ ဘုရားလောင်းကြက်ဖြူမင်းဘ၏၀ ဖြစ်စဥ်အခါက ညီနောင်အာနန္ဒာလောင်းလျာနှင့်အတူ မြတ်စောညီနောင်စေတီတော် တည်ထားမည့်ကုန်းမြေနေရာတွင် ကျင်လည်ကျက်စားခဲ့ကြောင်းသိရသည်။
ဓညဝတီတောင်ငူမြို့ဟောင်းနှင့်မြတ်စောညီနောင်ဘုရားအကွာအဝေးပြမြေပုံ
မြတ်စောညီနောင်စေတီတော်သည် တောင်ငူမြို့အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး တောင်ငူ-ဒိုးသောင်-ထန်းတပင် ဇရပ်ကြီး ကားလမ်းဘေးတွင် ရှိသောကြောင့် ရာသီ မရွေးသွားလာဖူးမြော်နိုင်သည်။ မြတ်စောညီနောင်စေတီတော်ကို ရှေးက တရထည်ညီနောင် သို့မဟုတ် သရထည် ညီနောင်ဟုခေါ်ခဲ့ကြသည်။ ရှင်ဥာဏသည်းခံကြီး၏ တောင်ငူရာဇဝင်တွင် မြတ်စောညီနောင် ဘုရားသမိုင်းကိုဤသို့တွေ့ရသည်-
“ထိုတရထည် ဘုရားညီနောင်ကား ဤသို ့တည်း ဘုရားမြတ်စွာဒေသစာရီ လည်တော်မူသောအခါ အာသာဝတီမည်သော ပေါင်းလောင်းမြစ်ကို ကူးတော်မူ၍ အရှေ့အင်တိုင်းသို ့သွားတော်မူ၍ ထိုအင်တိုင်း ဝယ်ရပ်တော်မူခဲ့၏။ တပည့်သား တော် အသီတိ ရှစ်ကျိပ်အဝင် အရှင်သီဝလိနှင့် အရှင်ဂဝံပတိလည်းပါသောဟူ၏။”
“အရှင်ဂဝံပတိလည်း ခြေတော်ရာထားခဲ့၏။ ထိုအရပ်ကို အရာတော်တွင်၏။ အရာတော်ကသည် ဘုရားမြတ်စွာ အနောက်တောင်ထောင့်သို ့ သွားတော်မူချေ၍ ခြေဆေးတော်မူလိုလျှင် ခြောကြားက ရေထွက်စီးလေ၍ ခြေဆေးတော်မူသည်ကို ခြေဆေးချောင်းဟု တွင်၏။ ယင်းကသည် အရှေ့သို့ လာ၍ ကုန်းတွင်ရပ်တော်မူ၍ ပြုံးတော်မူ၏ အရှင်အာနန္ဒာမေးတော်မူသော် ငါသည် အရပ်တွင် ကြက်ဖြူညီနောင်ဖြစ်၍ ညဉ့်အိပ်လှာတည်း။ အာနန္ဒာကား ငါ့ညီကြက်ဖြူဖြစ်သတည်းဟု မိန့်တော်မူ၏။ အရှင် အရှင် အာနန္ဒာမေးတော်မူသော် ငါ့ညီကြက်ဖြူ၊ အာနန္ဒာအလောင်းသည် ချောင်းတော်ရာတွင်နေသတည်း။ ငါလည်း နီးနီးနေလှာသတည်းဟုဟောတော်မူခဲ့သတည်း။ ထိုချောင်းကို ပြုံးချောင်းဟုတွင်၏ နရပတိစည်သူမင်း လှေကြောင်း လှည့်သောအခါ တောင်ငူကချောင်းသို့ရောက်လျှင် ရေကြည်သည်မြနှင့်တရထည် မြင်သည်ဟူ၍ ဆိုသည်ကိုရည်သဖြင့် တရထည်ဟူသတည်း။ ” (ဉာဏသည်းခံကြီး၊ တောင်ငူရာဇဝင်ပေမူ၊ ကီဝမ်း-ကိကျော။) ဟူ၍ဖော်ပြရေးသားထားသည်ကိုတွေ့ရသည်။
မြန်မာအဘိဓာန်တွင် တရထည်ကို-
“တရထည်/ တရထီ/ န-ပေါ-အလားတူ/ ထပ်တူ” (စာ- ၁၄၂)ဟူ၍ ဖွင့်ဆိုထားကြောင်းတွေ့ရသည်။
ထို ့ကြောင့် တရထည်ဘုရားဟူသည်မှာ မြနှင့်အလား သဏ္ဌာန်တူသော သောက်ရေခပ်ချောင်း၏စိမ်းမြမှုကိုစွဲ၍ ပေါ်ပေါက် ပေါ်ပေါက်လာသောအခေါ်အဝေါ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ သရထည် တူသည်မှာ တရထည်နှင့်အသံလှယ်သုံးရမှ ပေါ်ပေါက်လာသောစကားဖြစ်မည်ဟု ယူဆဖွယ်ရှိပါသည်။
ပျံချီကြီးမင်း
တောင်ငူသရထည်ကျောက်စာရေးထိုးခဲ့သော ပျံချီကြီးမင်းအကြောင်းကို ရာဇဝင်များတွင် တွေ့ရသည်-
“သက္ကရာဇ် ခုနှစ်ရာ နှစ်ဆယ့်ကိုးခုသို့တက်မည် တန်ခူးသင်္ကြန်နေ့တွင် သိန်ကပါသေ၍ သားပျံချီကြီး မင်းပြု၏။ ပြံချီကြီးကား သက္ကရာဇ် ခုနှစ်ရာသုံးဆယ်တွင် ပဲကူမှာ ရှိသေးသည် ပြန်မှ တောင်ငူကို မင်းပြုစမူ၏။ ထိုသုံးနှစ်တွင်လည်း ကောင်း အဝရွှေနန်းကိုမင်းကြီးစွာနန်းတက်၏။ ဤ ဤပျံချီကြီးရွေ့ တောင်ငူမင်းဆက်ကား ရှစ်ဆက်ဖြစ်သတည်း” (ရှင်ဉာဏသည်းခံကြီး၊ တောင်ငူရာဇဝင်ပေမူ၊ (ကူ) ဝမ်း။)
ဟုတောင်ငူရာဇဝင်တွင် တွေ့ရသည်။
ဒေါက်တာကျော်ဝင်းတည်းဖြတ်သည့် တွင်းသင်းမဟာရာဇဝင်သစ်၌-
“ထိုနှစ် သားပျံချီကြီး ဝဲကူးကလာ၍ မင်းပြုသည်။ အစောမြတ်စွာနော်ရထာ အမည်ခံ၏” (စာ-၆)
ဟူ ၍ ဖော်ပြထားသည်ကိုတွေ့ရသည်။
ဘကြီးတော်ဘုရားလက်ထက် မှန်နန်းမဟာရာဇဝင်တော်ကြီး ဒုတိယတွဲတွင်-
“သက္ကရာဇ် ၇၂၉ ခု သို့ အတက် တန်ခူးလဆန်း သင်္ကြန်နေ့ သိင်္ဂါပါ အနိစ္စ ရောက်၏။ စည်းစိမ်နှစ်ဆယ့်တစ်တည်း၊ ထိုနှစ် သားပျံချီကြီး ပဲခူးကလာ၍ မင်းပြု သည်။ အစောမြတ်စွာနော်ရထာ အမည်ခံ၏” (စာ-၁၆၃)
ဟူ၍ပင် ရေးသားထားသည်ကိုတွေ့ရသည်။
အစောမြတ်စွာနော်ရထာမင်းသည် သာသနာတော် ၁၉၁၅ နှစ်၊ သက္ကရာဇ် ၇၃၃ ခုတွင် ပုဂံရွှေစည်းခုံဘုရားရှင် အထွတ်အောက် ကြာခံ၊ ကြာပတ်၊ ထီးဖြူ၊ ကျွန်သီးလှူသည်။ ထိုမင်းကား ရတနာသုံးပါးကို ကြည်ညို၏။ အလှူကောင်းမှု၌ မွေ့လျော်၏။ ချောင်းဆုံကျောင်းကိုလည်း ဆောက် သည်။ ခပေါင်းချောင်းနားတွင် တန်ဆောင်းဆောက်၍ ဘုရားရှင်ရပ်တုတော်ကို ကိုးကွယ်ထား၏။
