တောင်ငူမြို့အဆင့်ဆင့်ပြောင်းလဲလာခြင်း
တောင်ငူမြို့အဆင့်ဆင့် ပြောင်းရွှေ့လာခြင်း
၁။တောင်ငူငယ်
AD-1278 ကောဇာ ၆၄ဝ တွင် သဝန်ကြီးတည်ခဲ့သော တောင်ငူငယ်၊ မူလပထမတောင်ငူ တွင်သောနေရာမှာ အုတ်တွင်းမြို့နယ်၊ သပြေကုန်းရွာအနီးတောင်အငူတွင်တည်ရှိသော အမြန်လမ်း မိုင်တိုင် ၁၄၂/၆ မိုင် အနောက်ဘက် တစ်မိုင်အကွာ အဝေးတွင်တည်ရှိသည်။ နောင်တော်၊ ညီတော်၊ မယ်တော် စေတီများ တည်ရှိသည်။ မြို့ရိုးရာ ကျုံးရာမရှိပါ။
၂။တောင်ငူကြီး
AD-1279 ကောဇာ ၆၄၁ တွင် သဝန်ကြီးမင်း တည် သည်။ ခပေါင်းချောင်း၏ မြောက်ဘက်ကမ်း မင်းဝံတောင်ကုန်း ပေါ်တွင်ရှိသည်။ မြို့ရိုးကွင်းဆက်သုံးခုဆက်လျက် တည်ရှိ သည်။ လူဦးရေများပြားလာ၍ မြို့ကို ချဲ့ထွင်ထားသည်။ ခပေါင်း ချောင်းကမ်းပါးတွင် လေးထောင့်မြို့ကွက်တစ်ခု၊ အလယ်တွင် မြင်းခွာပုံ မြို့ကွက်တစ်ခု နှင့် မြောက်ဘက်ဆုံးတွင် ခြေနင်းကွင်း ပုံသဏ္ဍာန် မြို့ကွက်တစ်ခု ဆက်လျက်တည်ရှိပါသည်။ တောင်ငူကြီးမြို့တွင် သဝန်ကြီးမှစဘင်ကာမင်းကြီးညိုအထိ မင်း ၂၉ ဆက် စိုးစံခဲ့သည်။ ကောဇာ ၆၄၁ မှ ၈၄၇ ခုနှစ်အထိ မြို့သက် ၂ဝ၆ နှစ်ရှိသည်။
၃။မြဝတီမြို့
မင်းကြီးညိုသည် သက္ကရာဇ် ၈၄၇ ခုနှစ်တွင် တောင်ငူကြီး တွင် နန်းတက်သည်။ နန်းတော်နေရာတွင် စည်းခုံ ကြီး ဘုရားကိုတည်သည်။ တောင်ငူကြီးမြောက်ဘက်တာ(၅ဝဝ) အကွာ ပုပ်ပဲချောင်းအနီးတွင် မြဝတီဟုင သမုတ် ကာ ပြောင်းရွှေ့စိုးစံသည်။ ၆ နှစ်တာ ယာယီနန်းစံသည့် အတွက် မြို့ရိုးမရှိပါ။ ကျုံးအရာသာ တွေ့ရသည်။ ကောဇာ ၈၅၃ ခုနှစ်တွင် ဒွါရာဝတီမြို့သစ်ကို ပြောင်း ရွှေ့သည်။ ပုပ်ပဲချောင်း တောင်ဘက်ကမ်း(ယခု) ချောင်းနားစုရွာ အနီးတွင် တည်ရှိ သည်။
၄။ဒွါရာဝတီမြို့
ပေါင်းလောင်းမြစ် နှင့် ခပေါင်းချောင်းဆုံရာ အရပ်တွင်ဒွါရာဝတီမြို့ကို ကောဇာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် မင်းကြီးညို တည်သည်။ လောကုတ္တရာဘုရားခြေရင်းတွင် တည်ရှိသည်။ လောကုတ္တရာစေတီ နှင့် လောကမှန်ကူစေတီတို့မှာ မြတ်စော ညီနောင်ဘုရားသမိုင်းနှင့် ဆက်စပ်နေသည်။ သက္ကရာဇ် ၅၅၃ ခုနှစ်တွင် ပုဂံပြည့်ရှင် နရပတိမင်းကြီးသည် မြတ်စောညီနောင် စေတီ၊ လောကုတ္တရာ နှင့် လောကမှန်ကူစေတီ၊ ရှင်ပင်ကျောက် ဆောက်စေတီ၊ ကမ်းနီမြသိတင်စေတီ တို့ကို ပြုပြင်မွမ်းမံ ခဲ့သည်။ ယခု တောင်ငူမြို့ ရပ်ကွက်(၂ဝ)အမှတ်(၁) အစိုးရ အလယ် တန်းကျောင်း ဝင်းထဲတွင် မင်းကြီးညိုတည်ခဲ့သော နန်းဦးစေတီတစ်ဆူရှိသည်။ ဒွါရာဝတီမြို့တွင် စံနေစဉ် မွန်ဘုရင် ဗညားရံ၏တပ်များ ဝိုင်းဝန်းတိုက်ခိုက်မှုကို အောင်မြင် စွာတွန်း လှန်နိုင်၍ အင်းဝဘုရင် ဒုတိယမင်းခေါင်က အားရ သဖြင့် မဟာသီရိဇေယျသူရ ဘွဲ့နှင့် မင်းမြောက်တန်ဆာ ၅ ပါး ချီးမြှင့်ကာ မင်းပြုစေသည်။ အထက်ဖက်မှရေလွှဲ ၅ခရိုင် နှင့် အောက်ဘက် ကြောင်ပြာကျောက်မော်မြို့များကို သိမ်းယူခဲ့ သည်။ နှစ်ပေါင်း (၂ဝ)ကြာသောအခါ မြို့နှင့်မဆံ့အောင် လူနေ ထူထပ်လာသဖြင့် ပေါင်းလောင်းမြစ်၏အနောက်ဘက်ကမ်းတွင် သဘာဝကြာအင်းကို မြို့တွင်းသို့ထည့်၍ ကေတုမတီမြို့တော်သစ်ကို သက္ကရာဇ် ၈၇၂ ခုနှစ် (AD-1510) တွင်တည်သည်။
၅။ကေတုမတီ
သက္ကရာဇ် ၈၇၂ ခုနှစ်၊ (AD-1510) တွင် ကေတုမတီ မြို့တော်ကို တည်သည်။ (ကေတုမတီအကြောင်းကို သီးခြား တင်ပြပါမည်။) တောင်ငူငယ်မှစကာ တောင်ငူကြီး(ဓညဝတီ)၊ မြဝတီ၊ ဒွါရာဝတီ၊ ကေတုမတီ အထိ ငါးနေရာပြောင်းရွှေ့ခဲ့ပြီး ဘွဲ့အမည်အမျိုးမျိုးမှည့်ခေါ်သော်လည်း မူလအမည်
ဖြစ်သောတောင်ငူ” အမည်ဖြင့်သာ ခေါ်ကြသည်။ ကေတုမတီမြို့တော် တည်ပုံကို နောက်ပိုင်းတွင် အသေးစိတ်ဖော်ပြပါမည်။
ကေတုမတီ ၏ မြို့ရံ တီ ၉ တီ နှင့် ကုန်း ၉ ကုန်း
၁။ ဝေဠုဝတီ (ယခုဆွာဒေသ)
၂။အောင်ချာဝတီ (တောင်ငူကြီးအနီး)
၃။ဓညဝတီ (တောင်ငူကြီး)
၄။မြဝတီ
၅။ ဒွါရာဝတီ (ယခုမြို့ကြီး)
၆။ဖီလာဝတီ (ကြောင်ပြာမြို့)
၇။အာသာဝတီ (မြို့ဆိုး)
၈။သေလာဝတီ (ကျောက်မော်)
၉။ဇေယျဝတီ (ဇေယျဝတီအရှေ့ဘက်မြို့ဟောင်း)
ဇေယျဝတီမြို့မှာဘုရင့်နောင်လက်ထက်မှ တည်သောမြို့ဖြစ်သည်။
ကေတုမတီကို ဝန်းရံထားသော ကုန်း ၉ ကုန်း
၁။ ထီးနီကုန်း
၂။ကျွန်းတောကုန်း
၃။အိုးကုန်း
၄။ရေပို့ကုန်း
