နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်းတွင် ဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ဩဝါဒ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းပွဲမင်္ဂလာ ကျင်းပခြင်း အစရှိ သည်တို့ကို အစဉ်အလာမပျက် ဆောင်ရွက်ကြပါသည်။
နှစ်စဉ် ဝါဆိုလပြည့်ကျော်ရက်အတွင်းတွင် ဩဝါဒဆရာတော်ကြီးများအား ပင့်လျှောက်၍ ဝါဆို သင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်း အစရှိသည်တို့ကို အစဉ်အလာမပျက် ဆောင်ရွက်ကြပါသည်။
နှစ်စဉ်နှစ်တိုင်း နောင်တော်ကြီးမြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် ဆင်ယင်ကျင်းပနိုင်ခဲ့ပြီး ဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ မဟာပဋ္ဌာန်းကျမ်းမြတ်အား ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာ (၁၀၈)ပါးအား ပင့်လျှောက်၍ လှူဖွယ်ဝတ္ထု ဆက်ကပ်ခြင်း၊ ဧည့်ပရိသတ် များအား စတုဒီသာကျွေးမွေးခြင်း စသည်တို့ကို ဆောင်ရွက်ကြပါသည်။