“တောင်ငူတွင် မင်းဖြစ်ပြန်လို၍ ဆုတောင်းသော် မိဖုရားစိုးမင်းလည်း မင်းနှင့်အတူ မင်းအမည်နှင့် ဖြစ်လို၏ဟု ဆုတောင်း၏။ ပျံချီကြီးမင်းပြုသည့်နှစ် မင်းကြီးစွာ အင်းဝရွှေနန်းကို မင်းပြု၏။ ပျံချီကြီးကား မွန်မင်းကို အဆွေဖွဲ့၍ မွန်တို ့မြို့စောင့် လာကုန်၏။ ကောင်းမှုကျောင်းနှစ်ရပ်ကို ကျေးမက်၊ လယ်မြေလှူ၏။ တရထည် ဘုရားနှစ်ဆူကိုလည်း ထပ်၍ တည်သည်။” (စာ-၁၆၃)
ဟူ၍ ပျံချီကြီးမင်းအကြောင်းကို တွေ့ရပါသည်။
ပျံချီကြီးမင်းသည် ပြည်မင်းကလှည့်ဖြားခေါ်ဆောင်၍ ပြည်သို ့သွားရာတွင် ဖမ်း၍လုပ်ကြံခြင်း ခံရသည်။ အေဒီ ၁၃၇၁ မှ ၁၃၇၆ အထိ မင်းစည်းစိမ်ရှစ်နှစ်ဖြစ်သည်။
ပျံချီကြီးခေါ် အစောမြတ်စွာနော်ရထာမင်းသည် တောင်ငူတွင် တစ်ဖန်ပြန်ဝင်စားကြောင်း ရှင်ဥာဏသည်းခံကြီး၏ တောင်ငူရာဇဝင်တွင် ဆိုသည်ကို တွေ့ရသည်။
“တောင်ငူမင်းအစောမြတ်စွာရထာမည်သော ပျံချီကြီးကား တောင်ငူတွင် တစ်ဖန် မင်းဖြစ်ပြန်လိုသော ဟု ဆုတောင်းသည်။ မိဖုရားစိုးမင်းလည်း မင်းကြီးနှင့်အတူ စိုးမင်းအမည်ရလျက် ဖြစ်ပြန်လိုသော ဆုပန်ခဲ့ တိုင်း အသင်္ခယာကား မင်းကြီးညို မိဖုရားစိုးမင်းပင် တစ်ဖန်ဖြစ်ပြန်ကြလှာသည်ဟု အိပ်မက်ပြလှာသော ဟူ၏” (စာ-၁၆)
တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာလေ့လာချက်
တောင်ငူသရထည်ညီနောင်ဘုရားကျောက်စာကို ကြောင်းရေ ၁၆ ကြောင်း ရေးထိုးထား သည်ကိုတွေ့ရသည်။
အကြောင်းအရာ
( ကျောက်စာပါအကြောင်းအရာမှာ သက္ကရာဇ် ၇၃၃ ခု တန်ခူးလဆန်း ၇ ရက်၊ ကြာသပတေးနေ့၁၁ မတ် ၁၃၇၂) တွင် ခရိုင်ခပေါင်း ပေါင်းလောင် ပေါင်းလောင်းတရိုး ာင်းတရိုး အစိုးရသော တောင်ငူသခင် အစောမြတ်စွာ နော်ရထာမင်းမောင်နှံသူနှစ်ယောက်သည် မိမိတောင်းသော ဘုရားဆုကို လိုချင်စွာသောကြောင့်တောင်ငူမည်သော ပြည်၏အရှေ့တစ်နေ့ သွားလောက်သော အရပ်၌ သရထည်မြစ်ကမ်း၌ သီရိဓမ္မာ သောကမင်းကြီးတည်ခဲ့သော သရထည်ဘုရား ၂ ဆူကို သဒ္ဓါကြည်ညိုသောကြောင့် အချင်းအတောင်၄ဝ ထပ်၍တည်ထား၏။ ထိုကောင်းမှုကို ပြုချင်သောကြောင့် ရွှေအုတ်ပြု၏။ ထိုအထက်၌ အုတ်ပြု၏။ ထိုပကား ရွှေမှုန်လည်းဖြစ်၏။ ငွေမှုန်လည်းဖြစ်၏။ ထိုအပကား ရွှေအုပ်ငွေအုပ်နှင့်ပန်းနှင့် မွမ်းမံ၍ ဘုရားဉာဏ်တော်ကို ထပ်မြှင့်၍မပြီးမချင်း သရွတ်ထား၏။ ထိုအပကား ပုလဲသန္တာနီလာဥဿဘုရားမြနှင့် ပတ္တမြားတို့ကို ဖလားနှင့်အပြည့်တစ်ဇလားတည့်လိုက်၏။ ထို၏အပကား ရွှေပေါက်ပန်းလည်း ပူဇော်လိုက်၏။ ငွေပေါက်ပန်းလည်းပူဇော်လိုက်၏။ ထို၏အပကား ပတ္တမြားမျက်မွန်ကို မင်းကြီးဝတ်သော အိမ်ထက်မြော် မွန်နှင့်ပြုသည်။
စသည်ဖြင့် ရေးထိုးထားသည်။
အရေးအသား
မြန်မာတို့သည် ပုဂံခေတ်ကပင်အလှူမှတ်တမ်းတင်ကျောက်စာများ ရေးထိုးလေ့ရှိခဲ့ကြသည်။ ကျောက်စာရေးထိုးရာတွင်-
(က) အလှူပြုချိန်
(ခ) အလှူပြုသူ
ဂ) အလှူပစ္စည်း
(ဃ) ဆုတောင်းအမျှဝေနှင့်
(င) ကျိန်စာ ဟူ၍ အင်္ဂါငါးရပ်ပါရှိတတ်သည်။ တောင်ငူသရထည်ဘုရားညီနောင် ကျောက်စာ ဇေယျတု” ဟူသောစကားဖြင့် အစချီထားသည်။ အောင်မြင်ပါစေဟု ဆန္ဒပြုလျက် ကျောက်စာကိုစတင်ရေးထိုးထားကြောင်း တွေ့ရသည်။ မန္တလေး မဟာမုနိ တံတိုင်းအတွင်းရှိ ကျောက်စာများ၊ စာအုပ်တွင်-
“သက္ကရာဇ် ၇၃၃ ခု။ မာဃဝံသဝစ္ဆရ တန်ခူးလဆန်း ၇ ရက် ၅ နေ့အား”(စာ-၂၃၀)
ဟူ၍ ကျောက်စာတွင် အလှူပြုသည့်ခုနှစ်သက္ကရာဇ်ကို အတိအကျ မှတ်တမ်းတင်ထားသည်။ ခရစ်နှစ် ဖြင့်ဆိုရသော် ၁၁ မတ် ၁၃၇၂ ဖြစ်ကြောင်းသိရသည်။ သက္ကရာဇ် ၇၃၃ ခုနှစ်သည် မာဃနှစ် ဖြစ်ကြောင်းဖော်ပြထားသည်။
ကျောက်စာတွင် အလှူရှင်အမည်ကို ရေးထိုးရာ၌-
“တရိမ်ခံပေါင်လောင်တလျှိုး အစိုးရသော တောင်ငူသခင်အစစ်(စဝ်) မြတ်စွာ အနော်ရထာ မောင်နှံသူ ၂ ယောကား။” (စာ-၂၃ဝ)
ဟူ၍ အလှူရှင်မင်းဇနီးမောင်နှံအမည်ကိုတွေ့ရသည်။