၅။ကြက်သျှာကုန်း
၆။သရဖီကုန်း
၇။ ပြသာဒ်ကုန်း
၈။ညောင်ကုန်း
၉။ကံတွင်းကုန်း
မည်းဖြူသောရေခတ်
(သက္ကရာဇ် ၁၁၄၆ ခု၊ နယုန်လဆန်း(၇)ရက်နေ့၊မည်း)
မည်းဖြူသောရေခတ်သူကြီးငညိုနံ ၃၊ အသက်(၃ဝ) သူကိုမေးသော် ဆိုသည်။ မည်းဖြူသောရေခတ်နယ်မြေကို ကျွန်တော်အစ်ကို ရွှေတောင်ရဲလှ ကြီးစိုးစီရင်သည်။ မရှိသေဆုံးလျှင် ကျွန်တော်ယောက္ခမ ငချမ်းသာအို ကြီးစိုးစီရင်သည်။ ငချမ်းသာအိုး အိုမစွမ်းရှိ၍ လွှဲအပ်လျှင် ကျွန်တော်ကြီး စိုးစီရင်သည်။
မည်းဖြူသောရေခတ်နယ်မြေသည် –
အရှေ့မြောက်ထောင့်ကိုလားသော် – တာ ၃ဝဝ ကွာ ကျွဲဖြူတောင်၊ အခြားတစ်ဘက် သရက်တည် (သရထည်) ချောင်းခြား
ကန္နီမြေနှင့်အစပ်။
အရှေ့ကိုလားသော် – တာ၃၅ဝဝ ကွာ အရိုးတောင်ကြီးအခြားတစ်ဘက် ဇင်းမယ်မြေနှင့်အစပ်။
အရှေ့တောင်ကိုလားသော် – တာ ၁ဝဝဝဝ ကွာ၊ ပါဝေတောင်ကြီး အခြားတစ်ဘက် ကသောင်းတောင်မြေနှင့်အစပ်။
တောင်ကိုလားသော် – တာ ၅ဝဝဝ ကွာ ဝက်ဖြူတောင်ချေချောင်းဖျား၊ အခြားတစ်ဘက် ကျသောင်းတောင်မြေနှင့်အစပ်။
အနောက်တောင်ကိုလားသော် – တာ ၃ဝဝဝ ကွာကျော်အိုးချောင်း၊ ကြေးအင်းအခြားခေါင်ရမ်းမြေ၊ ကျသောင်းတောင်မြေနှင့် အစပ်။
အနောက်ကိုလားသော် – တာ ၄ဝဝဝ ကွာ အိုးလည်ပင်စွပ်၊ ညောင်ပင်ပေါင်းလောင်း၊ အခြားခေါင်းရမ်းမြေနှင့် အစပ်။
အနောက်မြောက်ကိုလားသော် – တာ ၁၅ဝဝ ကွာ ဆင်သေတောင်၊ ပသည်ချောင်းဖြား၊ အခြားကန္နီမြေ၊ မြေစောညီနောင် ဘုရားဝတ်မြေနှင့်အစပ်၊ နယ်(၄)ရပ်၊ (၈)ရပ်သတ်မှတ်သည့်အတွင်း၊ ဘိုးတော်ဝင်ခွန်တော်ကျ အင်းအိုင်ဆည်ချောင်း မြောက်ပိုက်ကွန်လယ်မြေမရှိပါ။ ကရင်စပါးခွန်ထမ်းကရင်တို့မှာ တခန်းလျှင်စပါး(၅)တင်း၊ ကိုင်းလုပ်လူတို့မှာ ဓားတစ်စင်း လျှင်ငွေ ကောက်ခံ၍ တောင်ငူမြို့ရုန်းတော်ကျီတော်မှာ ဆက်သွင်းရပါသည်။ သစ်ရင်းခွန်၊ ဝါးရင်းခွန်၊ သစ်ဝေးထိုး လုပ်သူ တို့မရှိပါ။ အပေါ်ဝန်အကောက်အစားတရားကွမ်းဖိုးကောက်စားစီရင်ရသည်များကိုလည်း ဆိုင်ရာရုန်းတော်မှာ ဆက်သွင်း ရပါသည်။ မည်းဖြူသော ရေခတ်သူကြီးငညို အစစ်ခံချက်နှင့် တင်ဆက်သည့်စာရင်းဘုရား။