တရိမ်ခံပေါင်လောင်တလျှိုး၊ အစိုးရသော တောင်ငူသခင်ဟူသော ဝိဂြိုဟ်ပြုထားတည်။ အလှူရှင် အမည်ကို မိမိတို့ပိုင်စိုးအုပ်ချုပ်ရာ ဒေသနှင့်တွဲဖက်လျက် အထူးပြုဖော်ပြထားသည်ကိုတွေ့ရသည်။
ခရိုင်ချောင်း ခပေါင်းချောင်းနှင့်ပေါင်းလောင်းမြစ်ဝှမ်းတစ်ရိုးကို စိုးမိုးအုပ်ချုပ်ရသော တောင်ငူပြည်၏သခင်ဟု ဆိုလိုရင်းကို ပေါ်လွင်စေသော အရေးအသားဖြင့်ရေးသားထားသည်။ ထိုအရေး အသားကိုပင် ပျံချီကြီးမင်းနောက် ၁၉ ဆက်မြောက် မင်းဖြစ်သော စောလူးသင်္ခယာလက်ထက် အင်းဝ မိုးညှင်းမင်းတရားကို ခြားနားကြောင်းစာစေရာ၌
“ခရိုင်ခပေါင်း ပေါင်းလောင်းတရိုး အစိုးရသည် စောလူးမြတ်စွာ အသင်္ခယာမိန့်မှာလိုက်သော ငညီမင်းတရား” (စာ-၂၃ဝ)
ဟုရေးသည်ကို တွင်းသင်းရာဇဝင်တွင် ဝင်းရာဇဝင်တွင် တွေ့ရသည်။ တောင်ငူမင်းတို ့၏နယ်ပယ်ပိုင်နက်ကို အထူးပြုဖော်ပြလေ့ရှိသော အစဉ်အလာဟုဆိုနိုင်ပါသည်။
ထို့ကြောင့် အလှူရှင် ပျံချီကြီးမင်းသည် မိမိအမည်ရှေ့တွင် ခရိုင်ခပေါင်းလောင်းပေါင်းတရိုးအစိုးရသော တောင်ငူသခင်ဟု ပိုင်စားရသောနယ်ပယ်ကို အထူးပြု၍ နာမဝိသေသနပုဒ်အဖြစ်ထည့်သွင်း ဖော်ပြထားကြောင်း၊ မင်း၏ဘွဲ့မှာ အစောမြတ်စွာနော်ရထာအမည်ခံကြောင်း တွေ့ရသည်။
သရထည်ညီနောင်ကြောင်းရေ ၃ တွင် အလှူပြုရသော ရည်ရွယ်ချက်ကို ထည့်သွင်းရေးထိုးထားသည်ကိုတွေ့ရသည်။
“မိမိတောင်းသဘုရားဆုကို လိုချင်စွာသေစ်ကြောင့်” (စာ-၂၃၀)
ဟူ၍ ရေးထိုးရာတွင် လိုချင်ဟူသော ကြိယာပုဒ်၌ ကြိယာဝိသေသနပုဒ်ပြောင်းပစ္စည်း ‘စွာ’ ကိုထည့်သွင်းထားသောကြောင့် ဘုရားဆုကို အလွန်လိုချင်တောင့်သော အလှူရှင်၏ဆန္ဒကို ပိုမိုပေါ်လွင်စေသည်။
ကျောက်စာကြောင်းရေ ၄ မှ ၆ တွင် သရထည်ညီနောင်ဘုရား၏တည်နေရာ မြေမျက်နှာ ပြင်အနေအထား သဘာဝပတ်ဝန်းကျင်နှင့် ဘုရားကိုမူလတည်ခဲ့သော ဒါယကာတို့၏အမည်ကိုပြည့်စုံအောင် ဖော်ပြရေးသားထားသည်။
ဘုရားတည်နေရာ – ေင်္တာငူ တောင်ငူမြည်သော ပြည်၏အရှေ့
ခရီးအကွာအဝေး – တနိယ့်သွားလောက်သော အရပ်နှိုက်
မြေမျက်နှာပြင် – တောင်အဝှမ်းတမူလည်း ဖြစ်ထသော
သဘာဝပတ်ဝန်းကျင်အနေအထား – တဝှန်ရေမျက်ထွက်သော ရေရှင်သွန်းသောလားသို့
သရထည်အမည်ခေါ်ရခြင်းအကြောင်းရင်း – ထင်ရှားအမည် သရထည်ဟူ၍လည်း ကြည်စွာ ပြင်လေသာသော မြစ်၏အဝှမ်းကမ်းထက်နှိုက်
ဘုရားကိုတည်သော မူလဒါယကာ – ဓမ္မာသောကမင်းကြီးသည် သရထည်ဘုရား ၂လုံးစုံကို သည်အံ့ဖွယ်ကိုတည်၏
သရထည်ဘုရားညီနောင်၏ မူလဒါယကာမှာ သီရိဓမ္မာသောကမင်းကြီးဖြစ်ကြောင်း ဘုရား သမိုင်းအမှန်ကိုသေချာခိုင်မာစွာတွေ့ရသည်.။
တောင်ငူမင်းနတ်ရှင်နောင်၏ မြတ်စောညီနောင်ဘုရားတိုင် မောင်ဘွဲ့ရတုတွင်-
“ဆယ့်နှစ်ခွေ၊ မြုံလည်ရေ၌ ယဉ်တွေသီတာ၊ တောင်မျက်နှာက၊ အာကာ ကွန်တက်၊ တိမ်သို့ရှက်မျှ၊ ကျောက်စက်ဝှန်ချာ၊ ဆင်ကလာ၍၊ လက်ျာရုံရစ်၊နီလာမြစ်သို့၊ ရှင်ရှစ်ဘုန်း၀ှန့်၊ ပြုံးရိပ်ညွန့်ကြောင့်၊ စင်သန့် ချမ်းကြည်၊ ပြုံးချောင်း မည်သား၊ မြရည်ရှက်သန်း၊ သိင်္ဂါနန်းထက်၊ သိင်္ဂါနန်း၊ တစ်သန်းလျှံထွေ၊ တည့်မွန်းနေသို့သရေဓမ္မာ၊ စကြာစိုးဆောင်း တည်ခဲ့ထောင်သည်။ ညီနောင်စုံရှင်တော်တကား။ (စာ-၃၂-၃၃)
ဟု ရေးစပ်ထားသည်ကိုတွေ့ရသည်။
သက္ကရာဇ် ၁၂၁၉ တွင်ရေးထိုးသော မြတ်စောညီနောင် နောင်တော်စေတီရှိ အိုးကုန်းသူမြတ် ၏ ခေါင်းလောင်းစာ၌-
“ဇေယျတု။ ။ လောကမုနိန် ဓာရဇိန်ဟု သီရိန်ဝှန်ဖြိုး တခိုခ်ဣဒ္ဓိကျော်ခေါင် ထိသား မြတ်ဘုရားသည် ရှေ့ဖြားမဆွ သံသာရက ဖြည့်ထပါရမီ မရင့်မီဝယ်ကျက်ညီနောင်စစ် ဖြစ်လတ်သောခါ င နေရာဟု ရွှေဗြာဒိတ်စွန်း မိန့်တော်ညွှန်း၍ ဦစွန်သရဖူ ဓာတ်နှစ်ဆူကို ယူဆောင်ပင့်လျာ ဓမ္မာသောက မင်းမြတ်လှနှင့်ကျပ်မသိကြား တည်ပညားသည် ရွှေသားညီနောင် မြတ်ဘုန်းခေါင်ကို (စာ-၁၅၂၅)
ဟု ရေးထိုးထားသည်ကိုတွေ့ရသည်။
ဝါကျ (၂)ကို ကြောင်းရေ (၉) မှ (၁၀)တွင် တွေ့ရသည်။ ဝါကျ (၂) မှ ဝါကျ (၁၀) သည် အလှူပြုပုံအကြောင်းဖြစ်ပြီး ဝါကျတိုများဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ သရထည်ညီနောင်ကျောက်စာမှ ဝါကျ (၁၀)ကြောင်းကို ကြောင်းရေ နံပါတ်နှင့်တကွ အောက်ပါဇယားအတိုင်း တွေ့နိုင်သည်။
ကြောင်းရေ (၁)တွင် ပုဒ်ဆက်သမ္ဗန္ဓများ၊ ဝါကျဆက် သမ္ဗန္ဓများဖြစ်သည့် “ကား” “ကြောင့်” “၌ ” ဟူ၍ “လျှင်” စသည်တို ့ကို အသုံးပြု၍ ရှည်လျားစွာတည်ဆောက်ဖွဲ့စည်းထားသည်။
ဝါကျ (၁)တွင် ကတ္တားပုဒ်ဖြစ်သော အလှူရှင်အမည်ကို ဖော်ပြထားပြီး ကျန်ဝါကျ (၉)ကြောင်း တွင် ကတ္တားမြှုပ်၍ရေးသည်ကိုတွေ့ရသည်။ ဝါကျများကို တိုတောင်းကျစ်လစ်လိုသောကြောင့်ဟု ယူဆရသည်။
ဝါကျ (၁) မှ ဝါကျ (၉) အထိ ဆိုလိုရင်းကိုပေါ်လွင်ထိမိစွာ ရေးထိုးထားသည်ကိုတွေ့ရသည်။
သို့သော် ဝါကျ (၁၀)၌မူ- “ထို၏အပကား ပတ္တမြားမျက်မွန်ကို ငါဝတ်သော အိမ်တက်မြောမွန် နှင့်ပြုသည်” ဟု ရေးထိုးရာ အဓိပ္ပာယ် တိမ်ငုတ်၍ ဆိုလိုရင်းမပေါ်လွင်ပေ။
မင်းကြီးသည် ပတ္တမြားမျက်ရတနာကို ဘုရားတွင်ကုသိုလ်ပါဝင်ကြောင်း ထိုရတနာကို မင်းကြီး ဝတ်ဆင်သော လက်ဝတ်ရတနာနှင့် တစ်စုံတစ်ခုစီရင်၍ လှူကြောင်းမှန်းဆရသည်။
ဤကျောက်စာသည် ဘိုးတော်ဘုရားလက်ထက် ဆင့်ထိုးကျောက်စာသာဖြစ်၍ မူလထိုးကျောက် စာမဟုတ်ပေ။ အချို့ကျောက်စာများကို ဖတ်ရှုမရသဖြင့် ကျောက်စာအဆုံးတွင် “မသိသာပြီး” (စာ- ၂၄၀) ဟု ရေးထိုးသည်ကိုတွေ့ရသည်။
ထို့ကြောင့် တရထည်ညီနောင်ဘုရားကျောက်စာကို ကြောင်းရေ (၁၆)ကြောင်းဖြင့်တွေ့ရှိရသော် လည်း ထိုကြောင်းရေ (၁၆)၌ပင် ပြီးဆုံးသည်လော။ ကြောင်းရေ (၁၆)ထက်ပင် မူလက ပို၍ရေးထိုး ခဲ့ခြင်းရှိ မရှိစဉ်းစားဖွယ်ဖြစ်သည်။
အထူးသဖြင့် “ငါဝတ်သော အိမ်တက် မြောံမွန်နှင်ပြုသည်” ဟူသော စကားရပ်ကို အဓိပ္ပာယ် ဖော်ရန်လိုအပ်နေပေသည်။
ခြုံငုံသုံးသပ်ချက်
ဤစာတမ်းတွင် တောင်ငူသရထည် ဘုရားကျောက်စာကို ပျံချီကြာထောင့်မှလေ့လာတင်ပြခဲ့ပြီး ခဲ့သောကောင်းမှုကုသိုလ်များအကြောင်း မှတ်တမ်းတင်ရေးထိုးထားသည့် ကျောက်စာလည်း ဖြစ်သည်။
တောင်ငူကို သဝန်ညီနောင် စတင်တည်ထောင်ချိန်မှစ၍ နတ်ရှင်နောင်လက်ထက် သက္ကရာဇ် (၉၇၄) ခုနှစ်တွင် တောင်ငူပျက်သည်အထိ နှစ်ပေါင်းများစွာ ကြာအောင် မင်းအဆက်ဆက် အုပ်စိုးခဲ့ ကြသည်။ ထိုမင်းအဆက်ဆက်သည် ကုသိုလ်ကောင်းမှုအမျိုးမျိုးပြုလုပ်တည်ထား ပြုပြင်ခဲ့ကြသော် လည်း ကျောက်စာအထောက်အထားတွေ့ရှိရမှု အလွန်နည်းပါးလှသည်။ တောင်ငူမင်း ပျံချီကြီး၏ သရထည်ညီနောင်ဘုရားကျောက်စာနှင့်ပုဂံရွှေစည်းခုံတွင် ထီးကြာဝတ် ကြာမှောက်ကြာလန်လှူသော အလှူမှတ်တမ်းတင်ကျောက်စာ ၂ ချပ်သာ တောင်ငူမင်းတို့၏ အလှူမှတ်တမ်းအကြောင်းတွေ့ရသော အထောက်အထားဖြစ်ပေသည်။
သရထည်ညီနောင်ကျောက်စာသည် ကြောင်းရေ ၁၆ ကြောင်းဖြင့် ရေးထိုးပြီး အင်းဝခေတ် အစောပိုင်းကာလ မြန်မာစာအရေးအသားကိုလေ့လာနိုင်သည့် ကျောက်စာတစ်ချပ်ဖြစ်သည်။ သို့သော် မူလထိုးကျောက်စာမဟုတ်ဘဲ ဘိုးတော်ဘုရားလက်ထက် တွင်းသင်းတိုက်ဝန်မဟာစည်သူ ကျောက်စာ များစုဆောင်းသောအခါ ပြန်လည်ဆင့်ထိုးသည့်ကျောက်စာတစ်ချပ်ဖြစ်ကြောင်းတွေ့ရသည်။
ကျောက်စာတွင်မူလထိုးအတိုင်း ထိုးမည်ဟုခန့်မှန်းရသော်လည်း ကြောင်းရေအပြည့်အစုံပါမပါ ကို အသေအချာစေ့ငှရန် လိုနေပေသေးသည်။
ကျောက်စာတွင် အလှူပြုချိန်ကို ခုနှစ်၊ လ၊ ရက်နေ့ အတိအကျရေးထိုးထားသည်။ ကျောက်စာ ရေးထိုးသော နှစ်အမည်မှာ မာဃနှစ်ဖြစ်ကြောင်း ထည့်သွင်းရေးထိုးထားသည်။ ကျောက်စာရေးထိုး လှူဒါန်းသောမင်း၏ဘွဲ့နှင့်ပိုင်စားရသောနယ်မြေကို ရှေ့တန်းတင်သည့် နာမဝိသေသန အသုံးကိုတွေ့ ရသည်။ ဤအသုံးသည် နှောင်းတောင်ငူမင်းတို့အထိ တွင်ကျယ်ခဲ့ပြီး နောက်ပိုင်း ရေးသည့် ရာဇဝင် ကျမ်းများတွင်လည်း ထိုအသုံးကို ဆက်လက်သုံးစွဲကြကြောင်းတွေ့ရသည်။
တရထည် သို့မဟုတ် သရထည် သို့မဟုတ် မြတ်စောညီနောင်စေတီတော်နှင့် အစောမြတ်စွာ နော်ရထာမင်း၏တောင်ငူပြည်သည် တစ်နေ့သွားသည့်ခရီးပမာဏရှိကြောင်း ကျောက်စာတွင်ခရီး အကွာအဝေးကိုထည့်သွင်းရေးထိုးခြင်းမှာ စေတီတော်သို့လာရောက်ဖူးမြော်ရသည့် ရဟန်းရှင်လူတို့၏ အားထုတ်မှု ထိုမှတစ်ဆင့် ယင်းတို့၏သဒ္ဓါတရားကြည်ညိုထက်သန်မှုကို အကဲခတ်ရရှိစေသည်။
စေတီတော်ပတ်ဝန်းကျင်၏ သဘာဝအနေအထား သာယာပုံ၊ မြေမျက်နှာသွင်ပြင်နှင့် ကြည်လင် သောက်ရေခပ်ချောင်းခေါ် တရထည်ချောင်း၏ ထူးခြားမှုကိုစွဲ၍ တရထည်ညီနောင်ဟု သော အမည်တွင်ကြောင်း ထည့်သွင်းရေးထိုးထားချက်မှာ ထူးခြားသည်။
ကျောက်စာတွင် ဘုရား၏မူလ ဒါယကာကို သမိုင်းကြောင်းမှန်စွာ ရေးထိုးသောကြောင့် သမိုင်းကို ပိုမိုခိုင်မာတည်တံ့စေခဲ့သည်။ အစောမြတ်စွာနော်ရထာသည် ရတနာသုံးပါး၌ ကြည်ညိုပြီး သရထည်ညီနောင်ဘုရားစေတီနှစ်ဆူကို အမျိုးမျိုးပြုပြင်မွမ်းမံခဲ့ကြောင်း ကျောက်စာတွင် တွေ့ရသည်။
ဝါကျများအနေဖြင့် ဝါကျရှည် (၁)ကြောင်း၊ ဝါကျတို (၉)ကြောင်း စုစုပေါင်း ဝါကျ (၁၀) ကြောင်းဖြင့် ရေးထိုးထားပြီး ကျောက်စာကြောင်းရေ ၁၆ ကြောင်းရှိကြောင်း တွေ့ရသည်။
ဝါကျဆက်သမန္နကို လဲလှယ်သုံးစွဲပြီး ပုဒ်အမျိုးမျိုးကို နေရာတကျ ဆက်စပ်ထားသောကြောင့် အကြောင်းအရာအရလည်း ပြည့်စုံပြီးအရေးအသားလည်း ချောမွေ့ပြေပြစ်သော စကားပြေဖြစ်သည်ကို တွေ့ရသည်။ ကန်သော ဝါကျတိုများကိုမူ ကျစ်လစ်စွာရေးထားသည်ကိုတွေ့ရသည်။
ဝါကျ (၁၀)တွင် စကားရပ်တစ်ခုက အနက်တိမ်ငုပ်သောကြောင့် အဓိပ္ပာယ်မပေါ်လွင်ပေ။ ဆက်လက်သုတေသနပြုစရာပင်ဖြစ်ပါသည်။
အင်းဝနှင့်ခေတ်ပြိုင်လည်းဖြစ် တောင်ငူမင်းတို့တွင် ထူးခြားသောမင်းလည်း ဖြစ်သည့် အစောမြတ်စွာနော်ရထာမင်း၏ ကုသိုလ်မှတ်တမ်းတင်ကျောက်စာသည် တောင်ငူဒေသနှင့်တောင်ငူ၏ စာပေထွန်းကားမှုကို ပိုမိုအကဲခတ်ခွင့်ရစေသည့် ကျောက်စာတစ်ချပ်ပင်ဖြစ်ပါသည်။
နိဂုံး
ဤစာတမ်းသည် သရထည်ညီနောင်ဘုရားကျောက်စာမှ အကြောင်းအရာနှင့် ဝါကျဖွဲ့ဟန်ကို လေ့လာ တင်ပြခဲ့ပြီးဖြစ်ပါသည်။ တရထည်ဟူ၍ တူသည်ဟူသည့်အဓိပ္ပာယ်ရပြီး သောက်ရေခပ်ချောင်းရေမှာ မြကဲ့သို့ စိမ်းမြသောကြောင့် မြနှင့်တူသည့် ချောင်းဟုခေါ်ရာမှ ချောင်းအမည် တရထည် ထိုမှတစ်ဆင့် ဘုရားဘွဲ့တော်ကို တရထည်ညီနောင်ဟုခေါ်ဝေါ်လာကြောင်း တင်ပြခဲ့ပါသည်။
ပျံချီကြီးခေါ် အစောမြတ်စွာနော်ရထာမင်းအကြောင်းကိုလည်း ရာဇဝင်ကျမ်းများနှင့် ညှိနှိုင်း ဖော်ပြခဲ့သည်။ ကျောက်စာပါ အကြောင်းအရာနှင့်ဝါကျဖွဲ့စည်းပုံကိုလည်း တင်ပြခဲ့ပါသည်။ တောင်ငူ တက္ကသိုလ်သုတေသနဂျာနယ် စာမျက်နှာမှတစ်ဆင့် တောင်ငူခေတ်မြန်မာစာပေယဉ်ကျေးမှုကို တွေ့မြင် ခွင့်ရပြီး ဆက်လက်သုတေသနပြုဖွယ်ရာလမ်းစများလည်း ပေါ်ပေါက်စေနိုင်မည့်စာတမ်းတစ်စောင် ဖြစ်မည်ဟု ဆန္ဒပြုယုံကြည်မိပါသည်။
ကျေးဇူးတင်လွှာ
ဤသုတေသနစာတမ်းဖြစ်မြောက်ရေးအတွက် အကြံဉာဏ်ပေးပါသော တောင်ငူတက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမွန်၊ ပါမောက္ခ ၇ ဒေါက်တာသစ်သစ်လွင်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးပါသော မြန်မာစာဌာနမှ ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ တောင်ငူသမိုင်း နှင့်ပတ်သက်၍ အကူအညီများပေးခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆရာကြီး ဒေါက်တာမြသောင်း ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
ကျမ်းကိုးစာရင်း
ဉာဏသည်းခံကြီး၊ ရှင်။ တောင်ငူရာဇဝင်ပေမှု။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်။ ရန်ကုန်။
နတ်ရှင်နောင်ရတုပေါင်းချုပ်၊ (၁၉၆၆)။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။
မဟာရာဇဝင်သစ် (တောင်ငူဆက်)။ ဒေါက်တာကျော်ဝင်းတည်ဖြတ်။ (၂၀၀၇)။ ရန်ကုန်၊ အားမာန်သစ် စာပေ။
မှန်နန်းမဟာရာဇဝင်တော်ကြီး၊ (ဒုတိယတွဲ)။ (၁၉၉၃)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရန်ကုန်။
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိကျောက်စာများ(သတ္တမတွဲ)။ ဒေါ်အုန်းကြည် (မြန်မာသမိုင်းအဖွဲ့ဝင်) တည်းဖြတ်။(၂၀၁၅)။သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရန်ကုန်။
မြန်မာစာအဖွဲ့ဦးစီးဌာန။ (၂၀၀၈)။ မြန်မာအဘိဓာန်၊ ရန်ကုန်။
ဇော်ဇော်အောင်၊ ဦး။ (၂၀၁၉)။ မြတ်စောညီနောင်ဘုရားမှအိုးကုန်းသူမြတ်ခေါင်းလောင်းစာများ လေ့လာချက်။ Proceedings, NIC-HUSOC II: The 2nd National and International Conference on Humanities and Social Sciences 2019.
ကျမ်းကိုးစာရင်း
၁။တောင်ငူရာဇဝင်နှင့် တောင်ငူသမိုင်းဟောင်း(ဦးပွား)
၂။မြတ်စောညီနောင်ဘုရားသမိုင်းနှင့် တောင်ငူရာဇဝင်အကျဉ်းချုပ်(ဆရာ ဦးအောင်ခင်၊ တောင်ငူမြို့)
၃။မဟာရာဇဝင်ကြီး(ဦးကုလား၊ ဒုတိယတွဲ၊ တတိယတွဲ)
၄။မဟာရာဇဝင်သစ်(တောင်ငူဆက်၊ တွင်းသင်းရာဇဝင်)
၅။ မှန်နန်းရာဇဝင်တော်ကြီး(ဒုတိယတွဲ၊ တတိယတွဲ)
၆။ဧချင်းဟောင်းဆယ့်နှစ်စောင်တွဲ(ဦးမေအောင်၊ ၁၂၇၄ ခုနှစ်)
၇။ဧချင်းဟောင်းပေါင်းချုပ်နှင့် ဧချင်းကဗျာ၊ ဂန္ထဝင်ဋီကာ(ထွန်းရီရှေးဟောင်းသုတေသီ)
၈။တောင်ငူရာဇဝင်ပေမှု(တက္ကသိုလ်များဗဟိုစာကြည့်တိုက် – ၁ဝ၇၁၂)
၉။တောင်ငူစစ်တန်း(၁၁၄၆ ခုနှစ်)လက်ရေးမူ
၁၀။မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ(သတ္တမတွဲ) ဒေါ်အုန်းကြည်တည်းဖြတ် – ၂ဝ၁၅
၁၁။နတ်သျှင်နောင်နှင့် ဓါတုကလျာ(ကထိက ဦးစိန်လွင်လေး)
၁၂။ နဝဒေးရတုပေါင်းချုပ်(ဟံသာဝတီ)
၁၃။ တောင်ငူခေတ်(ဒေါက်တာကျော်ဝင်း၊ ဒေါ်ညိုညိုတင် ၂ဝ၂၂)
၁၄။မြတ်စောညီနောင်မင်းလမ်း(မြန်မာ့အလင်းဆောင်းပါး၊ သောင်းကေတု)
၁၅။တောင်ငူရွှေဆံတော်ဘုရားသမိုင်း(ဦးချမ်းမြ)
၁၆။မဟာဂီတပေါင်းချုပ်(မာဏဝ)
၁၇။သက်ကြီးပုဂ္ဂိုလ်များကို မေးမြန်းဆွေးနွေးချက်၊ ကိုယ်တိုင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များ။
ရတု၊ဧချင်းကဗျာမျာတွင် ပါဝင်သော မြတ်စောညီနောင်
နတ်သျှင်နောင်ရေးသောတောင်ငူမြို့ဘွဲ့လေးချိုးတွင်
“ထောင့်တိုင်းစပ်ရှည်
မြစ်ခပေါင်း ပေါင်းလောင်းလက်ျာကွေ့
နန်းမြေစံတည်
ပုပ်ပဲကဝိုက်လည်
မြောက်ဆီက ဆွာဖုံး
ကြက်မင်းနောင်ညီနှင့်
သရထည်မြရည်စို့တယ် လွမ်းဖို့မဆုံး၊
နတ်သျှင်နောင်သည် မြတ်စောညီနောင်ဘုရားတိုင် ၂ပုဒ်ရေးခဲ့သည်။
“တစ်ဆယ်နှစ်ခွေ၊ ပတ်လည်နေသား ၊ယဉ်တွေသီဒါ တောင်မျက်နှာက အာကာကွန့်တတ်၊ တိမ်သို့ယှတ်မျှ၊ ကျောက်စက်ဝှန်ချာ၊ ဆင်ကလာ၍၊ လက်ယာရုံရစ်၊ နီလာမြစ်ကို ရှင်ချစ်ဘုန်းဝှန့်၊ ပြုံးရိပ်ညွန့်ကြောင့်၊ စင်သန့်ချမ်းကြည်၊ ပြုံးချောင်းမည်သား၊ မြရည်ယှက်သန်း၊ သီဒါစွန်းထက်၊ တသန်းလျှံထွေ၊ တည့်မွန်းနေသို့၊ ´ သရေဓမ္မာ၊ စင်္ကြာစိုးဆောင်၊ တည်ခဲ့ထောင်သည်။ ညီနောင်စုံရှင်တော်တကား။”
ဒုတိယရတုတစ်ပုဒ်တွင်
“မင်းသာနေမှတ်၊ အောင်မြေထွတ်၌၊ ပြာသာဒ်ပြောင်ရွှန်း၊ မြို့ဘုံနန်းနှင့်၊ ထောင့်ယွန်းရှေ့ဘက်၊ တောင်မြင့်ထက်ဝယ်၊ ပြိုးပြက်ရိပ်ရိပ်၊ ချိပ်ချိပ်လျပ်လျပ်၊ ထိန်ထိန်လျှပ်လျက်၊ တိမ်ထပ်မဆီး၊ ဝေးလည်းနီးသို့၊ ရေမီးလနှင့်၊ နေနှယ်တင့်သား၊ ရှင်ပင့်အစစ်၊ မိန့်ရစ်ရာထား၊ရှင်တော်စားဟု၊ ခြောက်ပါးရောင်ခြည်၊ မတန့်လည်သား၊ငါးမည်တစ်ထောင်၊ တိုင်ခန့်ဆောင်သည်၊ ညီနောင်စည်းခုံ စုံရှင်ချစ်။”
တောင်ငူစာဆိုတော် မင်းဇေယျရန္တမိတ်ကလည်း“မင်းရဲနရာ” ဧချင်းတွင်
“ဟေဝန်တူလျော၊ ရှေ့ဘက်တောလည်း၊ မယောရော်ရင့်၊ သီးပွင့်ပန်းမန်၊ ခါမချန်တည့်၊ နိဗ္ဗာန်ယူလှမ်း၊ဘုရားငြမ်းကို၊ သင်္ခန်းဥမင် ပြည့်မွမ်းဖြင်မျှ၊ မြင်ထင်မြင်မိ၊ ထွန်းငြိလျှံပတ်၊ တောင်ထွတ်တောင်ဦး၊ ဖြူးရရူးတိ၊ ဆန်ကူးစကြာ၊ဒေသစာဖြင့်၊ ရှေးခါလွန်လေ၊ ကျင်လည်ပေဟု၊ ဉာဏ်ရွှေဖြန့်လျက်၊ ပြုံးခဲ့မြွက်သား၊ မြစက်သီတာ၊ လကျာ်ရစ်လည် တရထည်နှင့် ရောင်ခြည်တသန်း ဆိပ်သာကျွန်းထက်၊ ဦးစွန်းနှစ်ဖော်၊ ညီနောင်ကျော်သည်၊ မြင်တော်တည့် နီးဝေးစုံကမေး။ ဟု သရထည်ညီနောင်၊မြင်ထင်မြင်မိ၊ ဘုရားအကြောင်းများကို ရေးဖွဲ့ခဲ့ပါသည်။
ကုန်းဘောင်ခေတ်တွင် ငယ်တိုးအတွင်းဝန်က “မြောက်အိမ်တော်သံပတ်ပျိုး”တွင်လည်း ထည့်သွင်းရေးဖွဲ့ခဲ့သည်။(လကျာ်သပြေပတ်ပျိုးဟု လူသိများသည်)
( ဘုန်းဘုန်းတန်း၊ ဘုန်းတန်းတေဇော၊ ဖြာဖြာရောင်လင်းပါလို့၊ မင်းမင်းမြတ်၊ ထွတ်ခေါင်ဗွေ)
သာခေါင်ကျူး ဘုန်းတန်းရောင်မြူး ထူးထွေထွေ၊ ညှာကြွေဝါရွှေ၊ သာလေပြည်သာ၊ သာပင်သာမျိုးစည်။
(ရွှေပြည်ကေတုနန်းငယ်က အောင်ပန်းတလူလူ)
(ကေတုငယ်သာခေါင် မြို့ရှေ့တောင် မြတ်စောထွတ်ညီနောင် တန်ခိုးတော်ခြောက်ရောင် အောင်နိဗ္ဗာန်ဆုထူး ကယ်တင်သုံးလူ့မှူး) J
တောင်ငူခေတ်နန်းတွင်းစာဆိုတော် ရဝေရှင်ထွေး၏အန်ခြင်းတပုဒ်တွင်
စောလေ။ ။ အရှေ့ဘက်မှာ၊ ထွန်းတတ်ရောင်ခြည်၊ သရထည်ဟု၊ နှစ်မည်ထွတ်ခေါင်၊ မြတ်ညီနောင်ကို၊ ရည်ဆောင်ပျော်ပါး၊ ရှိခိုးသွားသော်၊ ဖူးရားမွှေးထုံ၊ နဝဂုဏ်တိ၊ မျက်စုံရတနာ၊ မယ့်ဝယ်ပါသည်၊ ရောင်ဝါလှတင့်၊ပန်းကိုးဆင့်ကို၊ဘုန်းရင့်မြတ်လောင်း၊ လိုက်လှာ တောင်း၍၊ရှင်းနှောင်းမြမြ၊ရှင်ထွေးလှသည်၊ဝေငှပေးစရှာ၏လေ။ ဖော်ချင်းတို့လေ၊ဖော်ချင်းတို့။
ကုန်းဘောင်ခေတ်ဘိုးတော်ဘုရားလက်ထက် တောင်ငူစစ်တမ်းတွင်ဤသို့တွေ့ရသည် –
မြတ်စောညီနောင်ဘုရားကိုရှေးမင်းတို့ လှူသည့်ဝတ်မြေ၊တောင်ငူမြို့အရှေ့သုံးတိုင် အကွာတွင် အရှေ့အနောက်တာ၃၅ဝဝ၊ တောင်မြောက်တာ၃၅၀၀။ မြတ်စောညီနောင်ဘုရားဝတ်မြေ လုပ်သားတို့မှာ တကိုယ်လျှင် ငွေရွက်နီတစ်ကျပ်လှူရသည်။
တပေါင်းလတွင် ဘုရားပွဲတော်ကျင်းပသည်။
ကိုယ်စားတော် မြတ်စောညီနောင်ဘုရားမှာမြို့ဝန်၊အခွန်ဝန်၊ စစ်ကဲ၊ နာခံ၊စာရေးကြီး၊မြို့စာရေးတို့က ဆီမီးပူဇော်လှူဒါန်း၍ ပွဲသဘင်အတီးအမှုတ် ကချေသည်အစုံနှင့် ဧည့်ခံရသည်။ အတီးအမှုတ် ကချေသည်တို့ကို ရုံးလိုက်ရှေ့နေတို့က ကျွေးမွေးရပါသည်။ လဆန်း(၁၄)ရက်ညမှ လဆန်း(၁၅) နံနက်တိုင်မှ ပွဲပြီးပါသည်။ အရာရှိတို့နေထိုင်ရန်တဲကို မည်းဖြူသောက်ရေခပ် ရွာသားတို့က ဆောက်လုပ် ရပါသည်။
ဆရာကြီးဦးပွား၏ တောင်ငူသမိုင်းဟောင်းတွင်
“တောင်ငူမြို့အရှေ့တောင် တာ၃ဝဝဝကွာအရပ်တွင် သီရိဓမ္မာသောကမင်းကြီးက ဘုရားရှင်၏ လက်ရုံးတော်ဓာတ်နှင့် အောက်မေးရိုးတော်ဓာတ်ကို ဌာပနာ၍ တည်တော်မူသည်။ နောင်တော်လုံးပတ် သံတောင်(၁ဝဝ)၊အရပ်တော် သံတောင်(၃ဝ)၊ ညီတော်စေတီလုံးပတ်သံတောင်၊ (၁၉ဝ)၊ အရပ်တော် (၅၄)တောင်(၂)မိုက်၊ မေတ္တာကန်ဇောက်(၇)တောင်၊ အကျယ်စတုရန်း(၄၄)တောင်။
ရှေးမင်းအဆက်ဆက်တို့ ဝါကျွတ်လျှင်ထီးနီထီဖြူအလှူတော် ရွှေဘဝါးတော်မြတ်အောက်က ရောက်ပါသည်။
ဘုရားရှင်၏ဝတ်မြေမှာ အရှေ့မြောက်ထောင့်ကိုလားသော် ဧကေလောကုတ္တရာမြေနှင့် ကျောခိုင်း
အရှေ့ကို သဖန်းပင်ဆိပ်ကြီး၊မည်းဖြူမြေနှင့် ကျောခိုင်း
အရှေ့တောင်ကို ကျောက်ပုံပန်းတင်၊ ခေါင်ရမ်းမြေနှင့်ကျောခိုင်း
တောင်ကို သရထည်ပေါင်းလောင်းချောင်းဆုံ၊ခေါင်ရမ်းမြေနှင့်ကျောခိုင်း
အနောက်တောင်ကို ကျေးပင်နှင့်မင်းပေါက်ရွာ
အနောက်ကို ရေလဲညောင်ပင်မအူအောင်ချောင်းနားထိ
အနောက်မြောက်ကိုဆင်မတောင်ကြပ်
မြောက်ကိုပြည်သေချောင်းထိ၊ကမ်းနီမြေနှင့်ကျောခိုင်း
အရှေ့အနောက်တာ(၃၅ဝဝ)၊ တောင်မြောက်တာ(၃၅ဝဝ)ကို နရပတိစည်သူမင်းကြီးလှူခဲ့သည်။
၄င်းနယ်မြေအတွင်းလုပ်ဆောင်သည့် မြေဆီမြေခွန်များကို လုပ်ကိုင်သူတို့မှာ တစ်ကိုယ်လျှင် တစ်ကျပ်ကျစီ ကောက်ခံ၍ လောကုတ္တရာ ဘုန်းတော်ကြီးဘုရားက ဘုရားရှင်ကို ပြင်ဆင်လုပ်ဆောင်ရသည်။
သီတင်းကျွတ်လအခါကိုလည်း ၄င်းမြေက ရသည့်ဝတ္ထုနှင့် ဆီမီးပူဇော်ရသည်။ တပေါင်းလပြည့် နေ့ကိုလည်း ပွဲကင်းကူးတို့ကရသည့်ငွေ၊ ကွမ်းဘိုးတော်ကရသည့်ငွေနှင့် ကိုယ်စားတော်ပွဲလမ်းသဘင် ကျင်းပ၍ လှူဒါန်းပူဇော်ရသည်။
ဆရာကြီးဦးချမ်းမြက တောင်ငူသမိုင်းအကျဉ်းချုပ်တွင်
တောင်ငူမြို့အရှေ့ဘက်တာပေါင်း၃ဝဝဝအကွာတွင် ရှေးအခါ ဂေါတမဘုရားသခင်ကြက်မင်း ညီနောင် ဖြစ်စဉ်အခါက ကျင်လည်ကျက်စားရာ ဌာနဖြစ်သည့် သီရိဓမ္မာသောကမင်းတည်ရင်းမုဌောဘုရား ညီနောင် နှစ်ဆူရှိသည်။ သံသရာဝဲဩဃမှ ထွက်မြောက်လိုခြင်းကို ရည်သန်၍ လမင်းစန္ဒာအသူရိန်၏ ခံတွင်းမှ လွတ်ချိန်တွင် ၈၄၀၀၀သော ဘုရားတို့ကို တစ်ပြိုင်တည်းတည်ရာ ဤမုဌောနှစ်ဆူနှင့် တောင်ငူအနောက်ဘက် တာ(၁၀၀၀၀) အကွာ ကျောက်ဆောက်မုဌော နှစ်ဆူတို့ပါဝင်သည်။ အရှေ့ဘက်အရပ်ရှိ မုဌောညီနောင်နှစ်ဆူသည် သရထည်ချောင်းပေါ်တွင် တည်ရှိသည်ကို အစွဲပြု၍ သရထည်ဘုရားဟု ခေါ်သည်။ ထို့နောက်တွင်မှ မြတ်လှစွာသော ညီနောင်ဘုရား ဖြစ်ခြင်းကြောင့် မြတ်စောညီနောင်ဟု ခေါ်သည်။
Toungoo District Gazetter တွင်လည်း ဘုရားသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားရာ ဆရာပွား၏ တောင်ငူရာဇဝင်အတိုင်းပင် ဖြစ်သည်။
မည်းဖြူသောရေခတ်
(သက္ကရာဇ် ၁၁၄၆ ခု၊ နယုန်လဆန်း(၇)ရက်နေ့၊မည်း)
မည်းဖြူသောရေခတ်သူကြီးငညိုနံ ၃၊ အသက်(၃ဝ) သူကိုမေးသော် ဆိုသည်။ မည်းဖြူသောရေခတ်နယ်မြေကို ကျွန်တော်အစ်ကို ရွှေတောင်ရဲလှ ကြီးစိုးစီရင်သည်။ မရှိသေဆုံးလျှင် ကျွန်တော်ယောက္ခမ ငချမ်းသာအို ကြီးစိုးစီရင်သည်။ ငချမ်းသာအိုး အိုမစွမ်းရှိ၍ လွှဲအပ်လျှင် ကျွန်တော်ကြီး စိုးစီရင်သည်။
မည်းဖြူသောရေခတ်နယ်မြေသည် –
အရှေ့မြောက်ထောင့်ကိုလားသော် – တာ ၃ဝဝ ကွာ ကျွဲဖြူတောင်၊ အခြားတစ်ဘက် သရက်တည် (သရထည်) ချောင်းခြား ကန္နီမြေနှင့်အစပ်၊
အရှေ့ကိုလားသော် – တာ၃၅ဝဝ ကွာ အရိုးတောင်ကြီးအခြားတစ်ဘက် ဇင်းမယ်မြေနှင့်အစပ်၊
အရှေ့တောင်ကိုလားသော် – တာ ၁ဝဝဝဝ ကွာ၊ ပါဝေတောင်ကြီး အခြားတစ်ဘက် ကသောင်းတောင်မြေနှင့်အစပ်။
တောင်ကိုလားသော် – တာ ၅ဝဝဝ ကွာ ဝက်ဖြူတောင်ချေချောင်းဖျား၊ အခြားတစ်ဘက် ကျသောင်းတောင်မြေနှင့်အစပ်။
အနောက်တောင်ကိုလားသော် – တာ၃ဝဝဝ ကွာကျော်အိုးချောင်း၊ ကြေးအင်းအခြားခေါင်ရမ်းမြေ၊ ကျသောင်းတောင်မြေနှင့်အစပ်၊ အနောက်ကိုလားသော် – တာ ၄၀၀၀ ကွာ အိုးလည်ပင်စွပ်၊ ညောင်ပင်ပေါင်းလောင်း၊ အခြားခေါင်းရမ်းမြေနှင့် အစပ်။ အနောက်မြောက်ကိုလားသော် – တာ ၁၅ဝဝ ကွာ ဆင်သေတောင်၊ ပသည်ချောင်းဖြား၊ အခြားကန္နီမြေ၊ မြေစောညီနောင် ဘုရားဝတ်မြေနှင့်အစပ်၊
နယ်(၄)ရပ်၊ (၈)ရပ်သတ်မှတ်သည့်အတွင်း၊ ဘိုးတော်ဝင်ခွန်တော်ကျ အင်းအိုင်ဆည်ချောင်း မြောက်ပိုက်ကွန်လယ်မြေမရှိပါ။ ကရင်စပါးခွန်ထမ်းကရင်တိုမှာ တခန်းလျှင်စပါး(၅)တင်း၊ ကိုင်းလုပ်လူတိုမှာ ဓားတစ်စင်း လျှင်ငွေ ကောက်ခံ၍ တောင်ငူမြိုရုန်းတော်ကျီတော်မှာ ဆက်သွင်းရပါသည်။ သစ်ရင်းခွန်၊ ဝါးရင်းခွန်၊ သစ်စေးထိုး လုပ်သူ တိုမရှိပါ။ အပေါ်ဝန်အကောက်အစားတရားကွမ်းဖိုးကောက်စားစီရင်ရသည်များကိုလည်း ဆိုင်ရာရုန်းတော်မှာ ဆက်သွင်း ရပါသည်။ မည်းဖြူသော ရေခတ်သူကြီးငညို အစစ်ခံချက်နှင့် တင်ဆက်သည့်စာရင်းဘုရား။